Wednesday, January 27, 2010

မြန်မာနိုင်ငံ၏ ပထမဆုံး ဘားကမ့်ပ် ပွဲကျင်းပလျက်ရှိ ............


(ဘားကမ့်ပ်ရန်ကုန် သို့တက်ရောက်လာသူများအား ကြိုဆိုနေသည့် ဘားကမ့်ပ်ရန်ကုန်ဗော်လံတီယာများ)
“ဘားကမ့်ပ်ရန်ကုန်”ဟု အမည်ပေးထားသည့် အသိပညာ အတတ်ပညာ ဖလှယ်သည့်ပွဲကို ဇန်န၀ါရီ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ မြန်မာအင်ဖိုတက် ၀င်းအတွင်း ကျင်းပလျက်ရှိသည်။
Barcamp ဘားကမ့်ပ် ဆိုသည့် အမည်ကို ကမ္ဘာပေါ်တွင် အိုင်တီနည်းပညာ ထွန်းကားရာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှစတင် ခေါ်တွင်ခဲ့ပြီး အဆိုပါ စကားရပ်၏ အဓိပ္ပါယ်မှာ ပုံစံကျသတ်မှတ်ချက်များမထားရှိသည့် အသိပညာဖလှယ်သည့်ပွဲ ဟု နားလည်လွယ်အောင် ရှင်းပြရမည့် ဖြစ်သည်။

(ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ အတွင်းရှိ မြန်မာအင်ဖိုတက်ဝင်းအတွင်း `ဘားကမ့်ပ် ရန်ကုန်´ စတင် ဖွင့်လှစ်သည့်နေ့ မြင်ကွင်း)
ဘားကမ့်ပ်တွင် အိုင်တီနှင့် အခြားနည်းပညာ၊ အတတ်ပညာ အသိပညာ အစရှိသည်တို့ကို ဖလှယ်ကြ ဆွေးနွေးကြသည့် ပွဲဖြစ်သည်။ မြန်မာနိုင်ငံတွင် တကြိမ်မျှ မကျင်းပဘူးသေးပဲ မြန်မာနိုင်ငံမှ အင်တာနက်၊ အိုင်တီနည်းပညာ စိတ်ဝင်စားသူ ၊ ထို နည်းပညာဖြင့် အသက်မွေးသူ လူငယ်များက ဦးစီးဦးဆောင်ပြုကာ အိုင်တီကုမ္ပဏီအတော်များများက စပွန်ဆာပေး ကူညီကြသည့် ပွဲလည်းဖြစ်သည်။
ပထမဆုံးပြုလုပ်သည့် ဘားကမ့်ပ်ရန်ကုန်ပွဲကို ကွန်ပျူတာ၊ အိုင်တီနည်းပညာ စိတ်ဝင်စားသူ၊ ကဗျာစိတ်ဝင်စားသူ၊ ဘလော့ဂ်စိတ်ဝင်စားသူ နှင့်ကွန်ပျူတာနည်းပညာတက္ကသိုလ် ကျောင်းသားများ အစရှိသည့် နယ်ပယ်အသီးသီးမှ လူငယ်လူကြီးအများအပြား တက်ရောက်ခဲ့ကြသည်။ မျှော်လင့်ထားသည့် ပရိသတ်ဦးရေထက် များပြားခဲ့ပြီး ဖွင့်လှစ်သည့် ပထမနေ့တွင် လူ ၁ ထောင်နီးပါး လာရောက်သည်ဟု သိရှိရသည်။

(ဘားကမ့်ပ် ရန်ကုန်သို့ လာရောက်ကြသည့် လူငယ်ပရိတ်သတ်များ)
အဆိုပါပွဲကို စပွန်ဆာပေးသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများထဲတွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များ အသင်း Redlink communication Co.Ltd, Inforythm Maze, KMD, Creative, ABC Edimax, EnGenius, Success Technology, MBS Myanmar Blogger Soceity, Neuro Power by Access Spectrum တို့ဖြစ်ကြသည်။

(ကျင်းပရာ ပရ၀ုဏ်အတွင်း ၀ိုင်ဖိုင်အင်တာနက်ကို အခမဲ့သုံးစွဲခွင့်ပေးထားသဖြင့် အင်တာနက်သုံးစွဲနေသူ တဦး)

ဘားကမ့်ပ်ကျင်းပရာ ပရ၀ုဏ်ထဲတွင် ၀ိုင်ဖိုင်အင်တာနက်ကို မည်သူမဆို သုံးစွဲနိုင်အောင် ပြုလုပ်ထားပေးပြီး ကွန်ပျူတာယူဆောင် မလာသူများအတွက် ဒက်စ်တော့ ကွန်ပျူတာ ၁၀လုံး ၀န်းကျင်စီစဉ်ထားရှိပေးပြီး ပွဲလာရောက်သူများအား ဘားကမ့်ပ် ရန်ကုန်တံဆိပ်ပါ အမှတ်တရ တီရှပ်၊ ရေခွက်နှင့် ဘောပင် တို့ကိုလက်ဆောင် အဖြစ်ပေးခဲ့ သည်ကိုလည်း တွေ့ရသည်။

No comments:

Post a Comment