မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေး မီဒီယာအားမီဒီယာဖြင့် တိုက်ပွဲဝင်အံ့
မနေ့က ပဲခူးမြို့ပေါ်မှာရှိတဲ့ အင်တာနက်ဆိုင် ၂ဝ ကျော်က
ဆိုင်ပိုင်ရှင်တွေကို မြို့နယ်ဥက္ကဋ္ဌက ခေါ်ယူပြီး အင်တာနက် အသုံးပြုသူတွေရဲ့
အဝင်အထွက်မှတ်တမ်း လုပ်ပေးရမယ်လို့ လက်မှတ်ထိုးခိုင်းတဲ့အကြောင်း
အင်တာနက်ဆိုင်ပိုင်ရှင်တဦးက အာအက်ဖ်အေကို ပြောပြပါတယ်။
အင်တာနက်ဆိုင်ပိုင်ရှင်။ ။'ကျနော်တို့ကပေါ့ အကိုရာ။ ဒီမှာ လာသုံးတယ်ပေါ့။
ဥပမာ မောင်ဖြူပေါ့။ နေရပ်လိပ်စာ၊ အမှတ် ဘယ်လောက်ပေါ့။ ဘယ်
နှစ်ရပ်ကွက်ပေါ့။ အဲဒါလုပ်ပေးရမယ်။ နေ့တိုင်းကြီး မတင်ရဘူးပေါ့။
ကျနော်တို့ဆီမှာ စာအုပ်တအုပ်နဲ့ လက်ခံ လုပ်ထားရမယ်။ သူတို့တတွေ
အလိုရှိတဲ့ အချိန်ကျရင် ဝင်ပြီးတော့ ကြည့်မယ်လို့ ပြောတယ်။ ကျနော်တို့
ပဲခူးဆို အားလုံးပေါင်း ဆိုင် ၂ဝ ကျော် ရှိတယ်အကို။ ဆိုင်၂ဝ ကျော်က
ဆိုင်ရှင်တွေ အကုန်လုံး အစည်းအဝေးကို တက်ပြီးတော့ ခံဝန် ထိုးခဲ့ရတာပေါ့။
လက်မှတ်။ သတ်မှတ်တဲ့ စည်းကမ်းကို ကျနော်တို့က လိုက်ပြီးတော့ လုပ်ပေးရမယ်
ဆိုတဲ့အကြောင်းကို သူတို့ပေးတဲ့ ဖောင်ပေါ်မှာ လက်မှတ်ထိုးပေးခဲ့ရတယ်'
အခုလို ဆိုင်ပိုင်ရှင်တွေအနေနဲ့ အင်တာနက် အသုံးပြုသူတွေရဲ့
နေရပ်လိပ်စာနဲ့ အသုံးပြုတဲ့ အချိန်တွေ မှတ်လိုက်ရင် အသုံးပြုသူ
နည်းမသွားနိုင်ဘူးလား၊ အခြေအနေ ဘယ်လိုရှိမလဲလို့ ဆက်မေးကြည့်ရာမှာ-
အင်တာနက်ဆိုင်ပိုင်ရှင်။ ။'သုံးတဲ့သူကတော့ အကိုရာ၊ တော်တော်များများကတော့
လူငယ်တွေ များတာပေါ့။ လူငယ်တွေကတော့ ပြဿနာမရှိဘူးပေါ့။ သူတို့ရဲ့
ကိုယ်ရေးကိုယ်တာ လူငယ်ကိစ္စတွေ၊ အဲဒါမျိုး သုံးတဲ့သူကတော့ သူတို့ရဲ့
နာမည်စာရင်း ဘာညာ ကောက်လည်း သူတို့က ပြဿနာမရှိဘူး။ တကယ်လို့
နိုင်ငံရေးတို့ ဘာတို့ လုပ်တဲ့သူဆိုရင်တော့ သူတို့အတွက်
စဉ်းစားစရာပေါ့နော်။ ဒါမှမဟုတ် ကောက်တဲ့ဆိုင်တွေ သုံးချင်မှ သုံးမှာပေါ့။
မသုံးဘူးဆိုရင် ဆိုင်ဝင်ငွေ ကျမှာပေါ့။ လောလောဆယ်က လူလည်း ပါးတယ်ဗျ။ မီးက
အချိန်ပိုင်းနဲ့ ပေးတဲ့အခါကျတော့ အင်တာနက်ဆိုင် စဖွင့်ကတည်းက မီးစက်ကို
ထောက်လျှောက် မနားတမ်း နိုးထားရတာဆိုတော့ သိပ်ပြီးတော့ တွက်ခြေမကိုက်ဘူး။
ရေရှည်အတွက်တော့ အဆင်မပြေနိုင်ဘူးလို့ ထင်တယ်'
နောက်ထပ် အင်တာနက်ဆိုင်တဆိုင်ကို မေးကြည့်တဲ့အခါမှာတော့ ဆိုင်ရှင်
သွားရောက် လက်မှတ်ထိုးရတာ ဟုတ်မှန်ကြောင်းနဲ့ စီးပွားရေး
ထိခိုက်မှာစိုးတဲ့အတွက် ဘာကြောင့် လက်မှတ်ထိုးရတယ်ဆိုတာ
မပြောနိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။
ပဲခူးမြို့ခံတွေကတော့ ပဲခူးတိုင်းက သတင်းတွေ မီဒီယာမှာ နေ့တိုင်းလိုလို
တက်နေတဲ့အတွက် ထိမ်းချုပ်ဖို့ ကြိုးစားတာ ဖြစ်နိုင်ကြောင်း
ပြောဆိုနေကြပါတယ်။

No comments:
Post a Comment