Saturday, January 9, 2010

သားကောင်များ ခင်ငြိမ်းသစ်

ကျုပ် ဒီနေရာကိုရောက်နေတာ ၅ နှစ်လောက်တောင် ရှိ တော့မယ်။ နေရာတနေရာမှာ အကြာကြီးနေရတော့ အဲဒီ နေရာအကြောင်းကို နောကျေနေတာပေါ့ဗျာ၊ ကျုပ်ရဲ့နေ ရာက ဆေးရုံကြီးတခုရဲ့ရှေ့မှာဆိုတော့ ကျုပ်ရှေ့ကဖြတ် သွားတဲ့လူတွေ အကုန်လုံးက အပူသည်တွေချည်းပဲဗျို့။ ဆေးရုံကိုတော့ ဘယ်သူမှအပျော်မလာဘူးလေ၊ အနည်း ဆုံးကတော့ လူနာလာမေးတဲ့သူတွေ ဖြစ်မှာပေါ့။
ဟော.... ပြောရင်းဆိုရင်းနဲ့ တွန်းလှည်းတစီးလာနေပြီ၊ အဝတ်ဖြူလေးကိုလဲ လှမ်းမြင်ရတယ်။ နောက်ကနေငိုတဲ့ လူတွေလဲပါလာတော့ သွားပြန်ပြီပေါ့ တလောင်း။ ဒီနေရာက ဒီလိုဘဲဗျ၊ ယူတတ်ရင်ကုသိုလ်ရတဲ့ နေရာလေ။

တကယ်ပြောတာ ဘယ်လောက်ပဲ အနိဋ္ဌာရုံတွေများများ၊ ကျုပ်ဒီနေရာကနေ တကယ်မပြောင်းချင်ဘူး၊ ဘာလို့လဲဆိုတော့ ဒီနေရာက ဇာတ်လမ်းအတော်ကို စုံတယ်ဗျို့၊ ကျုပ်သာရုပ်ရှင်ရိုက်တတ်ရင် အကယ်ဒမီဆုက နှစ်တိုင်းကိုရမှာ၊
ဘာလဲ....ခင်ဗျားကမယုံလို့လား၊ ကျုပ်ပြောပြမယ် နားထောင်။

လူ့လောကက ဆန်းကြယ်တယ်ဗျ၊ တခါတလေ စိတ်ကူးထက်ဆန်းတဲ့အရာတွေ ဖြစ်တတ်တယ်။ ခင်ဗျားကြုံဘူးလား၊ သိပ်ဆင်းရဲတဲ့ လူတွေနဲ့လေ၊ သူတို့မှာ ဒုက္ခတွေကတသီတတန်းကြီးပဲ။ တညတော့ဗျာ အသက် ၁ဝ နှစ်လို့ပြောတဲ့ ပိန်ပိန်ညှက်ညှက် ကောင်လေး တယောက်၊ ခေါင်းမှာလည်းသွေးချင်းချင်းနီလို့ ရောက်လာတယ်ဗျာ၊ သူ့ရဲ့အမေဆိုတဲ့ မိန်မကလည်း တန်ဖိုးနည်းပြီး နွမ်းဖတ်ဖတ် ဝတ်စုံကို ဝတ်ထားတယ်။ တန်တော့ ဒါကအရေးတကြီးလူနာပဲဖြစ်မယ်၊ ကြည့်ရတာ accident တခုခုဖြစ်လာပုံဘဲ။ အခြေအနေကလဲ ဟန်မယ့်ပုံ မပေါ်ပါဘူး၊
ခင်ဗျား မဲ့မနေနဲ့၊ ကျုပ်အတည်ပြောတာ၊ ကျုပ်ကဆေးရုံမှာ ၅ နှစ်လောက်နေလာတော့ လူနာတွေရဲ့အခြေအနေကို မှန်းဆတတ်နေပြီ။

ဘာလဲ....ခင်ဗျားက ကံအကြောင်းပြောအုံးမလို့လား၊ ဆေးရုံကိုရောက်တယ်ဆိုကတည်းက ကံဆိုးလို့ဗျ၊ ဒီတော့ အခွင့်ကောင်းရဘို့ တော့လိုတယ်။ အဲ....အခွင့်ကောင်းဆိုတဲ့နေရာမှာ ပိုက်ဆံနဲ့ ပါဝါရှိဖို့တော့လိုတယ်ဗျ၊ ဆေးရုံရဲ့အထာကို ကျုပ်ပြောပြမယ်၊ လူနာ တယောက် ရောက်လာပြီဆိုရင် အရေးပေါ်ဌာနကို အရင်သွားပြရတယ်၊ အရေးပေါ်မှာလိုအပ်တဲ့ ဆေးစစ်ချက်တွေကို လုပ်ပေးတယ်။ ခင်ဗျားလဲသိတဲ့အတိုင်းပဲ အရေးပေါ်ဌာနဆိုတာ အမြဲတမ်းလူပြည့်နေတဲ့ နေရာ၊ ကိုယ့်လူနာကို မြန်မြန်ဆေးစစ်ဘို့အတွက်က ငွေကို လမ်းခင်းတတ်ရတယ်၊ ဒါမှမဟုတ်ရင်တော့ "ဘယ်သူဘယ်ဝါ" လွှတ်လိုက်တာပေါ့၊ သူတို့ကြောက်မယ့်လူရဲ့ နာမည်သုံးနိုင်ရမယ်၊ ဒီ တော့မှ မြန်မြန်ဆေးစစ်ချက်ရပြီး ကိုယ်သွားရမယ့် ward ကိုရောက်မှာ၊ ဒါမှလည်း မြန်မြန်ကုသမှု ခံယူနိုင်မှာပေါ့။ အဲဒီနေရာမှာ လည် လည်ပတ်ပတ် မရှိလို့ကတော့ အရေးပေါ်မှာ စောင့်ပေအုံးတော့ နာရီနဲ့ချီပြီး၊ တချို့များ အရေးပေါ်တင် ကိစ္စပြတ်သွားကြတယ်။ ဒါက လည်းမဆန်းပါဘူး။ နှစ်ပေါင်း ၄၇ နှစ်ရှိပြီဆိုတော့ ခေါက်ရိုးကြိုးနေတဲ့ ကိစ္စ။

(၂)

အရေးပေါ်ကို ကလေးရောက်တဲ့အချိန်ကိုက ည ၈ နာရီလောက် ရှိနေပြီ၊ အမေကလည်း လည်လည်ဝယ်ဝယ်မရှိ၊ သူနဲ့အတူပါလာတဲ့ ကားမောင်းတဲ့ ဒရိုင်ဘာကလဲ နားမလည်ဆိုတော့ အရေးပေါ်မှာကြာ နေတယ်၊ ဦးနှောက်နဲ့အာရုံကြောကိုရောက်တော့ ည ၁ဝ နာရီ ကျော်နေပြီ၊ မယုံတော့မရှိနဲ့၊ ပြောပြရအုံးမယ် သူတို့နေတဲ့ လှိုင်သာ ယာကနေ ရန်ကုန်ဆေးရုံကြီးကို ကားငှားလာတာ ၇ဝဝဝ ကျပ်ပဲကျ ပြီး၊ အရေးပေါ်ကနေ ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်ကုသဆောင် ကိုရောက်ဖို့ ကားခက သုံးသောင်း ၂ ထောင်တောင်ကျတာ၊ ဓါတ် ဆီခက ၃ သောင်းနဲ့ အလုပ်သမားခက ၂ ထောင်ကျပ်တောင်းတာ ကျုပ်သေချာကိုကြားလိုက်တာ၊ ကံကောင်းတာက ကလေးကိုတိုက်မိ တဲ့ ဒရိုင်ဘာလည်းလိုက်လာတော့ သူကပိုက်ဆံထုတ်ပေးလိုက်ပေ လို့ပေါ့၊ နို့မို့ဆိုရင် ဘယ်လိုလုပ်မှာလဲ။

ဦးနှောက်နဲ့ အာရုံကြောကိုလဲရောက်ရော ဆရာဝန်ကြီးတွေမရှိကြတော့ဘူး၊ အိမ်ပြန်ကုန်ကြပြီ၊ ရှိနေတဲ့ လက်ထောက်ဆရာဝန်က ဆေးဝယ်ခိုင်းပြန်ရော၊ သူနဲ့အတူပါတဲ့ ဒရိုင်ဘာလည်း ပိုက်ဆံကုန်သွားပြီ၊ နောက်ကလိုက်လာမယ့် ကားအုံနာကို စောင့်နေရသေး တယ်။ အုံနာကလည်း တခါတည်းလိုက်လာလို့ မရဘူး၊ ကားတိုက်မှုဖြစ်ပြီဆိုတာနဲ့ ယာဉ်ထိန်ရဲကလဲ ဂွင်ဝင်ဖန်တော့ လမ်း ၅ဝ ကို လိုက်သွားပြီး အရင်ရှင်းရသေးတယ်၊ ပြီးမှလိုက်လာရတာ၊ ရောက်တော့မှ ဆေးတွေ ဘာတွေဝယ်၊ လိုအပ်တာတွေကို လုပ်ပေးရ တာပေါ့၊ မဆိုးပါဘူး၊ အုံနာက အတော်လေး လုပ်ပေးရှာတယ်။ သိတယ်မဟုတ်လား ကလေးသေသွားရင် ကွိုင်ကကြီးပြီလေ။

အခြေအနေလေး နဲနဲငြိမ်သွားတော့ သိတယ်မဟုတ်လား၊ ကုတင်နားနီးချင်းတွေကဝိုင်း စပ်စုကြတာပေါ့၊ ဒီတော့လည်း ကလေးအမေ က ပြောပြရတာပေါ့ဗျာ။ ကလေးရဲ့အဖေက နှစ်လုံးထီရောင်းတဲ့အမှုနဲ့ ထောင်ကျနေတယ်တဲ့၊ အခုတော့ ရဲဘက်မှာပေါ့ဗျာ။

(၃)

နှစ်လုံးထီရောင်းတယ်ဆိုလို့ သိပ်အကြီးအကျယ်ကြီးမဟုတ်ဘူး၊ ၅ ကျပ်စားလေးပါ၊ ဘာလဲ ခင်ဗျား မျက်စိလည်သွားလား၊ ဒီလိုဗျ ၅ ကျပ်စားဆိုတာ လက်ခွဲဒိုင်တွေထဲမှာ အနိမ့်ဆုံးအဆင့်၊ သူက ၁ဝဝ ဘိုးရောင်းရရင် ၅ ကျပ်ရမယ်ဆိုတဲ့သဘော။ ဒိုင်ချုပ်တွေကသူတို့ရဲ့ လက်ခွဲဒိုင်တွေကို ၁၂ ကျပ် (သို့) ၁၅ ကျပ်ပေးတယ်၊ နောက် သူ့ဆီကတဆင့် ထပ်သွားရင် ၁ဝ ကျပ်ပေးတယ်။ အဲဒီကနေ နောက် တ ယောက်ကို ရောက်သွားရင် ၇ ကျပ်လောက်ဖြစ်သွားတယ်၊ နောက်ဆုံးအဆင့်က လမ်းထဲမှာလိုက်ရောင်းတဲ့သူဆို ၅ ကျပ်လောက်ပဲ ရ တော့တယ်။ သူတို့တွေကရတာလဲ အနည်းဆုံးဖြစ်ပြီးတော့ အန္တရာယ်လဲကြီးဆုံးလူတွေဘဲ၊ အများအားဖြင့်တော့ နှစ်လုံးဒိုင်တွေကို ဖမ်း တယ်ဆိုတာ ၅ ကျပ်စားတွေကိုပဲ ဖမ်းတာများတယ်။

ကျုပ်နဲ့သိတဲ့ ဆရာတော်ကြီးမိန့်သလိုပေါ့ဗျာ၊ တခါက ဆရာတော်ကြီးရဲ့ကျောင်းမှာ အပင်ကြီးတပင်ရှိတယ်၊ အဲ့ဒီ အပင်ရဲ့အကိုင်းတွေ က အမြဲတမ်းလမ်းကို ပိတ်ပိတ်နေတတ်လို့ ဆရာတော်ကြီးက သူ့ရဲ့ကပ္ပိယကြီးကို ခဏခဏ ခုတ်ခိုင်းတယ်။ ဒီတော့ ကပ္ပိယကြီးက စိတ်သိပ်မရှည်တော့လို့ ဆရာတော်ကိုလျှောက်တယ်၊ "အရှင်ဘုရား အကိုင်းအခက်တွေချည်းပဲ ကပ္ပိရတာ ရှုပ်ပါတယ်ဘုရား၊ ပင်စည် ကို တခါတည်း ကပ္ပိလိုက်ရင် မကောင်းဘူးလား" ဆိုတော့ ဘုန်းကြီးက "ဟကောင်ရ ပင်စည်ကိုတခါတည်း ခုတ်မှတော့ အပင်သေ တော့မပေါ့ကွာ၊ အပင်မသေစေချင်လို့ အကိုင်းတွေချည်းခုတ်ခိုင်းတာပေါ့" တဲ့လေ။

အခုလည်း အဲ့လိုဖြစ်နေတာ တနေ့ကို သိန်းကိုရာနဲ့ချီပြီး အလျော်အစားလုပ်နေတဲ့ ဒိုင်တွေကို မဖမ်းဘဲ၊ လက်ခွဲလေးတွေကို ဖမ်းဖမ်းပြီး ထောင်ချနေတာကိုး၊ ဒီတော့ ကျန်ခဲ့တဲ့ အမေကပဲ သားသမီးကို တာဝန်ယူနေရတာပေါ့၊ ခင်ဗျားလည်းသိတဲ့အတိုင်းပဲ အခုခေတ်က ငွေရှာရခက်တယ်လေ အနေကျပ်၊ အသေကျပ်ခေတ်ကြီးဆိုတော့၊ ကလေးတွေကိုကျောင်းတောင် မထားနိုင်ဘူး၊ ဘုန်းတော်ကြီးပညာ ဒါနကျောင်းမှာပဲ ကလေးတွေက ကျောင်းတက်နေကြရတယ်။
ဒါနဲ့ စကားမစပ်ပြောပြရအုံးမယ်။ ကျုပ်ကမျက်စိကြီး၊ နားကြီးဗျ၊ လောင်းကစားလောကအကြောင်းလဲ ကြားနေရတယ်ဗျို့၊ လောင်းက စားတွေဆိုတာ စုံမှစုံပဲ၊ တချို့မြို့နယ်တွေမှာ စက်နဲ့ကစားတဲ့ဆိုင်တွေ ရှိတယ်ဗျ၊ အကြွေစေ့ဆိုင်တွေပေါ့၊ ဒဂုံမြို့နယ်ယောမင်းကြီလမ်း မှာဆိုရင် အဲဒီဆိုင်တွေ အများကြီးပဲဗျ၊ အဲဒီဆိုင်တွေက ရဲနဲ့ပင်းပြီးဖွင့်ထားတာပဲ၊ တခါတလေလည်း ရဲကဝင်ပြီး မုန့်ဖိုးတောင်းသွား တာပဲ၊ အမြတ်ဘယ်လောက်ကြမ်းလဲ မမေးနဲ့၊ အဲဒီဆိုင်တွေရဲ့ မန်နေဂျာတွေတောင် တိုက်ခန်းတွေဝယ်ထားနိုင်တယ်၊ ပိုင်ရှင်သာဆိုရင် စဉ်းစားကြည့်ပေါ့။

နောက်တခုက ဘောလုံးပွဲတွေများ တနှစ်ပတ်လုံးလိုလိုကို ရှိနေတာ၊ ဒိုင်ချုပ်တွေကရောင်းပေးတဲ့လူကို ၁ိ/-၊ ၂ိ/- လောက်ပဲပေးတယ်၊ ဒါပေမဲ့ တပွဲကိုအနည်းဆုံး လောင်းကြေးက ၅ဝဝဝိ၊ - ကျပ်ဆိုတော့ ရောင်းရတဲ့ ငွေပမာဏများတော့ လက်ခွဲတွေလည်းကိုက်တာ့ပဲ၊ လောင်းတဲ့လူတွေကလဲ အနည်းဆုံးတယောက်တယောက်ကို ၂ သောင်း၊ ၃ သောင်းလောက်က စကြတာများပါတယ်။ အဲ.. နိုင်တဲ့လူ တွေဆီကတော့ ၅% ဖြတ်တယ်။ အကောက်ကောက်တာတဲ့။ ဘောပွဲရှိတဲ့နေ့ဆိုရင် ဘောပွဲပြပေးတဲ့ ဆိုင်တွေမှာလူတွေက ကြိတ် ကြိတ်တိုးပဲ၊ ဝါသနာပါလို့မဟုတ်ဘူးဗျို့၊ အနိုင်အရှုံးသိချင်လို့ ..
ဘာ ... ဘယ်သူတွေလောင်းလဲ ဟုတ်စ၊ လူကြီး၊ လူငယ်၊ ကျောင်းသား၊ မိန်မတွေ အစုံပဲဗျို့၊ ကျုပ်ကြားဘူးတာဆိုရင် မိန်မတယောက် လ.ဝ.က မှာအလုပ်လုပ်တယ်၊ လ.ဝ.က ဆိုတော့ ထောတယ်ဗျာ၊ ဒီတော့ ဘောပွဲလောင်းရင် သိန်းချီလောင်းတာ၊ ဘာသိလဲမေးရင် ဘာမှသိလို့မဟုတ်ဘူး ရမ်းသမ်းလောင်းတာ ဘောလုံးကစားနည်း အကြောင်းသိလို့မဟုတ်ဘူး၊ လောင်းကစားရတာ ပျော်လို့တဲ့။

အောင်မာ....ဘောလုံးဂျာနယ်တွေ ဘယ်နှစ်စောင်ပဲထုတ်ထုတ် ရောင်းကုန်သဗျ၊ တခါက ကလေးတယောက် ၇ နှစ်လောက်ပဲရှိဦးမှာ ဘောလုံးအသင်းတွေရဲ့ အပြောင်းအရွှေ့သတင်းကို အလွတ်ရွတ်ပြတာနော်။ အင်း....ခင်ဗျားက မဖြစ်နိုင်ဘူးလို့ ထင်လို့လား၊ ဒါက ခေတ်သစ်ယဉ်ကျေးမှုဗျ ဒီလောက်မှမသိရင် ခင်ဗျားအရမ်းခေတ်နောက်ကျသွားပြီ၊ ကလေးတွေစကားနဲ့ ပြောရရင်တော့ ခင်ဗျား …
သေလို့ ရသွားလိမ့်မယ်။

နောက်တခုက ၂ လုံးဗျာ၊ တရက်ကို ၂ ကြိမ်နဲ့ တပတ်ကို ၅ ရက် ထွက်တော့ တပတ် ၁ဝ ကြိမ်ပေါ့ဗျာ၊ ဘာပြောကောင်းမလဲ လူတွေ ဆိုတာ မွဲပြာကိုကျနေတာပဲ၊ ရှုံးလိုက် ရင်းလိုက်နဲ့ ပျက်တဲ့ဘဝတွေ လဲ မနည်းဘူးဗျို့။ ဘာတဲ့ "ငွေမျော ငွေနဲ့လိုက်" တဲ့ ဘိုးတော် ဆို တာကလဲ နာမည်မျိုးစုံပဲ၊ ဘယ်လောက်တောင်ရူးကြလဲဆိုရင် က လေး တွေ့ရင်တောင် ဘာဂဏန်းကောင်းလဲ မေးကြတာ၊ ကလေး ပြောရင် မှန်တတ်တယ်တဲ့။ ရိုးရိုးသားသား ပိုက်ဆံတောင်းရင် မ ထည့်ချင်ကြဘူး၊ အဲ ... နှစ်လုံးဂဏန်းပြောလို့ကတော့ အလှူငွေ ထည့်ပြီးသားပဲ။ ခင်ဗျား စဉ်းစားကြည့်လေဗျာ အကွက်ပေါင်း ၁ဝဝ ရှိတယ်၊ အဲဒီအထဲက ၁ ကွက်ပဲပေါက်မှာ။ ရာနှုန်းနဲ့တွက်ရင် ၁% ဗျ၊ ဒါလဲ လုပ်ကြတာပဲ။

အခုဆိုရင် တယောက်နဲ့တယောက်နှုတ်ဆက်ရင် "နေကောင်းလား" မဟုတ်တော့ဘူး "ဘယ်လိုလဲ မနေ့ကရလိုက်လား" တဲ့ ဒါမှမဟုတ် "ဒီနေ့ ဘာတလုံးရလဲ"။ အောင်မာ....အရူးလဲမနေရဘူး၊ ပြောချင်တာပြောလဲ နှစ်လုံးဂဏန်းပဲ၊ အိပ်မက်တောင် အတိတ်ကောက်နေ ကြတာ။ လူတွေလဲ စီးပွားရှာရခက်တော့ ငွေလေးရလိုရညားနဲ့ စမ်းရင်းက သူဋ္ဌေးဖြစ်မလားဆိုပြီး စွတ်တိုးနေကြတာပေါ့ဗျာ။

နောက်တမျိုးက ၃ လုံး၊ ထိုင်းထီရဲ့ နောက်ဆုံးသုံးလုံးကို တိုက်တာ၊ သူကတလ ၂ ကြိမ်ထွက်တယ်၊ သူ့မှာအကွက်ပေါင်း ၁ဝဝဝ ရှိပြီး၊ ၁ ကွက်ပဲပေါက်တာဗျာ၊ ဒါလဲအတိတ်ကောက်နေကြတာပဲ၊ အဲ နှစ်လုံးကအဆ ၈ဝ လျှော်ပြီးတော့ သုံးလုံးကြတော့ အဆ ၅ဝဝ လျော် တယ်တဲ့။ ဒါက ထိုးသားဘက်က …

အဲ … ဒိုင်ဘက်ကတော့ အသားချည်းဘဲဗျို့၊ တနေ့တနေ့စာရင်းချုပ်ရင် သိန်းပေါင်းများစွာရသွားတာ၊ အများအားဖြင့် ဒိုင်ချုပ်တွေက န.အ.ဖ နဲ့ ပတ်သက်တယ်။ ဒါမှမဟုတ် န.အ.ဖ လူကြီးတွေရှယ်ယာပါတယ်၊ သုဝဏ္ဏမြို့ထဲက ကိုအောင်ထွန်းဆိုတဲ့ ဒိုင်က ရဲမှူးချုပ်နဲ့ အမျိုးတော်တယ်။ သူလုပ်နေတာကို ဘယ်သူမှလာမဖမ်းဘူး။ သင်္ဃန်းကျွန်းမြို့နယ် ကြံ့ဖွံ့ ခင်ဝေကို လိုင်းဝင်ထားရင် သင်္ဃန်းကျွန်းမြို့ နယ်ထဲမှာ ကြိုက်တဲ့လောင်းကစား လုပ်ခွင့်ရှိတယ်လေ၊ ဒါက အသေအချာ၊ တခြားမြို့နယ်တွေမှာလဲ ဒါမျိုးတွေချည်းပဲ၊ နောက် ငြိမ်းအ ဖွဲ့တွေ၊ သူတို့ကလဲ လောင်းကစားဒိုင်တွေလုပ်တယ်၊ သူတို့ကိုတော့ န.အ.ဖ က နိုင်ငံရေးမလုပ်ရင်ပြီးရောဆိုပြီး ဖွင့်ပေးထားတယ်၊ သူ တို့ကိုဖမ်းရင်လဲ လူစားထိုးလို့ရတယ်၊ အစားဝင်ပေးတဲ့လူကို ငွေလဲပေးတယ်၊ ထောင်ဝင်စာလဲတာဝန်ယူတယ်၊ ဒိုင်ကြီးတွေဟာ အများ အားဖြင့်တော့ န.အ.ဖ ရဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေပါပဲ၊ သူတို့ရဲ့ဝင်ငွေတွေကလဲ ကြောက်ခမန်းလိလိပါ။ တချို့ဒိုင်ကြီးတွေ က အဖမ်းပြတဲ့အနေနဲ့ သူတို့ရဲ့လက်အောက်က ၅ ကျပ်စားတွေကို ထိုးကြွေးလိုက်တာမျိုးတောင်ရှိသေးတယ်၊ မဖြစ်မနေအဖမ်းပြရ မယ်ဆိုရင်တောင် ထောင်ထဲမှာ ဇိမ်သွားခံနေတာ၊ ပြီးရင် လူယုံတွေမွေးလာလိုက်သေးတယ်။

အင်း....စကားစတောင်ပြတ်သွားပြီ၊ ဆက်ပြောအုန်းမယ်။ ကလေးကလိမ္မာရှာတယ်ဗျာ။ သူ့အမေအပေါ်မှာ သိတတ်ရှာတယ်၊ မနက်ဆို ရင်တဘက်တလမ်းက ဝင်ငွေရအောင် စပယ်ပန်းတွေ ရောင်းပေးရှာသေးတယ်၊ ပြန်လာရင် ညီမလေးကိုခေါ်ပြီး ဘုန်းကြီးကျောင်းမှာ ကျောင်းသွားတက်လိုက်သေးတယ်။

ကထိန်ရာသီရောက်ပြီဆိုရင်တော့ ခင်ဗျားလည်း သိတဲ့အတိုင်းဘဲ အလှူခံမဏ္ဍပ်တွေ အလျှိုလျှိုပေါ်လာတယ်။ ဟိုတုန်းကတော့ အလှူခံမဏ္ဍပ်တွေကို ရပ်ကွက်ကလူတွေက လုပ်အားဒါနပြုတယ်။ အခုတော့ အလှူခံမဏ္ဍပ်တွေကို ကြံ့ဖွံ့တွေကအုပ်စီးထားတော့ လူ တိုင်း မဏ္ဍပ်ထဲမဝင်နိုင်အောင် သူတို့က ရပ်ကွက်ထဲက ကလေးတွေကိုခေါ်ပြီး ရာခိုင်နှုန်းနဲ့ လုပ်အားခပေးပြီး အလှူခံခိုင်းတယ်။



နားရှုပ်သွားပြီလား၊ ဒီလိုဗျာ....အလှူခံတဲ့ မောင်းထောင်ချိုင့်တွေထဲမှာ ၁ဝဝဝ ကျပ်ရတဲ့ကလေးကို လုပ်အားခ ၁ဝဝ ကျပ်ပေးတယ်။ အဲ့...လူကြားကောင်းအောင်တော့ အလုပ်လက်မဲ့တွေကို ဝင်ငွေရအောင်ဖန်တီးပေးတာတဲ့။ ဒီတော့ သူ့ထက်ငါ ပိုက်ဆံပိုရအောင် က လေးတွေက အတင်းအလှူခံ၊ ပိုက်ဆံတွေ အတင်းလုကောက်၊ ရန်တွေဘာတွေဖြစ်ကြနဲ့ မျက်စိနောက်စရာကြီးကို ဖြစ်နေတာပဲ။ ပိုပြီးဆိုးတာက ကားတွေဘာတွေလာနေလဲ ဂရုမစိုက်ဘူး၊ ကလေးဆိုတော့လဲ အန္တရာယ်ဆိုတာကို ဘယ်နားလည်မှာလဲဗျာ။

ဆက်ပြောမှာပါ....ခင်ဗျာကလဲ လောလိုက်တာ …
အဲဒီ ကလေးက အလှူခံမဏ္ဍပ်မှာ အလုပ်ရတယ်ဗျာ၊ မနှစ်ကလဲ သူ့လုပ်ခငွေ ၂ဝဝဝဝ လောက်ရတယ်၊ မဆိုးဘူးလေ။ ဒီငွေက သူတို့ အတွက် မက်လောက်တယ်။ တလုံးတခဲတည်း ငွေ ၂ဝဝဝဝ ရဘို့ ဘယ်လွယ်ပါ့မလဲ။ ဒီနှစ်တော့ ကလေးက သူ့အဖေကိုထောင်ဝင်စာ သွားတွေ့ချင်နေတယ်။ ဒါ့ကြောင့် ကျားကုတ်ကျားခဲ အတင်းကိုလုယက်ကောက်နေတာပေါ့။

အကုသိုလ်ဆိုတာ တမျိုးတည်းမလာဘူး၊ အဖော်အပေါင်းနဲ့လာတယ်ဆိုတာ ဟုတ်တယ်ထင်တယ်။ ကလေးကံဆိုးတယ်ဗျာ၊ အဲဒီနေ့က ညနေ ၆ နာရီလောက် ညီအကိုမသိတသိ အချိန်ပေါ့။ ကုန်တွေတင်လာတဲ့ ဟိုင်းလပ်ကားက ခပ်မှန်မှန်ပဲ မောင်းလာတယ်။ ဟိုင်းလတ် ကားရဲ့ရှေ့မှာ air con ဘတ်စ် ရှိတယ်၊ ဘတ်စ်ကားပေါ်က မဏ္ဍပ်ရှေ့လည်းရောက်ရော တရာတန် တရွက်ကိုပစ်ချလိုက်တယ်။ တရာ တန်က လေနဲ့လွင့်ပြီး ဟိုင်းလတ်ကားဘက်ကို ရောက်သွားတယ် အဲဒီပိုက်ဆံကို ကလေး၂ ယောက်က လုကောက်တယ်။ အာရုံက ပိုက်ဆံဆီမှာပဲရှိတော့ နောက်မှာကားပါတာကို မမြင်တော့ဘူး၊ ကလေးက လေးဘက်ထောက်ပြီး အတင်းကုန်းကောက်တယ်၊ ကားနဲ့ အရမ်းနီးမှ လေးဘက်ထောက်ပြီး ကုန်းကောက်တာဆိုတော့ ဒရိုင်ဘာခင်မျာ ဘာမှလုပ်လို့မရတော့ဘူး၊ ကားအောက်ကို ဒိုင်ဗင်ထိုး သလိုဖြစ်သွားတယ်။ အရှိန်များရင်တော့လဲ ပွဲချင်းပြီးပေါ့၊ ဒါပေမယ့် အရှိန်မပြင်းတော့ ခေါင်းကိုကြိတ်မိသွားတယ်၊ နောက်စေ့ကွဲသွား တယ်ပေါ့ဗျာ။

ဖြစ်ဖြစ်ချင်းဘဲ ဒရိုင်ဘာက အုံနာကို ဖုန်းဆက်ခေါ်ပြီးတော့ ကားကို အုံနာနဲ့ထား၊ ကလေးကို ကားငှားပြီးဆေးရုံကို ပို့ပေးတယ်။ အုံနာ ကတော့ ယာဉ်ထိန်းရဲနဲ့ စရင်းရှင်းနေရလို့ လမ်း ၅ဝ ရုံးကိုလိုက်သွားပြီးမှ ဆေးရုံကိုလိုက်လာရတာပေါ့။ ဦးနှောက်နဲ့ အာရုံကြော ward ကိုရောက်တော့ ၁ဝ နာရီကျော်ပြီ၊ ဆရာဝန်ကြီးတွေမရှိတော့ဘူး၊ ပြောပြီးပြီလေ ဆေးရုံမှာ အပိုင်လိုတယ်။ ဒီအချိန်မှာ VIP ဆိုရင်တော့ ဖုန်းဆက်ပြီး ဆရာဝန်ကြီးတွေကို ခေါ်ပေးပေမဲ့၊ VIP မဟုတ်တော့ လက်ထောက်တွေနဲ့ပဲ ကုသရတော့တာပေါ့။

မနက် ဆရာဝန်ကြီးတွေရောက်လာတော့ ကလေးအသက်က မျော့မျော့ပဲ ကျန်တော့တယ်၊ ဒီအချိန်ရောက်မှတော့ သိကြားမင်းဆင်း ကုလဲ အလကားပဲလေ၊ အကျိုးမထူးတော့ဘူး။ တိုတိုပြောရရင်တော့ ၉ နာရီခွဲလောက်မှာ ဆုံးသွားတယ်။ လူစိတ်ကဆန်းတယ်ဗျာ၊ ကလေးက ဘယ်လောက်တောင် စိတ်မချဖြစ်နေလည်းမသိဘူး၊ လူကသေသွားပေမဲ့ သူငယ်အိမ်က လှုပ်နေတုန်းမို့လို့ ဓါတ်မီးနဲ့ ၃ ခါတောင်ထိုးကြည့်ရတယ် ပြီးတော့မှ ငြိမ်သွားတာ။

သူအမေကတော့ ငိုတာပေါ့ဗျာ၊ ပြောပြီးငိုတာ၊ အဆောင်ထဲကလူတွေတောင် စိတ်မကောင်းဖြစ်နေကြတယ်။ "သားရယ် အမေမှားတာ ပါတဲ့၊ မင်းအဖေနဲ့ မင်းညီမကို အမေဘယ်လိုပြောရမှာလဲတဲ့၊ မင်းအဖေကို ထောင်ဝင်စာသွားတွေ့မယ်ဆိုတဲ့ အမေ ငါ့သားကို ငွေနဲ့ လဲလိုက်သလို ဖြစ်သွားပြီတဲ့"။

ကားသမားလား ဒုက္ခရောက်တာပေါ့ဗျာ၊ ကလေးအမေက ကျေအေးပေမယ့် ဥပဒေအရ ထောင်ထဲသွားရမယ်တဲ့။ တချို့ကတော့လူကို အသေတိုက်ပြီး ထွက်ပြေးတာတောင်မမိပါဘူးဗျာ။ ကျုပ်ကြားဘူးတာ ဗိုလ်ချုပ်ရဲ့သား ထွဋ်ကျော်ဝင်း ဆိုတဲ့ကောင် ရမ်းရမ်းကားကားနဲ့ ကားတိုက်လိုက်တာ။ ဥပဒေအရကျောသား ရင်သားမခွဲခြားဘူးဆိုပြီး။ ထောင်ထဲက အထူးတိုက်မှာ လာချုပ်သဗျ၊ ဂစ်တာနဲ့ air-con နဲ့ ရေခဲသေတ္တာနဲ့ ဗျ။ ဆေးတက္ကသိုလ်စာမေးပွဲတောင် ဝင်ဖြေသေးတာ၊ ပြီးတော့ တဖက်က ကျေအေးလိုက်လို့ ကိစ္စပြီးသွား သဗျ။

ဟား..ဟား.. ခင်ဗျာကြည့်ရတာ ကျုပ်ကို အတော်မျက်မုန်းကျိုးနေပြီထင်တယ်။ အမြင်မကပ်ပါနဲ့ဗျာ။ ကျုပ်ဘာကြောင့် ဒီလောက်သိရ သလဲဆိုတော့၊ ကျုပ်ကဆေးရုံရှေ့က ဖုန်းဗျ..ဖုန်း။ ဘယ်အကြောင်းအရာမဆို ကျုပ်သိပြီတော့မှ တဘက်ကသိရတာလေ။ အဟုတ် ပြောတာ ကျုပ်နေတဲ့ ဆေးရုံဝင်ထဲမှာ ward ၃ ခုရှိတယ်။ အသည်းရောဂါဆောင်။ ဒီ ward မှာ စည်းစိမ်ပြုတ်ရင်ကိစ္စပြတ်တယ်လေ။ နောက်တခုက သွေးရောဂါ အင်း..... သိန်း ၅ဝ လောက်ကုန်ရင် ရောဂါသက်သာပါတယ်။ နောက်တခုက ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ကုဌာန၊ သိန်း ၃ဝ လောက်ကုန်ရင် ဒီတောင်ကို ကျော်နိုင်ပြီပေါ့ဗျာ။

ဘာလဲ....မယုံဘူးလား။
ဒါလူဖြစ်ရတဲ့ ဒုက္ခလေ၊ တကယ်သိချင်ရင် ကျုပ်နားမှာလာနေ၊ တနေ့တနေ့ လူနာရှင်တွေရဲ့ ညည်းညူသံတွေ ကိုခံစားရမယ်၊
အော် ... စိတ်မခိုင်ဘူးဟုတ်လား။ ဒါအစမို့လို့ပါ၊ နောက်တော့လဲ အတွေ့အကြုံက စကားပြောသွာမှာဘဲ၊ ကြာလာရင် မတုန်လှုပ်တော ဘူးဗျ။



ခင်ငြိမ်းသစ်

No comments:

Post a Comment