Saturday, March 20, 2010

နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသဖြင့် ရဲက ထိန်းသိမ်းခဲ့သည့် တက်ကြွလှုပ်ရှားသူ မြန်မာများအား တရားရုံးက အာမခံဖြင့် ယနေ့ ပြန်လွှတ်ပေးလိုက်သည်။

အမျိုးသမီး ၅ ဦး ပါဝင်သည့် အထိန်းသိမ်းခံ မြန်မာ ၂၆ ဦးကို ဥပဒေနှင့် မညီညွတ်သော လူစုလူဝေးမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ သံရုံးပိုင် ပစ္စည်းများ ဖျက်ဆီးမှု အပါအ၀င် ပြစ်မှု ၄ မှုဖြင့် ရဲက တရားစွဲဆိုပြီးနောက် အာမခံဖြင့် ပြန်လွတ်လာခြင်း ဖြစ်သည်။

နိုင်ငံရေးဖိနှိပ်မှုများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံကာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသည့် ဆန္ဒပြမြန်မာများအတွက် အကျိုးဆောင်ပေးသည့် ရှေ့နေများအနက်မှ ရှေ့နေ အရှေးရှားမား Akshay Sharma က တရားရုံးတွင် လျှောက်လဲချက်ပေးခဲ့သည်။

''ဒီမြန်မာတွေဟာ အိန္ဒိယမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သူတွေဖြစ်တယ်၊ သူတို့ရဲ့ ဆန္ဒပြပွဲတွေဟာ ဥပဒေနဲ့အညီ ဖြစ်တယ်၊ မြန်မာစစ်အစိုးရကို ဆန့်ကျင်သူတွေဖြစ်တယ်လို့ ကျနော်က တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက မမှန်ကန်တဲ့၊ ဒီမိုကရက်တစ် နည်းလမ်းမကျတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်ခဲ့တာကြောင့် သူတို့တွေက ဒေါသထွက်ခဲ့ကြပါတယ်။ ဒီဥပဒေတွေအရ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပါတီဝင်မဖြစ်စေဖို့နဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိရအောင် တားမြစ်ထားပါတယ်'' ဟု မစ္စတာရှားမားက ပြောသည်။


မြို့တော်ဒေလီ တရားရုံးထိုင် တရားသူကြီးက မြန်မာများအား အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပြီး လာမည့် ၂၃ ရက်နေ့တွင် မှတ်ပုံတင်ကဒ်ပြားများ တင်ပြကြရန် တရားရုံးချိန်းရက် ပေးလိုက်သည်။

တက်ကြွလှုပ်ရှားသူ ဆန္ဒပြမြန်မာများအနက် ဦးဆောင်သူတဦးဖြစ်သည့် ကင်မ်က ၎င်းအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ယခုလို ပြန်လွတ်လာသည့်အပေါ် ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်း လွတ်မြောက်လာပြီး မကြာမီတွင် ပြောကြားသည်။

''မြန်မာပြည်မှာ ဒီလောက်အရေးကြီးနေတဲ့ အချိန်မှာ ကျနော်ဟာ ထောင်ထဲမှာ ရှိနေမယ်ဆိုရင် အတော့်ကိုပဲ စိတ်ကသိကအောက် ဖြစ်မိမှာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီလကုန်ပိုင်းမှာ ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တော့မှာဖြစ်တယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေကို ဒီ့ထက်ပိုပြီး လုပ်ရအောင်လို့ ကျနော်ဟာ လွတ်နေသင့်ပါတယ်'' ဟု ကင်မ်က ပြောသည်။

ရဲနှင့် ရှေ့နေများသည် မြန်မာ့ဒီမိုကရေစီအရေးကိစ္စနှင့် ပတ်သက်ပြီး စာနာထောက်ထားမှုရှိကြောင်း သူက ပြောဆိုသည်။

၎င်းတို့သည် ယမန်နေ့ နံနက်ပိုင်းက မြန်မာသံရုံးရှေ့ အုတ်နံရံတွင် အနီရောင် သင်္ဘောဆေးများဖြင့် သုတ်လိမ်းကာ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသဖြင့် ဖမ်းဆီးခံရသည့် ၇၂ ဦးထဲမှ ဖြစ်ပြီး၊ ယမန်နေ့ ညပိုင်းကတည်းက ၄၆ ဦးကို ရဲက ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။

ဆန္ဒပြသူများက ''ဗိုလ်ချုပ်သန်းရွှေ ငရဲပြည်သွား''၊ ''ရွေးကောက်ပွဲများ မလိုအပ်'' ဟု အဓိပ္ပာယ်ရ အင်္ဂလိပ်စာသားများကို အနီရောင် သင်္ဘောဆေးများဖြင့် အုတ်နံရံတွင် ရေးသားခဲ့သလို၊ သံရုံးရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။ ထို့နောက် ရဲများရောက်လာပြီး Chanakya Puri ရဲစခန်းသို့ ခေါင်ဆောင်ထိန်းသိမ်းခံခဲ့ရသည်။

နယူးဒေလီတွင် UNHCR အသိအမှတ်ပြု ဒုက္ခသည်များနှင့် ဒုက္ခသည်အဖြစ် လျှောက်ထားဆဲ မြန်မာနိုင်ငံသား ၅၀၀၀ ခန့် နေထိုင်လျက်ရှိသည်။ ၎င်းတို့သည် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းသည့်အနေဖြင့် မြန်မာစစ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအား မြို့တော်ဒေလီတွင် မကြာခဏ ပြုလုပ်လေ့ရှိသည်။

No comments:

Post a Comment