လာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့၏ပါတီမှ ကိုယ်စားလှယ်များကို မဲပေးကြရန်
ကြံ့ဖွံ့အဖွဲ့က မြစ်ကြီးနားမြို့၌ ပေါ်ပေါ်တင်တင် စည်းရုံးနေကြောင်း
အန်ဒီအေ (ကချင်) မှ တပ်မှူးဟောင်းတဦးက ပြောသည်။
၎င်းက “မြစ်ကြီးနားမြို့ပေါ်မှာ ကြံ့ဖွံ့တွေရယ်၊ ကချင်ဒီမိုကရေစီနဲ့
ဖွံ့ဖြိုးတိုးတက်ရေးပါတီရယ် စည်းရုံးရေး ဆင်းနေကြတယ်။ တစညကတော့ ပထမ
စည်းရုံးရေး ဆင်းနေရာကနေ ခု သူ့အဖွဲ့အစည်းတွင်း အစည်းအဝေးတွေ လုပ်နေတော့
ခဏ နားထားတယ် ကြားတယ်။ ဒီအထဲမှာ ကြံ့ဖွံ့တွေကတော့ ဗြောင်ပဲ
စည်းရုံးရေးလုပ်နေတယ်။ အစ္စလမ်ဘာသာရေးကျောင်းတွေ၊ ခရစ်ယာန်အသင်းတော်တွေ၊
အခြား လူမှုရေးအဖွဲ့အစည်းတွေရဲ့ နေရာတွေအပါအဝင် နေရာတကာမှာ လူစုဝေးစေပြီး
သူတို့ဟာ ကချင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဘာတွေ လုပ်ပေးနေပါတယ်။
နောက်ထပ်လည်း လုပ်ပေးပါဦးမယ်။ ဒါကြောင့် သူတို့အဖွဲ့ကနေ ပေါ်ပေါက်လာမယ့်
နိုင်ငံရေးပါတီကို မဲပေးပါဆိုပြီး ပြောင်ပြောင်ပဲ စည်းရုံးရေးဆင်းနေတယ်”
ဟု ပြောသည်။

၎င်း၏ ပြောပြချက်အရ ကြံ့ဖွံ့အဖွဲ့သည် မြစ်ကြီးနား မြို့ပေါ်သာမက
တနိုင်းအပါအဝင် ဆော့လော်၊ မန်ကျီ မြို့နယ်များကိုလည်း အဖွဲ့လိုက်
စည်းရုံးရေးဆင်းနေကြောင်း သိရသည်။
အခြား အန်ဒီအေ (ကချင်) တပ်မှူးဟောင်းတဦးကလည်း နိုင်ငံရေးပါတီများ
လာရောက်စည်းရုံးရေး ဆင်းနေကြကြောင်း အတည်ပြုပြောကြားသည်။
အန်အယ်လ်ဒီမှလွဲပြီး နိုင်ငံရေးပါတီများ စည်းရုံးရေး ဆင်းနေကြကြောင်း၊
ကချင်ပြည်နယ်က ပြည်သူများမှာမူ စားဝတ်နေရေးကိုပဲ ရုန်းကန်နေရပြီး
ပါတီကိစ္စများကို စိတ်မဝင်စားကြကြောင်း ဝိုင်းမော်မြို့ခံတဦးက ပြောသည်။
မြစ်ကြီးနားမြို့မှ ကချင်နိုင်ငံရေးသမားဟောင်းကြီးတဦးက “ရွေးကောက်ပွဲ
ဥပဒေတွေ ဘာတခုမှ မထုတ်ပြန်သေးဘဲ အန်အယ်လ်ဒီအပါအဝင် ပြည်သူတွေ
ဘာစည်းရုံးခွင့်မှ လုပ်ကိုင်ခွင့် မရသေးဘဲ ကြံ့ဖွံ့လို အစိုးရ
လက်ကိုင်တုတ်အဖွဲ့တွေက ဒီလို ပေါ်ပေါ်တင်တင် စည်းရုံးမဲဆွယ်နိုင်နေတာကို
ကြည့်ခြင်းအားဖြင့် လာမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတတဲ့
ရွေးကောက်ပွဲ ဖြစ်နိုင်မှာမဟုတ်ဘူး” ဟု သုံးသပ်သည်။
No comments:
Post a Comment