Saturday, February 13, 2010

မြန်မာ-ဘင်္ဂလားနယ်စပ် ဆင်ဖြူရှာပုံတော် ရွာသားများဒုက္ခရောက်

ဝေးလံခေါင်သီတဲ့ မြန်မာနိုင်ငံအနောက်ဘက်က နေရာတွေမှာ လုပ်အားခ
အပြည့်အ၀မရဘဲ အဓမ္မ ခိုင်းစေခံရတာတွေ ရှိနေပါတယ်။ အခုလောလောဆယ်မှာလည်း
ဆင်ဖြူတော်ရှာဖို့ဆိုပြီး ရွာသား ၁၀၀ ကျော် ကိုယ့်ထမင်းထုတ်နဲ့ကိုယ်
လုပ်ပေးနေရပါတယ်။ လခမရတဲ့အပြင် အရိုက်ခံရတာသာမက သေဆုံးတာတွေတောင်
ရှိတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ အပြည့်စုံကို ဗွီအိုအေ
ဘင်္ဂလားဒေ့ရှ် နယ်စပ်က သတင်းထောက် ဦးအောင်စံမင်းက သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်ခြား
မှတ်တိုင်အမှတ် (၅၀) က (၆၀) အတွင်း မိုင် ၂၀ ကျော်ရှည်တဲ့
တောကြီးမျက်မဲထဲ ဆင်ဖြူတော် ရှာနေကြတာပါ။ အဲဒီနယ်မြေက ရွာသားတွေ
ပေါ်တာဆွဲခံနေကြရတာဖြစ်ပါတယ်။


အဲဒီ ဆင်ဖြူရှာတဲ့အလုပ်ကို ဦးစီးပြီးလုပ်ကိုင်နေသူကတော့
နေပြည်တော်ကလာတဲ့ တိရစ္ဆာန် ဆေးကုဆရာဝန်လည်း ဖြစ်တဲ့၊ ဆင်ဖမ်းရာမှာ
အထူးကျွမ်းကျင်သူ ဦးလှမျိုးရှိန် ဖြစ်တယ်လို့ သိရပါတယ်။ သူနဲ့အတူ
အဖွဲ့ဝင် ၆ ဦးတို့ဟာ ခမရ တပ်ရင်း (၃၅၄) ကို အားဖြည့်ပြီးတော့ နစက အမှတ်
(၂) နယ်မြေ၊ အောင်သပြေစခန်းမှာ စခန်းချနေကြပြီး အဲဒီနယ်မြေက ရွာသား ၁၀၀
ကျော်ကို ရွာတိုင်းက အလှည့်ကျ ပေါ်တာဆွဲပြီးတော့ ဆင်ဖြူတော် ရှာနေတာဟာ
လွန်ခဲ့တဲ့ ဇန်န၀ါရီ လဆန်းကတည်းက ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းမှာ လွန်ခဲ့တဲ့
ဇန်န၀ါရီလ နောက်ဆုံးပတ်က တောနက်ထဲမှာ မြေမြှုပ်မိုင်းကို တက်နင်းမိလို့
မိုင်းကွဲပြီး အမှတ် (၂) နယ်မြေ ဗန္ဓူးလ ရွာက လူတဦးသေဆုံးခဲ့ရကြောင်းနဲ့
နောက်ထပ် သုံးဦးလည်း ဒဏ်ရာရသွားကြောင်း ဒေသခံ တိုက်နက် တဦးက အခုလို
ပြောပြပါတယ်။

"ဇန်န၀ါရီလကုန်ပိုင်းမှာ မြေမြှုပ်မိုင်း တက်နင်းမိလို့ ကျနော်တို့
တိုက်နက်လူမျိုး အောင်လှဝေ သေခဲ့တယ်။ ကျန်တဲ့မိသားစုကိုလည်း ဘာမှ
မထောက်ပံ့ကြဘူး။ ကျနော်တို့လည်း ကြောက်လို့ ထွက်ပြေးနေတာ။" - လို့ သူက
ပြောခဲ့တာပါ။

အဲဒီလိုသေရမှာကို ကြောက်လို့ ရွာသားတွေ တောနက်ထဲကို
မသွားရဲဘူးလို့ပြောရင် ဘယ်လိုခံရကြောင်းကိုလည်း သူက ပြောပြပါတယ်။

"ကြောက်လို့ တောထဲကို မသွားဝံ့ဘူးလို့ ပြောတဲ့သူတွေကို စစ်သားတွေက
ဝါးရင်းတုတ်နဲ့ ရိုက်တယ်။ ခြေထောက်နဲ့ ကန်တယ်။ တောထဲ အတင်းသွားခိုင်းတယ်။
ဆင်ဖြူကိုလည်း မတွေ့ဘူးဗျ။ မမြင်ရဘူး။ အဲဒီဒုက္ခတွေ မခံချင်ကြလို့ တချို့
ထွက်ပြေးနေကြတာ။" - လို့ တိုက်နက် ဘာသာစကားနဲ့ ပြောပြပါတယ်။

အဲဒီလို စစ်သားတွေနဲ့ ရွာသားတွေ တောနင်းပြီး ဆင်ဖြူရှာနေကြတာ လနဲ့ချီပြီး
ကြာနေပြီဖြစ်လို့ ရခိုင်ပြည်နယ်ဘက်က ဆင်အုပ်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို
ဝင်လာပြီးတော့ ကျေးရွာတော်တော်များများက ငှက်ပျောခင်း၊ သရက်ခင်းတွေကို
အများအပြား ဖျက်စီးခံနေရပုံကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နယ်စပ်မှာနေတဲ့
မဒက်မာ တဦးက အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံဘက်က ဆင်တွေ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ကို ၀င်လာပြီး
ရွာသားတွေရဲ့ ဥယာဉ်စိုက်ခင်းတွေကို အများကြီး ဖျက်စီးတယ်။ ရွာပေါင်း
တော်တော်များများကကို ဖျက်စီးတာ။ သိပ်နစ်နာကြတယ်ဗျ။ ကျနော့်
ဦးလေးအရင်းကိုဆိုရင် သေအောင်ထိ နင်းသက်သွားတယ်။ ဒုက္ခတော်တော်များများ
ရောက်နေကြတယ်။" - လို့ ပြောပြသွားတာဖြစ်ပါတယ်။

No comments:

Post a Comment