Monday, May 17, 2010

ဒလ မြို့မှ ရေပြဿနာ နောက်ဆုံးအခြေအနေ












ရန်ကုန်မြို့မှ လှမ်းကြည့်လျှင် သာမာန်မျက်စိဖြင့် မြင်နိုင်သော….ရန်ကုန်မြစ်ကို ၁၀မိနစ်ခန့် ဖြတ်ကူးလျှင် ရောက်နိုင်သော….ရန်ကုန်မြစ်ကမ်းနဖူးပေါ်တွင် ရန်ကုန်မြို့ကြီးနှင့် မျက်နှာချင်းဆိုင် တည်ရှိသော မြို့ ဒလမှာတော့…သမိုင်းတလျှောက်မှာ တခါမှ မဖြစ်ဖူးသော သောက်သုံးရေ ရှားပါးပျက်လပ်မှု နဲ့ ရင်ဆိုင်နေကြရပါတယ်…...ရေကိုလည်း ရွှေလိုသုံးနေကြရပါပြီ။ နောက်ပိုင်းမှာတော့ ဘယ်လိုသုံးရမယ်မသိပါ….

ရွှေထက်ရှားသွားပါတော့မည်။(အကယ်၍ မေလနောက်ဆုံးပတ် အထိမိုးမရွာခဲ့ပါက………ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကိုတော့ ဆက်မတွေးရဲတော့ပါ..ကောလဟာလ ပြောနေသလို သြဂုတ်လမှ မိုးရွာမယ်ဆိုရင်တော့….အသက်အန္တရာယ်အထိ စိုးရိမ်စရာဖြစ်လာတော့မှာပါ။)



ဒလမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၁၈၀၀၀ ခန့်နေထိုင်လျက်ရှိပြီး ငွေရေးကြေးရေးအစဉ်ပြေသော အိမ်ထောင်စု ၂၀၀၀ခန့်သာ မြို့နယ်စည်ပင်မှ ပေးဝေလျက်ရှိသော ပိုက်ရေကို ရရှိသုံးစွဲနေရပြီး….ဒါကလည်း အမြဲတမ်း ပုံမှန်ရတာတော့လည်း မဟုတ်ပါ။ ဒါကြောင့် ကျန် အိမ်ထောင်စုပေါင်း ၁၆၀၀၀ ခန့်က ကန်ရေကိုသာ လုံးဝမှီခိုအားထားနေခဲ့ရပါတယ်။ အခုလို ကန်တွေအားလုံးနီးပါး ရေခန်းခြောက် ကုန်ဆုံးသွားချိန်မှာတော့ ဆားငံမြေအောက်ရေကို သုံးသူကသုံး….သုံးစွဲရန်လုံးဝမသင့်လျော်သော ချောင်းရေကို အကြည်ထားပြီး သုံးသူကသုံး….မျောင်းရေကိုသုံးသူကသုံး…ရေအလှုရှင် လာရောက်လှုဒါန်းသော ရေကို စောင့်မျှော်သုံးသူကသုံး…..စုံလို့ပါဘဲ။



အခုလိုဖြစ်ရတဲ့ အကြောင်းအရင်း တွေကတော့ လူဦးရေကတိုး…ကန်တွေကမတိုး…ရာသီဥတုကပူ….ရေကခန်း….လူတွေကလည်း ရေပိုလိုအပ်လာ….မိုးရာသီကနောက်ကြ…..မိုးရေကိုလည်းတနိုင်တပိုင်တောင် မသိုလှောင်နိုင်ကြ….လှောင်စရာ အိုး….ကျောက်စည်….အုတ်ကန်တွေလည်းမရှိ…၀ယ်လည်းမ၀ယ်နိုင်…ဆောက်လည်းမဆောက်နိုင်…..ခုတော့ ကုန်ပြီ…ပြောင်ပြီ….ဘာမှမကျန်တော့….ဘယ်မှာမှမရှိတော့….ဘာလုပ်ကြမလည်း…



ရာသီဥတုကတော့ဖောက်ပြန် ပြောင်းလဲလာပါပြီ။ သဘာဝပတ်ဝန်းကျင်ကလည်း ပျက်စီးယိုယွင်းလာပါပြီ။ ဒါတွကို ကျွန်တော်တို့ တတွေ သဘောပေါက်နားလည်ဖို့ကောင်း နေပါပြီ။ ပြုပြင်ထိန်းသိမ်းဖို့ သင့်ပြီဆိုတာ ကျွန်တော်တို့လူသားတွေရဲ့ အပြုအမှုသဘောထားတွေကို ပြောင်းသင့်ပြီဆိုတာ သိလောက်ရောပေါ့။



အခုမှ နောင်တ တရားနဲ့…အနာဂတ်အတွက် ကန်တူးသူတွေကတူးကြ(ရေမှမလောက်တာ)…..အပူချိန်တွေကမြင့်လာတော့ သစ်တပင်ရဲ့ တန်ဖိုးကိုသိပြီး သစ်ပင်စိုက်သူကစိုက်ပေါ့(အရိပ်ရပင် တွေမှ များများစားစားမရှိတော့ပြီကိုး)။သက်ဆိုင်ရာကလည်း ၀ိုင်းဝန်းကူညီဆောင်ရွက်ပေ်းနေကြပါတယ်။



လက်တလော ရေပြဿနာကိုတော့…ကော့မှုး၊ တွံ့တေး နှင့် ရန်ကုန်မြို့မှ စေတနာရှင် ရေအလှုရှင်များမှ ထောက်ပံ့ပေးလျက်ရှိပါသည်။



ရေတွေဝေတော့လည်း ရတဲ့နေရာကရ ….မရတဲ့နေရာက လုံးဝမရ…ပြဿနာကတဖုံ။

မြို့နယ်အဆင့် စီမံခန့်ခွဲမှု နှင့် အလှုရှင်မျာနဲ့ ပူပေါင်းဆောင်ရွက်မှု

ရာပေါင်းများစွာသော ရေကားများကို လမ်းညွှန်မှုပေးနိုင်ရန် ကလည်းလိုအပ်နေဆဲ။



အခုအချိန်မှာ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ၀မ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပေါ် ပြန့်ပွားမှာကိုလည်း စောင့်ကြည့်နေရပါတယ်။



ယနေ့....၁၇-၅-၁၀ မှာတော့...ပထမဆုံး မိုးရွာခဲ့ပါပြီ....ဒီမိုးကြောင့်...လက်ကျန်ကန်ရေအားလုံး ပျက်စီးသွားပြီး.....သောက်ရေပြဿနာ စိုးရွာပါတော့မည်။ ပထမဆုံး မိုးရေမို့...သောက်လို့လည်းမရနိုင်သေး။ မိုးဆက်တိုက်ရွာလျင်တော့

အားလုံးအစဉ်ပြေသွားနိုင်ပါသည်။ မိုးဆက်မရွာခဲ့ပါက.................


အခုလို အရေးပေါ်အခြေအနေမျိုးမှာ….ဒလမြို့နေ ပြည်သူများအား….လူသားချင်းစာနာထောက်ထားသောအားဖြင့်…တက်စွမ်းသ၍ ကူညီနိုင်ကြပါစေရန်….ဒလမြိုခံပြည်သူ တဦးအနေဖြင့် အခြေအနေမှန်ကို ဖော်ပြလိုက်ရပါသည်။



ဆက်သွယ်လှုဒါန်းနိုင်ရန် နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်



ခင်ဇော်ဝင်း

အုပ်ချုပ်ရေးမှုး

နိုင်ငံတကာဆေးဘက်ဆိုင်ရာကူညီထောက်ပံ့ရေးအဖွဲ့ (ဒလ စီမံကိန်း)

ဖုန်း - ၂၆၉၅၅၆ / ၀၉ ၅၁ ၅၄၃၄၂

No comments:

Post a Comment