(၁)
၁၉၈၈ခုနှစ် ၊ ဒီမိုကရေစီတောင်းဆိုမှုအရေးတော်ပုံကြီးက ပြည်သူတွေကိုနိုင်ငံရေးနိုးကြားမှု ဖြစ်စေခဲ့သလို အထူးသဖြင့် ကျောင်းသားတွေရဲ့ရင်ဘတ်ထဲ ကျောင်းသားသမဂ္ဂနဲ့ခွပ်ဒေါင်း စိတ်ဓါတ် ရှင်သန်ခိုင်မြဲစေခဲ့ပါတယ် ။
၁၉၆၂ ဇူလိုင်လ (၇) ရက်နဲ့ (၈) ရက်မှာ နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့ဖျက်ဆီးမှုခံရပြီးကထဲက တိုးတိုးတိတ်တိတ်ပဲဖွဲ့စည်းရပ်တည်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်(ဗကသ)ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ခိုင်ခိုင်မာမာ ပြန်လည်ဖွဲ့စည်း ပေါ်ထွက် လာခဲ့ပါတယ် ။
ကျောင်းသားအများစုက နိုင်ငံရေးဆိုတာလဲကောင်းကောင်းနားမလည်ကြသေးပဲ မဆလ လက်ကိုင်ဒုတ်လုံထိန်းရဲတွေနဲ့ စစ်တပ်ရဲ့မတရားမှုကို မြင်တွေ့ခံစားရမှုကနေ ပါဝင်လာကြ တာသာဖြစ်တဲ့အလျောက် တစ်ဦးနဲ့တစ်ဦး ထင်ပေါ်ကျော်ကြားလိုမှုတွေအားပြိုင်ကြရင်း စစ်တပ်ကအာဏာသိမ်းပြီးချိန်မှာ ကျောင်းသား အဖွဲ့စည်းမျိုးစုံဖြစ်သွားပါတယ် ။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(မကသ) ၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ) ၊ အခြေခံ ပညာကျောင်းသားများသမဂ္ဂ(အကသ) စတဲ့ကျောင်းသားသမဂ္ဂတွေနဲ့ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) ၊ မျိုးဆက်သစ်အားမာန် လူငယ့်တပ်ဦး စတဲ့ပါတီဝင်တွေအဖြစ် အဖွဲ့စည်းအမျိုးမျိုးပေါ်လာတာပါ ။ တောခိုဖြစ်သွားတဲ့ ကျောင်းသားတွေကတော့ ကျောင်းသားတပ်မတော်(ABSDF) လို့ ဖွဲ့စည်း နိုင်ခဲ့ပါတယ် ။
မောင်ကျောင်းသားတို့ အခြေခံပညာကျောင်းသား (အကသ)တွေလဲ နှစ်ဖွဲ့သုံးဖွဲ့ဖြစ်ခဲ့ပါတယ် ၊ ပထမပိုင်း အကသ/ရန်ကုန်တိုင်း နဲ့ အကသ/ရန်ကုန်ခရိုင် ဆိုပြီးနှစ်ဖွဲ့ကွဲပါတယ် ၊ နေလင်း အကသနဲ့မင်းဇင်/သီဟအကသဆိုပြီးခေါ်ကြပါတယ် ၊ ၁၉၉၀ ကျတော့ ကိုယ်ဘာသာပဲ ဦးဆောင်ချင်တဲ့ မောင်ကျောင်းသားတို့က အဲဒီနှစ်ဖွဲ့လုံးကခွဲထွက်လာတဲ့သူတွေစုပြီး ဗမာနိုင်ငံလုံးဆိုင်ရာအခြေခံပညာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗခသ) ကိုထပ်ဖွဲ့ပါတယ် ၊ ဒါပေမဲ့ အကသတွေ ဘယ်နှစ်ဖွဲ့ကွဲကွဲ ဗကသ ဦးဆောင်မှုနဲ့ ခွပ်ဒေါင်းအလံတော်အောက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေ အတူညှိနှိုင်းလုပ်နိုင်ခဲ့ပါတယ် ။
အဲဒီတုန်းက ခေါင်းဆောင်လုလုပ်ကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားမပါတဲ့ ထောင်ကျမဲ့အလုပ် တွေကိုလုလုပ်ကြတာပါ ၊ သေမဲ့လမ်း ကိုလုလျှောက်ကြတာပါ ၊ ဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ် ကလေးတွေက မိဘတွေပေးတဲ့မုန့်ဘိုးလေးတွေ လမ်းစရိတ်လုပ် ၊ ကိုယ့်ပုဆိုးအင်္ကျီရောင်း ပေါင် ၊ တချို့လဲမိသားစုပစ္စည်းထုခွဲပြီး ရတဲ့ငွေလေးရန်ပုံငွေလုပ် ၊ စာထုတ် အခန်းအနား လုပ်,လုပ်ကြ ရတာပါ ။ ပြည်သူတွေတီးတဲ့လက်ခုတ်သံတွေကြားမှာ သူရဲကောင်းကြီးတွေလို ခပ်ကြွားကြွားရပ်တည်ချင်စိတ်တွေနဲ့ ဒုက္ခတရားရဲ့ပဉ္စလက်တောအုပ်မှန်း သိသိနဲ့ လုတိုးဝင်ကြတာပါ ။
အဲဒီတုန်းက ကျောင်းသားသမဂ္ဂတွေဟာ (မကသ ကလွဲရင်)တရားမ၀င်အသင်းအဖွဲ့ဖြစ် တာကြောင့် ကိုယ်ပိုင်ရုံးနေရာ မရှိပါဘူး ၊ လူ့ဘောင်သစ်ရုံး ၊ NLDရုံး ၊ ဖဆပလ ရုံး ၊ စတဲ့ နေရာခွင့်ပြုပေးတဲ့ပါတီရုံးတွေမှာပဲ အဆင်ပြေသလိုရုံးလုပ်ရတာပါ ၊ မောင်ကျောင်းသားတို့ကို တော့ ရွှေဂုံတိုင်က ဘိုးဘွားရိပ်သာမျက်စောင်း ထိုး(အခုရန်ရှင်းအိမ်ယာမြောက်ဘက်) ကမ္ဘာ အေးဘုရားလမ်းမကြီးပေါ် “အနာဂတ်ကိုငါတို့ပိုင်ထားသည်”လို့ ဆိုင်းဘုတ်ကြီးထူထားတဲ့ မျိုးဆက်သစ်အားမာန် လူငယ့်တပ်ဦးက နေရာပေးထားပါတယ် ။
မောင်ကျောင်းသားတို့ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာအခြေခံပညာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗခသ) ဖွဲ့စည်းတဲ့အခန်းအနားကို ၁၉၉၀ခု ဇွန်(၉)ရက်နေ့က မျိုးဆက်သစ်အားမာန်လူငယ့် တပ်ဦးရုံးမှာပဲ ကျင်းပခဲ့တာပါ ၊ တက်လာတဲ့ကျောင်းသားတွေရဲ့မဲပေးမှုနဲ့ သိန်းထွန်းကျော် (ဥက္ကဌ) ၊ ဗဟိန်း(အထွေထွေအတွင်းရေးမှုး) ၊ တရုပ်ဇေယျာဝင်း(တွဲဘက်အတွင်းရေးမှုး) ၊ နိုင်အောင် ၊ ၀င်းနိုင် (တရုပ်လေး) နဲ့ စန္ဒာအေးသွင်(စည်းရုံး/၀ါဒဖြန့်) ၊ ထွန်းဇော်မိုး(ခေါင်းကြီး) နဲ့မောင်ကျောင်းသား(သတင်း/ပြန် ဆက်)၊ တရုပ်ကြီးနဲ့ကိုစိုးကြီး(လုံ/စည်း) တာဝန်တွေကို ထမ်းဆောင်ခဲ့ကြပါတယ် ။ နာမည်ကျန်ခဲ့သူများ သည်းခံကြပါကုန် ။
အဲဒီကာလက ရွေးကောက်ပွဲအပြီး NLD အနိုင်ရပြီးကာလဖြစ်တာကြောင့် ပြည်သူတွေကလဲ နိုင်ငံရေးအပေါ်စိတ်ဝင်စားမျှော်လင့်နေကြတာပါ ၊ မောင်ကျောင်းသားတို့ အင်အားသုံးယောက် လောက်ဆို တရားဟောပွဲတစ်ပွဲဖြစ်ပါတယ် ။ ကားဂိတ် ,ဈေး, ပလက်ဖေါင်းပေါ်က လဘက်ရည်ဆိုင်တွေနဲ့ လူစည်ကားရာနေရာတွေမှာ တွေ့ရာခုံတလုံးကောက်ဆွဲ တက်ရပ်ပြီး အတူသွားသူတွေလက်ခုတ်ဝိုင်းတီး ၊ လူတွေအာရုံစိုက်တဲ့အခါ တရားဟော, နည်းကိုသုံး ကြပါတယ်၊ ဖမ်းရအောင်လာနေပြီဆိုရင်လဲ ပြေးကြပါတယ် ၊ စစ်တန်းလျားပြန်မှာပါဆိုတဲ့ ဗိုလ်ချုပ်မှုးကြီးစောမောင်နဲ့ဗိုလ်ချုပ်ခင်ညွန့်တို့ အာဏာလွှဲမပေးခဲ့ရင် မိမိတို့ပေးခဲ့တဲ့ ဆန္ဒမဲ တွေအတွက် တိုက်ပွဲဝင်ကြဘို့ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ကိုမင်းကိုနိုင်နဲ့ ဖမ်းထားတဲ့ ကျောင်းသားတွေကိုမလွှတ်ရင် စစ်တပ်ကို ယုံကြည်လို့ရမှာမဟုတ်ဘူးဆိုတာတွေ ပြည်သူ ကြားမှာလိုက်ပြီးဟောပြောကြပါတယ် ၊ ကြေငြာချက်/လှုံ့စော်စာတွေကို ချရေးပြီး အားလုံး သဘောတူပြီးရင် တစ်ယောက်တစ်စောင်ကူးရေးရပါတယ် ၊ အိမ်အလုပ်အဖြစ် လူတစ် ယောက်ကို အနည်းဆုံးဆယ်စောင်စီလက်ရေးမူနဲ့ကူးခဲ့ပါဆိုတာမျိုး ကိုယ်စီတာဝန်ယူကြတဲ့ အခါ နောက်နေ့မှာ ရာနဲ့ချီတဲ့ ကြေငြာချက်/လှုံ့ စော်စာတွေ ရရှိဖြန့်ဝေနိုင်ကြပါတယ် ၊ လူထုကြားမှာ သတင်းစကားအပြန့်လွယ်ဆုံးနေရာကို ဈေးလို့ နားလည်သဘော ပေါက်ကြပြီး ဈေးတွေကိုဦးတည်ဖြန့်ဝေပါတယ် ၊ နေ့ခင်း၁၂နာရီကျော်ဈေးနားချိန် ဈေးဘန်းတွေဈေးဆိုင် တွေပေါ် စာရွက်ခေါက်လေးတွေလုပ်ပြီး လိုက်ထားတာမျိုးနည်းနဲ့ စာဝေသူအန္တရာယ်ကို ရှောင် နိုင်ခဲ့ပါတယ် ။ အသက်စွန့်/အဖမ်းခံ/တောထဲရောက်သွားကြတဲ့ ကျောင်းသားတွေကို သစ္စာရှိ သောအားဖြင့်“စစ်အာဏာရှင်ပျက်ပြိုကာအတည်ပြည်သူ့ခေတ်မှတို့တတွေကျောင်းတက်မည်” ဆိုတာကို ခံယူရပ်တည်ခဲ့ကြပါတယ်။ (ဒီအကြောင်းတွေ ပြန်ပြောပြနေတဲ့ ရည်ရွယ်ချက်က ခုလက်ရှိလျှို့လျှို့ဝှက်ဝှက်လုပ်နေကြတဲ့ ကျောင်းသားတွေ စိတ်အားတက်ကြွစေဘို့သာဖြစ် ပါတယ် ။)့
အာဇာနည်နေ့နီးလာတဲ့တရက်မှာ အားလုံးစုတိုင်ပင်ကြပါတယ် ၊ “တော်လှန်ရဲသူ ၊ အောင်ပွဲ ယူသည် ၊ ပြည်သူ့သားကောင်း ၊ တို့ခွပ်ဒေါင်း” ဆိုတဲ့ ကဗျာထဲက စာသားကိုဖြတ်ညှတ်ပြင် လုပ်ပြီး အာဇာနည်နေ့ဆောင်ပုဒ်လုပ်ရအောင် ၊ ပြီးတော့ အာဇာနည်ကုန်းကို ချီတက်ကြ ရအောင် ဆုံးဖြတ်ချက်ချကြပါတယ် ။
ဒီလိုနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ” ဆိုတဲ့ ဆောင်ပုဒ်တစ်ခုဖြစ်လာခဲ့ပြီး အဲဒီဆောင်ပုဒ်နဲ့ လက်ကမ်းစာစောင်တွေထုတ် ၊ စတစ်ကာတွေလဲလုပ်ခဲ့ ကြပါတယ် ။
(၂)
အဲဒီနေ့(၁၉၉၀ခု၊ဇူလိုင်လ၊၁၉ ရက် အာဇာနည်နေ့) က မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦး ကလူငယ်တွေနဲ့အတူ ရွှေဂုံတိုင်လမ်းဆုံမှာ မနက်ဆယ်နာရီလောက်စုဝေးကြပါတယ်၊ ဖိတ်ခေါ် ထားမှုအရရောက်လာတဲ့ ကျောင်းသားတွေ ၊ တခြားအကသ အဖွဲ့ဝင်တွေ၊၀ိုင်းအုံကြည့်နေကြ တဲ့ပြည်သူတွေ အင်အားအခြေအနေပေါ် မူတည်ပြီး မောင်ကျောင်းသားတို့ ဗခသတွေ စိတ်အားတက်ကြွလာတာနဲ့ ပထမဆုံးဖြတ်ထားတဲ့ သာမန်လမ်းလျှောက်ချီတက်ရုံဆိုတာ ကနေ အလံကိုင်သီချင်းဆို ချီတက်မယ် တိုင်ပင် ကြပါတယ် ။
ပြဿနာက တရားဝင်နိုင်ငံရေးပါတီဖြစ်နေတဲ့ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးကလူငယ် တွေပါပဲ ၊ သူတို့ပါတီရဲ့ အနီရောင် တူညီဝတ်စုံတွေကလဲဝတ်ထား သေးတော့ ထင်းထင်းကြီး ဖြစ်နေတော့ တချို့ကကန့်ကွက်ကြပါတယ် ၊ ကိုသိန်းထွန်းကျော်နဲ့ ကိုဗဟိန်းတို့ကရှင်းပြစည်း ရုံးပါတယ် ၊“ကျွန်တော်တို့က အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုဘို့သွားမှာ ဖြစ်တယ်၊ အာဏာပိုင်တွေက လူငါးယောက်ထက်ကျော်ပြီိးစီတန်းမလှည့်ဘို့ပြောတယ် ၊ ကျွန်တော်တို့ မကျော်ဘူး ၊ ငါးယောက်စီ တန်းပြီး လျှောက်ကြမယ် ၊ အလံမထောင်ရဘူးပြောထားတယ် ၊ မထောင်ဘူး ကိုင်ပြီးလျှောက်မယ် ၊ ကြွေးကြော်သံမတိုင်ရဘူးပြောထားတယ် ၊ မတိုင်ဘူး သီချင်းဆိုမယ် ၊ဒီလောက်တော့ ကျွန်တော်တို့ရဲရင့်မှဖြစ်မယ် ၊ကျွန်တော်တို့အခွင့်အရေးကို ကျွန်တော်တို့ကိုယ်တိုင်ဆုတ်ကိုင်ရဲမှ ရမှာဖြစ်တယ် ၊ ကျွန်တော်တို့ ဦးဆောင်ပါမယ် ၊ ဖမ်းရင် ပစ်ရင်ထွက်မပြေးပဲ ကျွန်တော်တို့ရှေ့ကနေခံပါမယ်” ဆိုတော့မှ နောက်ကနေလိုက်တန်းစီ ပါလာကြပါတယ်။
အရေးရယ်အကြောင်းရယ်ဆိုတော့ ခွပ်ဒေါင်းအလံကပါမလာကြဘူး ၊ အစီစဉ်ထဲမပါလို့ပဲ ကျန် နေခဲ့တာလား ၊ ဘာကြောင့်လဲ တော့မမှတ်မိတော့ဘူး ၊ တိုက်ပွဲဖေါ်ပါမယ်ဆိုတော့မှ အလံမပါ ဘူးတဲ့ ၊ မောင်ကျောင်းသားနဲ့ဇေယျာဝင်း ၊ နိုင်အောင်တို့ ကောက်ခါငင်ခါစီစဉ်ကြည့်တော့ အဆင်ပြေချင်တော့ အနားဝန်းကျင် (ရွှေဂုံတိုင်လမ်းဆုံ) တ၀ိုက်က အလံလုပ်ရောင်းတဲ့ဆိုင် တွေချည်းပဲလေ ၊ ဒါပေမဲ့ အာဇာနည်နေ့မို့ဆိုင်တွေကပိတ်ထားကြတာ ၊ တမင်ကိုကူညီချင်တဲ့ တဆိုင်က အဖြူရောင်တစ်စတော့ ရှိတယ် ၊ ကိုယ်ဘာသာ လိုသလိုဖြတ်သုံးဆိုပြီးပေးလိုက် တော့ အနေတော်အလံဆိုက်ဖြတ်လိုက်ကြပြီး ဘယ်သူဘယ်ကနေရှာလိုက်မှန်းမသိတဲ့ နှုပ်ခန်းနီတောင့်နဲ့ ပန်းချီတော်တဲ့ (နိုင်အောင်လား/ဇေယျာဝင်းလား) တယောက်က ခွပ်ဒေါင်း ပုံဆွဲလိုက်တာမှာ သမိုင်းတခုရဲ့တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတစ်ခု ဖြစ်သွားတော့တာပါပဲ ။
ဒီလိုနဲ့ မောင်ကျောင်းသားနဲ့ဇေယျာဝင်းက ခွပ်ဒေါင်းအလံကို ပန်းချီကားကိုင်သလို ဖြန့်ကိုင် လိုက်တယ်၊သိန်းထွန်းကျော် ,ဗဟိန်း, တရုပ်ကြီးတို့ကရှေ့ဆုံးကနေ ဦးဆောင်ချီတက်ကြ တယ် ၊ လက်ခုတ်တွေတဖြောင်းဖြောင်းတီး စည်းချက်လိုက်ပြီး ကျောင်းသားသမဂ္ဂသီချင်းကို သံပြိုင်ဆိုလိုက်ကြတယ် ၊ စထွက်ထွက်ခြင်း ပေလေးငါးရာမှမရောက်သေးဘူး ၊ တဘက် ယာဉ်ကြောမှာ စစ်ကားနှစ်စီးလာရပ်ကြည့်နေတယ် ၊ ဟန့်တားတာတော့မလုပ်ပါဘူး ၊ မောင်ကျောင်းသားတို့လဲ ခပ်တည်တည်ပဲ ကိုယ့်လာအား ပေးတဲ့ပြည်သူတွေလိုပဲသဘောထား သီချင်းကိုအားမာန်အပြည့်ဆိုပြီးဆက်ချီတက်ကြတာ ပထမရွံ့တွံ့တွံ့ရှိခဲ့တဲ့ မျိုးဆက်သစ် လူငယ်တွေတောင် တက်တက်ကြွကြွဖြစ်ကုန်ကြပါတယ် ။ စန္ဒာအေးသွင် ,ကိုစိုးကြီး, နိုင်အောင်နဲ့ ဗခသ အဖွဲ့ဝင်တွေက ဘေးက ရပ်ကြည့်အားပေးနေတဲ့ ပြည်သူတွေကို “တော်လှန်ရဲသူအောင်ပွဲယူအာဇာနည်တို့မူ” ဆိုတဲ့ ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်ကို ဝေနေကြတယ်။
“ဗမာပြည်ဆိုင်ရာကျောင်းသားသမဂ္ဂတို့သည် ရာဇ၀င်တွင်လောက်ပေသည် ၊ တော်လှန်ရာ တွင် ရှေ့ကပင်ဦးစီးချီ သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့ပေပြီ”တဲ့ ၊ ဟိန်းထွက်နေတဲ့ကျောင်းသား သမဂ္ဂသီချင်းသံနောက်ကို ပြည်သူတွေပါ တစစလိုက်ပါလာကြ ပါတယ် ၊ အခု M3 စားတော်ဆက်ရှေ့ ၊ အာဇာနည်ကုန်းဘက်ကို ချိုးမကွေ့ခင်နားမှာ ကြိုရောက်နှင့်နေတဲ့ ဗကသ ၊ အကသ ကျောင်းသားတွေ ၊ NLD လူငယ်တွေ အုပ်လိုက်ကြီးတွေ့လိုက်ရပါတယ် ၊ သူတို့ပါ လက်ခုတ်တွေ ၀ိုင်းတီးပြီး ကျောင်းသားသမဂ္ဂ သီချင်းဝိုင်းဆိုလိုက်ကြတာ ၊ အာဇာနည်ကုန်းပေါ်က စောင့်ကြပ်နေတဲ့စစ်သားတွေရင်ထဲတောင် တခုခုနက်နက်ရှိုင်းရှိုင်း ခံစား ရမှာအသေအချာပါပဲ ။
တိုက်ပွဲထဲမှာ အဖွဲ့မကွဲဘူး ၊ ကျောင်းသားတိုင်းညီညွတ်ကြပါတယ် ၊ အာဇာနည်ကုန်းပေါ်ကြည့် လိုက်တော့ အာဇာနည်ကြီးတွေရဲ့မိသားစုတွေ ကန်တော့ပြီး ပြန်ကြပြီ၊ မောင်ကျောင်းသားရဲ့ လက်ထဲကို တယောက်က ဗကသရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံစစ်စစ် ကို ၀ါးလုံးတပ်ပြီးသား လာပေးတယ် ၊ ဖျင်းကနဲဆူတက် သွားတဲ့စိတ်က မျက်စေ့ထဲဘာမှမမြင်တော့ပဲ အာဇာနည် ကုန်း အနီရောင်ကြီးသာပေါ်နေသလိုပါပဲ ၊အလံကိုဝှေ့ရမ်းပြီး အာဇာနည်ကုန်းပေါ်အပြေး တပိုင်းတက်ချသွားတော့ ကျောင်းသားအုပ်ကြီးလဲ သီချင်းသံပြိုင်ဆိုလိုက်ပါလာတာ ဘယ် အာဏာရှင်မှမတားပါဘူး ၊ တားတား,ပစ်ပစ် အာဇာနည်ကြီးတွေရဲ့ခြေရင်းမှာ အာဇာနည် အသစ်လေးတွေအဖြစ် ရဲရဲရင့်ရင့် အသေခံကြမယ်လို့ဆုံးဖြတ်ထားကြတာပါပဲ။
အေးစက်မာကျောတဲ့ မျက်နှာသေလုံခြုံရေးတွေရဲ့ရှေ့မှာ ၊ တဖျတ်ဖျတ်ရိုက်နေတဲ့ သတင်း ဌာနတွေနဲ့စစ်ထောက်လှမ်းရေးတွေ ရဲ့ကင်မရာတွေအောက်မှာ ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်အာဇာနည်ကြီးတွေရဲ့ခြေရင်းမှာ အားလုံးနေရာယူလိုက်ကြတယ်၊ မောင်ကျောင်းသားလက်ထဲက ခွပ်ဒေါင်းအလံကို တရုပ်ကြီးကလှမ်းယူလိုက်တယ် ၊ သူ့လက် ထဲက အော်လံကို လှမ်းပေးတယ် ၊ (ဗခသနဲ့ မျိုးဆက်သစ်လူငယ့်အားမာန်လူငယ့်တပ်ဦး ပေါင်းလုပ်ခဲ့တဲ့ June 21 မြေနီကုန်း အရေးတော်ပုံ၂နှစ်ပြည့်အခန်းအနားနဲ့ 7July (၂၈)နှစ် ပြည့် အခန်းအနားတွေမှာ မောင်ကျောင်းသားပဲ အသံအောင်အောင်အခန်းနားမှုးလုပ်ခဲ့တော့ ထန်းတက် လက်မှတ်ရတာထင်ပါရဲ့။)
ရင်ထဲမှာကျေနပ်နေတယ်၊ဒါ ကျောင်းသားသတ္တိကိုပြရတဲ့ တိုက်ပွဲတစ်ပွဲပဲ ၊ မင်းတို့ကို ငါတို့ မကြောက်ဘူးဆိုတာ တွေ့ပြီလားလို့ ကြည့်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ခိုင်းဖတ်တွေကိုပြနေ ရတာ ၊ မင်းတို့ဘာတားနိုင်မှာလဲ ငါတို့ရဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေကို ။
တွေးရင်း ကျောင်းသားအုပ်ဘက်လှည့်တချက်အော်လိုက်တယ် ၊ “ကျောင်းသားကျောင်းသူ မိဘပြည်သူအပေါင်းတို့ ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ကြီးတွေကို အလေးပြုဘို့ ကျေးဇူးပြုပြီးငြိမ်ပေးကြပါ ၊”
သွေးစွန်းနေသော အမိမြန်မာနိုင်ငံတော်အား……အလေး….ပြု ။
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အား အလေး……ပြု ။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်းကျဆုံးခဲ့သော အာဇာနည်အပေါင်းတို့အား…. အလေး…..ပြု။
ဒီမိုကရေစီရေးတိုက်ပွဲများအတွင်းကျဆုံးခဲ့ရသော ရဟန်းရှင်လူသူရဲကောင်းအပေါင်းတို့အား…..အလေး…ပြု ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေရှေ့မှောက်မှာ သစ္စာအဓိဌာန်ဆိုမယ် ၊ အားလုံးလိုက်ဆိုပါ …။
ကျွန်ုပ်တို့သည် မွေးရာပါအခွင့်အရေးများဖြစ်သော ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးများအ တွက် အာဏာရှင်တို့၏ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း အသက်စွန့်သွားကြ သော ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့၏ လေးစားဖွယ်ရာစွန့်လွှတ်မှုများအပေါ် ဂုဏ်ပြုဦးညွှတ်ပါ၏ ။
အာဇာနည်သူရဲကောင်းအပေါင်းတို့၏ အစဉ်အလာကြီးမြတ်မှုကို ဆက်လက်စောင့်ထိမ်းသော အားဖြင့် ကျွန်ုပ်တို့သည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ခံစားရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခိုင်မာစွာအဓိဌာန်ပြုပါ၏….. ။ခိုင်မာစွာအဓိဌာန်ပြုပါ၏ ……..။ ခိုင်မာစွာအဓိဌာန်ပြုပါ၏ ………။
အားလုံး…ခေတ်သစ်ကမ္ဘာမကြေ သီချင်း..စဆို …။
ကမ္ဘာမကြေဘူး…ငါတို့သွေးနဲ့ရေးခဲ့ရတဲ့မော်ကွန်းတွေ…တော်လှန်ရေး..ဒီမိုကရေစီတိုက်ပွဲ အတွင်းမှာကျဆုံးသော…….
သြော်..သူရဲကောင်းတို့ရေ…အာဇာနည်တွေနေတဲ့တိုင်းပြည့်………ရဲရဲတောက် တို့ဗမာပြည်..။
ကိုယ်တော်မှိုင်း…ရာဇ၀င်တွေလဲရိုင်းခဲ့ရပြီအဖိုးရေ့……သ္ခင်အောင်ဆန်း…..
နိုင်ငံတော်လဲသွေးစွန်းခဲ့ပြီအဖရေ့……သြော်..လုပ်ရက်ကြပေ……. . ပေတရာပေါ်မှာပြည်သူအလောင်းတွေ့ ….အတုန်းရုန်းထပ်လဲပြိုကာနေ…..,။
မောင်ကျောင်းသားသီချင်းဆိုရင်းအံကြိတ်မိတယ် ၊ လက်သီးကျစ်ကျစ်ပါအောင်ဆုတ်ထား မိတယ် ၊အသားတွေတဆတ်ဆတ်တုန်နေပြီး တစ်ကိုယ်လုံးကြက်သီး ဖြန်းဖြန်းထနေတယ် ၊ မောင်ကျောင်းသား သိတယ် ၊ တချို့သီိချင်းအော်ဆိုရင်းမျက်ရည်တွေကျနေကြတယ် ၊ ခုတောင်..ဒီစာကိုရေးနေရင်းပြန်သတိရပြီး ရင်ထဲမှာစို့လာရင်း မျက်ရည်ဝဲမိပါတယ် ။
အာဇာနည်ကုန်းပေါ်ကနေ ကျောင်းသားသမဂ္ဂသီိချင်းပဲ ပြန်ဆိုဆင်းခဲ့ကြတယ် ၊ ပြီးတော့ ရွှေဂုံတိုင်ဘက်ကိုပြန်လျှောက်ပြီး ရွှေဂုံတိုင်လမ်းဆုံမှာ လူစုခွဲလိုက်ကြပါတယ် ၊ တချို့လဲ ဆက်လျှောက်သွားပြီး တာမွေအ၀ိုင်းထိပ်ဘက်ရောက်မှ လူစုခွဲဖြစ်ကြတယ်ပြောပါတယ် ။
အဲဒီနောက်မှာ ဗခသ အဖွဲ့ဝင်တွေအတော်များများအဖမ်းခံရပါတယ် ၊ ဂန္ဒီမှာ NLD ကိုဝန်းရံ ရေးဆိုပြီး ဆော်သြလှုံ့စော်မှုတွေ ၊ဆန္ဒပြပွဲငယ်တွေ ၊စာဝေစာဖြန့် လှုပ်ရှားမှုတွေလုပ်ကြပြီး နောက်ပိုင်း ဗခသအဖွဲ့ဝင်တွေသာမက တိုက်ပွဲဝင်အခြေခံပညာကျောင်းသားထုတစ်ရပ်လုံး ရော ၊ ဗကသ ကျောင်းသားတွေပါ တဖြည်း ဖြည်းအဖမ်းခံကြရပြီး ကျောင်းသားလှုပ်ရှားမှု တွေအားပျော့သွားခဲ့ရပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားခေါင်းဆောင် အာဏာရှင် ကိုလှရွှေပြောခဲ့သလိုပါပဲ။
“အမိမြေလွတ်မြောက်ဘို့အတွက် အရိုးတွေတောင်လိုပုံမှရမယ်ဆို ငါတို့ကျောင်းသားအရိုးတွေက အောက်ဆုံးအလွှာကရှိစေရမယ်……။”
(၃)
အဲဒီဖြတ်သန်းခဲ့ဘူးတဲ့အတွေ့အကြုံလေးတွေကို ပြန်စဉ်းစားရင်း မောင်ကျောင်းသားတို့ သတိ ပြုမိတာလေးတွေ ၊ လက်ရှိခေတ်နဲ့ဆက်စပ်စဉ်းစားမိတာလေးတွေ ရှိပါတယ် ၊ အဲဒါကတော့ ကနဦးတိုက်ပွဲကို ကျောင်းသားကပဲအစပြုတယ်ဆိုတာပါ ၊ ကျောင်းသားတွေက စုစည်းလွယ် ပါတယ် ၊ နောက်ဖြစ်ထက် လတ်တလော ကိစ္စကိုသာ သွေးဆူဖြေရှင်းကြသော ဖိရင်ကြွ ထိရင်ချတတ်သော ငယ်ရွယ်သူများဖြစ်သည့်အလျောက် နိုင်ငံရေးနားလည်သည်ဖြစ်စေ ၊ နားမလည်သည်ဖြစ်စေ မတရားမှုမြင်တွေ့ရာကနေ တွန်းလှန်အံတုမှာကျောင်းသားတွေသာ ဖြစ်ပါတယ် ။
ဒီကနေ့လိုနေတာက ဦးဆောင်မှုပါပဲ ၊ လူတွေကို တရိတ္ဆာန်တွေလို လက်နက်ပြခြိမ်းခြောက် အုပ်ချုပ်ထားတော့ ကျောင်းသားပဲဖြစ်ဖြစ် ၊ပြည်သူပဲဖြစ်ဖြစ် ၀တ်ကျေ တန်းကျေတော့ ကြောက်ပြကြရတာပါပဲ ၊ ရင်ထဲတွေမှာတော့ မခံချင်စိတ်တွေရှိနေတာ အသေအချာပါ ၊ အဲဒါကို ဖြည်ထုတ်နိုင်တာက ပြတ်သားရဲရင့်တဲ့ ဦးဆောင်မှုပါပဲ ၊ ဗမာပြည်သူပြည်သားတွေက တကယ်တမ်းအကြောက်ကြီးသူတွေမဟုတ်ပါဘူး ၊ ရှေ့ကအစလေးပဲလိုနေတာပါ ။ ကျောင်းသားကဖြစ်ဖြစ် ၊ သံဃာကဖြစ်ဖြစ် သတ်သတ်ရိုက်ရိုက်ဖမ်းဖမ်း(ရေကုန်ရေခန်း) ငါတို့ရှေ့ကခံမယ် ၊ ဒီမတရားတဲ့ရွေးကောက်ပွဲကို ရအောင်ဖျက်ကြမယ်ဆိုတာမျိုး ဦးဆောင် ပြရင် လူထုတိုက်ပွဲတွေပေါ်ပေါက်လာမှာပါ ။
ခေတ်အခြေအနေတွေပြောင်းတယ်ဆိုပေမဲ့ တကယ်တမ်းက လွန်ခဲ့တဲ့နှစ်၂၀နဲ့အတူတူပါပဲ ၊ သဏ္ဍာန်အားဖြင့် မူကွဲသွားတာတွေကလွဲရင် ဖိနှိပ်ခံဘ၀ကဖိနှိပ်ခံ ဘ၀တွေသာပါပဲ ၊ပြည်သူ တွေဆင်းရဲမွဲတေမှု ၊တိုင်းပြည်ချွတ်ခြုံကျမှုက ပိုဆိုးလာတာပဲ ရှိပါတယ် ၊ ဒါကြောင့်ပြည်သူ တွေရဲ့ စစ်အာဏာရှင်တွေအပေါ် မကျေနပ်စိတ်က လျော့ကျသွားတာတော့မဟုတ်ပါဘူး ၊ ကြံ့ဖွတ် ,စွမ်းအားရှင် ,မီးသတ် ,ရဲ နဲ့လုံထိန်းအင်အားပိုသုံးထားပြီး ကြောက်လောက်အောင် နှိပ်ကွပ်ပြနေလို့သာ ငြိမ်နေရမယ် ၊ ထဆန့်ကျင်တဲ့ကျောင်းသားကိုတော့ လက်ခုတ်တီး အား ပေးမှာပါပဲ ၊ ဘေးမဖြစ်အောင် ကူပေးကာပေးကြမှာပါပဲ၊လက်ရေးမူနဲ့ ၀ိုင်းရေးဝိုင်းဖြန့်နည်း တွေ၊ လူထုအားကိုးပြီး ကြံ့ဖွတ်/ရဲ အခြေအနေကြည့်ပြီး စည်းရုံးလှုံ့စော်တဲ့နည်းတွေ ဟာ ခုထိလုပ်လို့ရနေတဲ့နည်းတွေဖြစ်ပါတယ်။
ခေါင်းဆောင်မှုမှာ ငယ်တာကြီးတာ ပြဿနာမဟုတ်ပါဘူး ၊ ရဲဝံ့မှုနဲ့ရိုးသားမှုသာအဓိက ဖြစ်ပါတယ် ၊မောင်ကျောင်းသားတို့ခေတ်မှာ အတွေ့အကြုံနည်းပါးမှုတွေ ကြောင့် အခက်အခဲနဲ့ ပြဿနာအနည်းအကျင်းရှိခဲ့ပေမဲ့ ဗကသ လိုကျောင်းသားကြီးတွေက နေရာပေး လုပ်ပိုင်ခွင့် ပေးပြီးဝိုင်းထိမ်းသွားတဲ့အခါ ဖေါ်ပြခဲ့သလို အောင်မြင်မှုကို ရရှိခဲ့တာပါပဲ ။
့အာဏာရှင်တွေကတော့ သူတို့အာဏာတည်မြဲရေးအတွက် အမိန့်တွေ သူတို့ဘာသာဥပဒေ သတ်မှတ်တာတွေ အမျိုးမျိုးထုတ်ပြန်မှာပါပဲ၊ အချုပ်အချယ်တွေနဲ့ တုပ်နှောင်မခံရအောင် တရစ်ရတရစ်ရုန်းရမှာက လွတ်မြောက်လိုသူတွေရဲ့တာဝန်သာဖြစ်ပါတယ်၊ ဖြစ်ပါ့မလားတွေးပူ နေရင် ဒုံရင်းဒုံရင်းပဲရှိမှာပါ ၊ အာဇာနည် စိတ်ဓါတ်နဲ့ တွန်းလှန်ရဲသူသာ အောင်ပွဲရမှာမို့ ၁၉၉၀အာဇာနည်နေ့တိုက်ပွဲနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ” ဆောင်ပုဒ်ကို အမှတ်ရ ပြန်တင်ပြလိုက် ရပါတယ် ။
စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ
မောင်ကျောင်းသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment