"နာကျင်တဲ့အခါ မအော်ဘဲ
ပျော်ရွင်တဲ့အခါ ရယ်မေဖို့  နောက်မကျခဲ့ဘူး
သူ့ အတိ ဒုက္ခကို တစ်ဖက်လူက
သိရှိလက်ခံပေမဲ့
သူက သူ့ ဒုက္ခအပေါ်
ကိုယ်ဖော့ဖော့ နေတတ်လွန်းလို့ 
တစ်ဝက်ကူညီစာနာမှုသာ ရရှိခဲ့သူပေါ့။"
(မောင်ချောနွယ် ရဲ့ လူကြိုက်နဲတဲ့ ကောင် ကဗျာမှ..)
ကျွန်တော်သိပ်တန်ဖိုးထားလေးစားရတဲ့
ကဗျာ ဝိဇ္ဖာကြီး ဆရာ မောင်ချောနွယ် ရဲ့ ကလောင်တစ်ချက်ပါ......
လူကြိုက်နည်းတဲ့ကောင်
ဈေးထဲမှာ ကိုယ်ထည်ပြည့်ပြည့် အရသာရှိရှိ
ရေချိုငါးသလောက်ကြီးက ၁၈ ကျပ်တဲ့။
အမည်လည်းဖျင်း အဆီအသားလည်းဖျင်းတဲ့
ငဖျင်းက ၂၈ ကျပ်ဈေးတဲ့။
ဒါနဲ့ ဆိုင်ရှင်ကို မေးကြည့်မိတယ်။
ဘာဖြစ်လို့ များ အရသာလည်းရှိ ကိုယ်ထည်လည်းပြည့်တဲ့
ရေချိုငါးသလောက်က ဈေးနည်းနေရတာလဲလို့ ။
လူကြိုက်နည်းလို့ တဲ့။
ငါးဖျင်းကတော့ လူကြိုက်များလို့ ဈေးကြီးတယ်တဲ့။
ဟုတ်ကဲ့ မောင်ချောနွယ်ဟာ
လူကြိုက်နည်းတဲ့ကောင်။
မိုက်ရိုင်း ထွားကျိုင်းလှချည်ရဲ့
မတ်တတ်စာတောင် မဖူမလုံနဲ့ ကောင်
တုံးလုံးစား ဝေလာဝေးလို့ ခန္ဓာကိုယ်နဲ့  ကောင်လေ။
ဘယ်လိုလဲ ဆိုတော့ကာ
အင်မတန် သန်းများတဲ့ မိန်းမခေါင်းပေါ်
သန်းတွေ တရွရွ တစိစိ ပွတက်နေသလိုမျိုးလေ
ကဗျာတွေက သူ့ ကိုယ်ပေါ်မှာ။
အပေါစား ရက်စတော့ရင့်တွေက
အလကားရတဲ့ ဆာဒါးဟင်းချိုရည်တွေနဲ့ 
သူ့ ဘ၀ကို မတည်ဆောက်လိုဘူးတဲ့။
ဒါပေမဲ့ ခက်ရပုံများ
စားပွဲပေါ်မှာ သည်ဟင်းချိုရည်တစ်ခွက်ပဲ
ပူပူနွေးနွေး ရှိလေတာ။
နွမ်းပါးတဲ့ အောက်ခြေ လူတန်းစားတွေနဲ့
ဒူးတင်ပေါင်တင် တစ်တန်းတည်း နေပေမဲ့
ဘုံဆန်တဲ့ အိမ်သာမျိုးကျ
သင်းက မကြိုက်ပြန်ဘူးတဲ့။
အရက်ဖြူကို ယဉ်ကျေးမှု မြှင့်သောက်တတ်သေး
ဇိမ်ခံရကောင်းမှန်း သိတတ်သေး
အသုံးချ သောက်ရမည်မှန်း သိတတ်သေး
မူးလာရင် ထကဖို့
ဘယ်တော့မှ မမေ့တတ်တဲ့ကောင်လေ
ဘ၀မှာ
သံအမတ်ကလည်း ဖြစ်ခဲ့ချင်သေးသတဲ့။
စကားပြောရာမှာ
အထက်တန်းကျအောင်
တောင်ဝင်အောင် ပြောတတ် ပြောနိုင်ပေမဲ့
သူတစ်ဖက်လူကို အမှန်တကယ် ပြောခဲ့တာနဲ့ 
သူပြန်ပြောပြတဲံအခါ
ပိုပြောတတ်တဲ့  ဉဉ် လည်းရှိုသေး။
ပါးတဲ့နေရာမှာ ခြင်ထောင်ဇာထက် ပါးပေမဲ့
တကယ့်လက်တွေ့ မှာ မကျင့်သုံးဖြစ်လို့ 
ဘူတွေက ထူတယ်လို့ 
အထင်ခံရမြဲ ကောင်လေ။
တစ်ခါတစ်ရံတော့လည်း
ဂျစ်ကားပေါ်မှာ
ပေါင်သားအလှ ပေါ်လွင်အောင်
အချိုးကျကျ ထိင်တတ်တဲ့
အရွယ်ရှိရှိ အရာရှိကတော် တစ်ယောက်ကိုလေ
အဲသည် ကဗျာဆရာဆိုတဲ့ကောင်က
နေထိုင်တတ်သေးတယ်။
သူ့ သွေးကြောထဲမှာ ဂြိုဟ်တွေ
ကဗျာဆိုတဲ့ ပါပါဂြိုဟ်တွေ
စူးဝင်စီးဝင်လို့
မောင်ချောနွယ် ဆိုတဲ့ကောင်ဟာ
ကမ္ဘာပတ် လမ်းကြောင်းထဲမှာ နေတာလို့ 
ကြက်ရင်အုပ်လောက်သာရှိတဲ့ သူ့ ရင်အုံကို
ကော့ကော့ပြတတ်သေး။
သွေးစိမ်း တစ်ပေါက်ပေါက်နဲ့ 
တည်ဆောက်ခဲ့ရတဲ့ သူ့ ဘ၀ခရီး
ဂီယာကုန် လီဗာကုန်မောင်းနှင်ခဲ့
သူ့ ဘ၀ကို သားရေတစ်ပြားစာယူ
ခင်းကျင်းကြည့်လိုက်ရင်
မြို့ တစ်မြို့  တည်နိုင်တယ်
မြစ်တစ်မြစ် စီးဆင်းသွားနိုင်ပေရဲ့ ။
ဒီကောင်က အသည်းက ခပ်ငယ်ငယ်ရယ်လို့ 
သူ့ မွေးသမိခင်က ခဏခဏ
လူကြားထဲ ပြောခံရတဲ့ကောင်ပေါ့
ဘ၀ကို ရင်ခုန်သလို အရင်းအတိုင်းနေခဲ့။
နာကျင်တဲ့အခါာ မအော်ဘဲ
ပျော်ရွင်တဲ့အခါ ရယ်မေဖို့  နောက်မကျခဲ့ဘူး
သူ့ အတိ ဒုက္ခကို တစ်ဖက်လူက
သိရှိလက်ခံပေမဲ့
သူက သူ့ ဒုက္ခအပေါ်
ကိုယ်ဖော့ဖော့ နေတတ်လွန်းလို့ 
တစ်ဝက်ကူညီစာနာမှုသာ ရရှိခဲ့သူပေါ့။
ကုသိုလ်ကံ လိုက်ပုံကလည်း
ပါးစပ်နဲ့  ကူညီပြီး လက်မပါတဲ့မိတ်ဆွေ
ပေါပြည့်လှတဲ့ ကောင်ပေပဲ။
ခုံးထ ကမ္ဘာမြေကြီး
အခိုးအငွေ့ သစ်ကိုင်းနဲ့ 
အဲသည်သစ်ကိုင်းပေါ်က ရောင်ကိုင်းပြည်တည်နာ
မြစ်နဲ့ ကမ္ဘာဦးကို တူးဆွလာတဲ့တက်
အမှန်တရားကတော့ လူတွေလိုပါပဲ
အောင်စ နည်းနည်းရယ်ပါ
သာမန်လူနဲ့  မတူတဲ့ အရာဆိုလို့ 
ဒါတွေပဲ သူ့ မှာ ရှိရဲ့ ။
ကျန်တာတွေကတော့
သာမန်လူတွေ ဆောင်ကြဉ်းနိုင်တဲ့စွမ်းရည်
သူ့ မှာ ခပ်နည်းနည်းရယ်
ဥပမာ
မြို့ မျက်နှာဖုံး သူဋ္ဌေးမဖြစ်ခဲ့ဖူးဘူး
အရာရှိ မဖြစ်ခဲ့ဖူးဘူးပေါ့။
တစ်ခုခုကိုမြင်ရင်
သွားရည်တများများနဲ့ ဖြစ်တာမျိုးကို
သိပ်ရွံရှာတဲ့ကောင်
ငယ်ငယ်က ဟိုဝါဒ သည်ဝါဒတွေကို နည်းနည်းမြည်းစမ်းဖူး။
ခုတော့
မင်္ဂလာတရားနဲ့  အညီလေ
ငါးအပုပ် စားရပေမဲ့
ဗြဟ္မစိုရ်တရား လက်ကိုင်ထားလို့ 
ဘယ်သူတွေများ ငါးပုပ်စားရလို့ 
ဗြဟ္မစိုရ်တရား လက်ကိုင်ထားနိုင်ခဲ့လို့ လဲ။
အဆုတ်မကောင်း
အသက်ရှူ ပြွန်တွေက မကောင်းလှပေမဲ့
မြေအောင်းနှစ်ချို့ ဝိုင်ကောင်းကို ကြိုက်သေး
ဗာဂျီးနီးယားကောင်းတဲ့ စီးကရက်ကိုကြိုက်သေး
အရက်ကလေးထွေထွေနဲ့  သူ့ မိတ်ဆွေသူငယ်ချင်းအပေါ်
သူ့ ပေါင်းသင်းနေထိုင်ခဲ့ပုံက မယားတစ်ယောက်လိုလေ။
ဘာသာစကားအမျိုးမျိုး ပြောင်းမပြောတတ်လို့ 
ဖိနပ်အမျိုးမျိုး ပြောင်းမစိးတတ်လို့ 
ခဏခဏ အပြစ်တင်ခံရတဲ့ကောင်ပေါ့
ကိုယ့်သားအရွယ် ညီအရွယ်ကောင်တွေက
လိမ်တာညာတာကို လိမ်တာမှန်းသိသိနဲ့  ခံပြီး
သာယာနေတတ်တဲ့ကောင်လေ။
အပေါင်းအသင်း သူငယ်ချင်းတွေအပေါ်
လင်ကိုလုပ်ကျွေးတဲ့ မယားကောင်းလို ပေါင်းခဲ့ပေမဲ့
နှစ်ပေါင်းလေးဆယ်လုံးလုံး
သူ့  ဘ၀ သူ့ ခန္ဓာအပေါ်ကျ မကောင်းခဲ့တဲ့သူလေ
မလည်မ၀ယ်နဲ့  အနေအထိုင် မတတ်ဘူးလို့ 
ရင်ဘတ်ဆွဲကြိုးနဲ့  ကောင်တွေရဲ့  အဝေဖန်ခံရလှပေါ့။
သူ့ ကံလိုက်ပုံကလည်း
လူပါမက နတ်ပါမုန်းအောင် ပြောတတ်တဲ့
ပါးစပ်ကြီးနဲ့  အဆွေခင်ပွန်း ဖြစ်ခဲ့ရသေး
အဲသည်ပါးစပ်ကြီးရဲ့  စကားပင်လယ်မျာ
အသက်လေးဆယ်နား ကပ်နေတာတောင်
အနေအထိုင် မတတ်သေးဘူးလို့ 
ရေနစ်နစ် နေရသေး။
တကယ်တော့
ဒါ သူ့ မိမွေးတိုင်း ဖမွေးတိုင်းပါ
သူ့  နှုးညံ့သိမ်မွေ့ မှုပါ
သူ့ ယဉ်ကျေးတဲ့ သွေးကြောပါ
နတ်ဆိုးတို့ ပါးစပ်မှာ
ပလပ်ခံရတဲ့
သူ့ ကိုယ်ပိုင်အတွင်းသားပါ။ ။
မောင်ချောနွယ်
"မြန်မာပြည်မှာနွားလိုလူတွေ နေရာရနေတာတွေ့တော့ တစ်ချို့လူတွေခဗျာ အားကျစိတ်ဝင်လာကြတယ်။"
အလင်းဆက်
၂၇.ဧပြီလ.၂၀၁၀
Tuesday, April 27, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment