Thursday, February 11, 2010

ပျော်ဘွယ်ကြီးတွင် တောင်သူများအား စစ်သင်တန်းပေး

ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နှင့် (၇) မိုင်ခန့်အကွာ
ပျော်ဘွယ်ကြီးကျေးရွာတွင် ဒေသခံရွာသားများအား ယခင်
ဒလမြို့စောင့်တပ်ဖြစ်သည့် ခမရ (၅၃၃) က အခြေခံလက်နက်ငယ် သင်တန်းများ
ပေးနေကြောင်း သိရသည်။

ပျော်ဘွယ်ကြီးကျေးရွာအုပ်စုတွင်းရှိ သုံးတင်ကန်၊ ရခိုင်ချောင်၊
ပျော်ဘွယ်ကြီး (တောင်)၊ ပျော်ဘွယ်ကြီး (မြောက်) ကျေးရွာတို့မှ တရွာလျှင်
(၃၀) ဦးနှင့် စုစုပေါင်း သင်တန်းသား (၁၂၀) ဦးတို့ကို လောလောဆယ်
သင်တန်းများပေးနေသည်။


“ဒလမြို့၊ သီရိအနော်ရထာခန်းမမှာ ခြေမြန်တပ်ရင်း ခမရ (၅၃၃)
တပ်ရင်းမှူးကိုယ်တိုင် အမှာစကားပြောပြီး ဖွင့်လှစ်ခဲ့တာ။ အခြေအနေ
လိုအပ်လာရင် နိုင်ငံတော်ကို ကာကွယ်ဖို့ ပြည်သူတွေ အသင့်ရှိနေရမယ်ဆိုပြီး
မိန့်ခွန်းထဲမှာ ထည့်ပြောသေးတယ်။ ဒါပေမယ့် ကျနော်တို့ နားမလည်တာက
မြို့ပေါ်လူတန်းစားတွေထက် ဘာကြောင့် ကျေးလက်နေ တောင်သူတွေကို
စစ်သင်တန်းပေးနေရသလဲ ဆိုတာကိုပဲ” ဟု ရခိုင်ချောင် ကျေးရွာသားတဦးက
ပြောသည်။

သင်တန်းကာလမှာ မတ်လ (၁) ရက်နေ့တွင် (၁) လပြည့်မည်ဖြစ်ပြီး သင်တန်းကို ခမရ
(၅၃၃) မှ သင်တန်းဆရာ စစ်သားများနှင့် အတူ ပျော်ဘွယ်ကြီး ရဲကင်းတာဝန်ကျ
ရဲများက ရိုင်ဖယ်သေနတ် အလက် (၃၀) ခန့်ဖြင့်
သင်ကြားပေးနေခြင်းဖြစ်သည်။

ပျော်ဘွယ်ကြီး (တောင်) ရွာခံတဦးက “ရိုင်ဖယ်သေနတ်တွေ ဖြုတ်၊ တပ်၊
ဆေးပေါ့။ ဒီနေ့အထိတော့ ကျည်ဆန်အစစ်တွေနဲ့ မသင်သေးဘူး။ ကျည်မဲ့ပစ်ခတ်နည်း
သင်တန်းလို့ခေါ်တယ်။ အရင်သင်တန်းတွေလို သစ်သားသေနတ်၊ အုန်းလက်သေနတ်တွေနဲ့
သင်တာမျိုးမဟုတ်ဘူး” ဟု ပြောသည်။

အဆိုပါ ရိုင်ဖယ်သေနတ်များ ပျောက်ဆုံးမည်ကို စိုးရိမ်၍ သင်တန်းအပြီး
ညဘက်တွင် ရွာဦးဘုန်းတော်ကြီးကျောင်း၊ ကျက်သရေဆောင် တိုက်ခန်းတွင်
လက်နက်များကို ထားသိုသိမ်းဆည်းနေရကြောင်းလည်း ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

လွန်ခဲ့သည့် (၂) လခန့်ကလည်း ကွမ်းခြံကုန်း၊ ကော့မှူး၊
တွံတေးမြို့နယ်များအတွင်းမှ တရွာလျှင် (၅) ဦးဖြင့် ဒေသခံပြည်သူ (၁၅၀)
ခန့်အား တွံတေးမြို့ ကျေးရွာတရွာတွင် စစ်သင်တန်းပေးခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့တွင် အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူ၍ ခရိုင် (၄) ခု
ခွဲဝေသတ်မှတ်အုပ်ချုပ်ခဲ့ရာ ရန်ကုန်တောင်ပိုင်းခရိုင် တခုတည်း၌
ယခုကဲ့သို့ စစ်သင်တန်းများ မကြာခဏ ပေးနေသည့်အတွက် ပြည်သူများက
သံသယရှိနေကြသည်။

No comments:

Post a Comment