Tuesday, September 7, 2010

သာသနာရေး နိုင်ငံ့အရေး၊ ရွှေဝါသွေးတို့ သဘောထား

နယူးဒေလီ (မဇ္ဈိမ)။       ။ ရွှေဝါရောင် သံဃာ့အရေးအခင်း ၃ နှစ် ပြည့်ချိန်သည် နအဖ အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ မဲဆွယ်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ထို့ကြောင့် လက်ရှိ နိုင်ငံရေး၊ သာသနာရေး အခြေအနေများအပေါ် ပြည်တွင်းပြည်ပ သံဃာ့အရေး ဆောင်ရွက်နေသည့် ရဟန်းတော်များ၏ အမြင်ကို သိရရှိရန် မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။

m3အရှင် ထာဝရ
(၂ဝဝ၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင်ရဟန်းတော်တပါး)

ပခုက္ကူ အရေးအခင်း ၃ နှစ်ပြည့်ပြီဆိုတော့ အဲဒီ အရေးအခင်းနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်ပါသလဲ၊ ရဟန်းတော်များဟာ နိုင်ငံရေးနဲ့ ကင်းရှင်းသင့်ပါသလားဘုရား။

’’၃ နှစ် ရှိခဲ့ပေမယ့် ဦးဇင်းတို့ ရွှေဝါရောင် တော်လှန်ရေးဟာ ရေဆန်ကို ခရီးဆက်နေရတုန်းပါပဲ။ m1အခုအချိန်အထိ အကြမ်းဖက်သမားလို့ စွပ်စွဲပြီး မတရားဖမ်းထားတဲ့ သံဃာတွေ၊ သီလရှင်တွေ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူလူထုနဲ့ နိုင်ငံရေးသမားတွေ အားလုံးကို စိတ်ဓာတ်မကျဖို့နဲ့ ပြည်ပကို ရောက်နေပေမယ့် ဦးဇင်းတို့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက် အားလုံးဟာ မြန်မာပြည်မှာ အားလုံးနဲ့အတူ အကျဉ်းကျနေဆဲလို့ ပြောချင်တယ်’’

’’ဆန္ဒပြတဲ့ သံဃာတော်တွေကို ဝိနည်းတော်နဲ့ မညီတဲ့ သံဃာတု၊ သံဃာယောင်တွေလို့ ဝါဒဖြန့်တယ်။ ဦးဇင်းတို့ဟာ အမျိုး ဘာသာ သာသနာ အရှည်တည်တံ့ရေး အထောက်အပံ့ပြုသူ ပစ္စည်းလေးပါး ဒကာ၊ ဒါယိကာမ ပြည်သူများ စစ်အစိုးရရဲ့ ဆင်းရဲမွဲတေ ဖိနှိပ်ခြင်းဘေးကြောင့် ဒုက္ခမရောက်စေခြင်းငှာ မေတ္တာဖြန့်ကျက် ကာကွယ်ဖို့ ကြိုးစားခဲ့တာသာ ဖြစ်တယ်’’

’’ဗုဒ္ဓဟာ စစ်တိုက်ရန် ချီတက်လာတဲ့ စစ်တပ်ကြီးကို ဘာကြောင့် တားမြစ်ခဲ့ပါသလဲ။ သူ့နိုင်ငံ၊ သူ့လူမျိုး ဘေးဒုက္ခ မရောက်စေခြင်းငှာ မေတ္တာဓာတ်နဲ့ တားမြစ်ခဲ့တာပဲ ဖြစ်တယ်’’

’’နေ့စဉ်နေ့တိုင်း အစိုးရ သတင်းစာ မျက်နှာဖုံးမှာ ဘုရားဒကာကြီးများ လုပ်ပြနေတဲ့ ဗိုလ်ချုပ်တွေဟာ အတုအယောင် သီလကြောင်တွေသာ ဖြစ်တာကို ရွှေဝါရောင် တော်လှန်ရေးက ဖော်ထုတ်ပေးသွားခဲ့ပါတယ်။ ဘာသာမတူတဲ့ အင်္ဂလိပ်ကို ဆန့်ကျင်စဉ်ကတောင် ရဟန်းအတုလို့ အသတ်မှတ်မခံခဲ့ရပါဘူး’’


ဦးဓမ္မဝံသ

(ပြည်တွင်း သံဃာ့ တပ်ပေါင်းစု ဦးဆောင် ဆရာတော်)

’’ဘုရားက မေတ္တာဝါဒီပဲ။ သတ္တဝါတွေရဲ့ ကောင်းကျိုးကို လိုလားတဲ့ ဝါဒလို့ ဖွင့်ဆိုလို့ ရတယ်။ ဦးဇင်းတို့က ဗုဒ္ဓရဲ့ လမ်းစဉ်နောက်ကို လိုက်နေတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ လူသားတွေရဲ့ အကျိုးကို ရှေးရှုရမယ်။ လူသားတွေ အခက်အခဲမှာ ငြိမ်နေလို့ မရဘူးလေ။ လူသားတွေ မဖြေရှင်းနိုင်တဲ့ ကိစ္စတွေကို ဦးဇင်းတို့ ရှေ့တန်းက ဖြေရှင်းတာဟာ နိုင်ငံရေးမှ မဟုတ်ဘဲ။ ပြောမယ်ဆိုရင် လူသားအရေး အားလုံးက နိုင်ငံရေးပဲ ဖြစ်တယ်။ ဒီလိုမျိုး တိုင်းသူပြည်သားတွေ မငြိမ်းမချမ်းဖြစ်နေတာက နိုင်ငံရေးပဲလေ။ ဘာသာရေး ဆိုတာကလည်း နိုင်ငံရေးအောက်မှာပဲ ရှိနေတယ်’’

’’နောင်လာမယ့် မျိုးဆက်တွေ နိုင်ငံရေး အသိအမြင် m2ထွန်းကားမလာတာနဲ့အမျှ သူတို့ဖိနှိပ်မှု အောက်မှာပဲ ပြားပြားဝပ်ပြီး ခေါင်းမဖော်နိုင် ဖြစ်သွားမယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းမှန်သမျှ နအဖနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ လက်ထဲ အကုန်ရောက်ကုန်ပြီ်’’

’’စစ်အာဏာရှင် သက်ဆိုးရှည်မယ့် ကိစ္စရပ်ကို မလိုက်လျောဘဲ၊ မတရားတဲ့ အမိန့်ကို မနာခံပဲနဲ့ ပြည်သူလူထု အနေနဲ့ နိုင်ငံရေး အသိနဲ့ တတ်နိုင်တဲ့ ဘက်က ဆန့်ကျင်တော်လှန်ကြပါလို့ ပြောချင်တယ်’’

၂ဝဝ၇ သံဃာ့လှုပ်ရှားမှု နောက်ပိုင်း သံဃာတွေကို ဘယ်လို ဖိနှိပ်မှုတွေ ရှိလာပါသလဲဘုရား။

’’သူတို့ ပါးစပ်က ထွက်တဲ့ ဥပဒေနဲ့ အုပ်ချုပ်နေတယ်။ ဘုန်းကြီးတွေ ည ၇ နာရီ မထွက်ရအမိန့်က အခုထိ မရုပ်သိမ်းသေးဘူး။ သူတို့ မထင်ရင် မထင်သလို အဲဒီ ပုဒ်မနဲ့ ဆွဲချင်လည်း ဆွဲတယ်’’

’’တရားဟောမယ့် သံဃာတွေဟာ သူတို့ ခွင့်ပြုချက်ရမှ ဟောရတာမျိုး ဖြစ်လာတယ်။ ဦးသုမင်္ဂလလို ပုဂ္ဂိုလ်မျိုးကျတော့ ကန့်သတ်ချက်တွေ ရှိတယ်။ ကျန်တဲ့ ဆရာတော်ကြီးတွေကျလည်း တရားဟောရက် သိပ်မပေးဘူး။ ဆောင်းရာသီ တရားပွဲကာလဆို ၅ ညလောက်ပဲ ခွင့်ပြုတော့တယ်’’

’’ဒုလ္လဘဝတ်ခွင့်ကျတော့ သူတို့ မျက်စိ ဒေါက်ထောက်ကြည့်နေတဲ့ NLD လူငယ်တွေ ၊ တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေဆိုရင် ဝတ်မယ့် ကျောင်းတွေကို ဖိအားပေးတာမျိုး ရှိတယ်’’

’’လှုပ်ရှားတဲ့ သံဃာ့တော်တွေကို သိသွားရင် ခေါ်ပြီးတော့ စစ်မေးတယ်။ နောက်မလုပ်ဖို့ လက်မှတ်ထိုးခိုင်းတယ်။ ဦးဇင်းကိုလည်း အဲဒီ ပုံစံမျိုး လုပ်ခိုင်းတယ်။ သိလို့ ရှိရင် သူတို့ကို အကြောင်းကြားပါတို့ သူတို့နဲ့ ပူးပေါင်းလုပ်ပါလို့ အဲဒါမျိုးတွေ လုပ်တယ်။ တဘက်က အခွင့်အရေးပေးတဲ့ ပုံစံမျိုးတွေ ရှိသလို တဖက်ကလည်း ကိုယ့်ကို စောင့်ကြည့်နေတယ်။ ကျောင်းတိုက်တွေကို အာဂန္တုရောက်လာရင် ဧည့်စာရင်း တိုင်ခိုင်းတယ်’’

၂ဝဝ၇ သံဃာ့လှုပ်ရှားမှုမှာပါတဲ့  သံဃာတွေ အကျဉ်းထောင်တွေထဲမှာ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပါသလဲဘုရား။

’’သံဃာတွေကို စဖမ်းကတည်းက ဘုန်းကြီးလို မဆက်ဆံဘူး။ ထောင်ထဲ ထည့်ပြီဆိုကတည်းက လူဝတ်လဲပြီးမှ ထည့်တာ။ လူတွေလိုပဲ ဆက်ဆံတယ်။ လူတွေလိုပဲ ခိုင်းတယ်။ သံဃာတော်တွေကို ရဲဘက်စခန်း ပို့တာက အဆိုးဆုံးပဲ။ အဲဒီလို ပို့လို့ အနှိပ်စက်ခံရ ပျံလွန်တော်မူကုန်ရတဲ့ သံဃာတွေ အများကြီးပဲ’’

အရှင်ဘုရားအနေနဲ့ ၂ဝဝ၈ အခြေခံ ဥပဒေအရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပါတီတွေအပေါ် ဘယ်လို သုံးသပ်ပါသလဲဘုရား။
m4
’’တဖက်သတ် သူတို့ အာဏာရရှိရေးအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ၊ မတရားတဲ့ ဥပဒေကို ဦးဇင်းတို့ လက်မခံဘူး။ အဲဒီဥပဒေကို အခြေခံထားတဲ့ ရွေးကောက်ပွဲကိုလည်း လက်ခံနိုင်စရာ မရှိဘူး။ ဒီရွေးကောက်ပွဲက စစ်အာဏာရှင်ကို  တရားဝင်အစိုးရအဖြစ် လက်ခံလာအောင် လုပ်တဲ့ ပွဲဖြစ်တယ်’’

’’ကြံ့ဖွံ့အသင်းကို စဖွဲ့ကတည်းက ရည်ရွယ်ချက်ရှိရှိ စီမံချက်ချပြီးတော့ ဖွဲ့စည်းတယ်။ ပြည်သူပိုင် အဆောက်အဦးတွေ အသုံးချတယ်။ အသင်းဝင်တွေ စည်းရုံးတာကအစ ကြံ့ဖွံ့ဝင်မှ ထောက်ခံစာပေးမယ်၊ အလုပ်ပေးမယ်ဆိုတာတွေနဲ့ စည်းရုံးခဲ့တာ။ ရွေးကောက်ပွဲလည်း နီးရော၊ အသင်းကနေ ပါတီဖွဲ့လိုက်တယ်။ မူလရှိတဲ့ အရေအတွက်က ပါတီဝင်တွေ ဖြစ်လာတယ်။ အဲဒီအသင်းက သုံးတဲ့ ပစ္စည်းရန်ပုံငွေတွေကို ပါတီပိုင်အဖြစ် ပြောင်းလွှဲလိုက်တယ်’’

’’သူတို့ လမ်းတွေ ခင်းပေးတယ်ဆိုတာကလည်း နိုင်ငံတော် ဘတ်ဂျက်နဲ့ ခင်းပေးတာပဲ။ တချို့ဆို မဲထည့်မလား၊ မဲထည့်မယ်ဆို လက်မှတ်ထိုး၊ လမ်းခင်းပေးမယ်ဆိုပြီး စည်းရုံးရေး ဆင်းခဲ့တာပဲ။ နိုင်ငံတော်ငွေ အလွဲသုံးစားလုပ်တဲ့ တရားမဝင် ပါတီကြီး ဖြစ်တယ်။ တတ်နိုင်တဲ့ လူတွေကနေ ကြံ့ဖွံ့ပါတီကို တရားမဝင် ပါတီအဖြစ် တရားစွဲပေးဖို့ သက်ဆိုင်ရာကို ဦးဇင်းတို့ မေတ္တာရပ်ခံတယ်။ ပြည်တွင်း တရားရုံးတွေကိုတော့ အားကိုးလို့ မရဘူး။ နာမည်သာ တရားရုံး၊ တကယ်တမ်းကျ အထက်လူကြီး အလိုကျ လုပ်ရတဲ့ မတရားရုံး ဖြစ်နေတယ်’’

အရှင် ဣဿရိယ
(သံဃာ့ တပ်ပေါင်းစုဆရာတော် ၊ ထိုင်းနိုင်ငံ)

သံဃာ့မဟာနာယက အဖွဲ့ဟာ ဘာကြောင့်  စစ်အစိုးရ လက်စွဲအဖွဲ့အစည်း ဖြစ်နေရသလဲ ရှင်းပြပေးပါ ဘုရား။

’’သံဃာ့မဟာနာယကတွေ အဆင့်ဆင့် ရွေးချယ်ကြတဲ့အခါမှာ သံဃာတွေက မဲပေးရွေးချယ်တာထက် နအဖ နဲ့ နီးစပ်တဲ့ ဆရာတော် အချင်းချင်း လက်ဆင့်ကမ်းသွားတဲ့ ပုံစံက များတယ်။ နအဖက အစဉ်အဆက် အဲဒီလို ချုပ်ကိုင်လာတယ်’’

သံဃာ့အရေးအခင်းများအပေါ်မှာ သံဃာ့မဟာနာယက အဖွဲ့က ဘယ်လို သဘောထား ရှိခဲ့ပါသလဲဘုရား။

’’၁၉၉ဝ သပိတ်တုန်းက သံဃာတော်တွေကို မန္တလေး တကာ၊ တကာမတွေက စုပေါင်းပြီး ၁၉၈၈ က ကျဆုံးသွားတဲ့ ကျောင်းသားတွေကို ရည်စူးပြီး ဆွမ်းလောင်းပွဲ လုပ်တယ်။ အဲဒီ ဆွမ်းလောင်းပွဲကို နအဖ စစ်အစိုးရကနေ သေနတ်နဲ့ ပစ်တယ်။ သပိတ်တွေကို ခြေထောက်နဲ့ ကန်တယ်။ မန္တလေးမှာ ရှိတဲ့ ဆရာတော်ကြီးတွေ အပါအဝင် လေးပြင်လေးရပ် သံဃာတော်တွေက သပိတ်မှောက်လိုက်တယ်။ နဝတနဲ့တကွ ဝန်ထမ်းတွေကို လုံးဝ မပတ်သက်တော့ဘူးဆိုပြီး ပတ္တနိက္ကုဇ္ဇနကံကို ဆောင်လိုက်တယ်’’
m5
’’အာဏာပိုင်တွေဘက်က ဒီသပိတ်ကို အဓမ္မ ပြန်လှန်ချင်တဲ့အတွက် အဲဒီအချိန်မှာ သံဃာ့မဟာနာယက အကျိုးတော်ဆောင်ချုပ် တိပိဋက ဆရာတော် ဦးဝိစိတ္တသာရဘိဝံသ မင်းကွန်းရောက်နေတာကို စစ်အစိုးရက  ရန်ကုန် ကြွဖို့ လာပင့်တယ်’’

’’ဆရာတော်က ပတ္တနိက္ကုဇ္ဇနကံကို ဆောင်ထားတာ ဖြစ်တယ်။ လိုက်လို့မဖြစ်ဘူး ပြောတော့ မလိုက်ရင် လိုက်တဲ့ နည်းနဲ့ ပင့်ရပါမယ် ဆိုပြီးတော့ ပြန်ပင့်လာတယ်။ အဲဒီ ပြန်ပင့်ပြီးတော့ ရန်ကုန်ရောက် ရောက်ရောက်ချင်းမှာပဲ ဆရာတော် မသိလိုက်ခင်မှာ အစည်းအဝေးလုပ်၊ သံဃာ့နာယက အမိန့်ဆိုပြီး တံဆိပ်တုံးတွေ ရိုက်ပြီးတော့ သူတို့ ပြောလို့ရမယ့် သံဃာတော်တွေ၊ သူတို့ ထိန်းချုပ်ထားတဲ့ သံဃာတော်တွေကနေ သတင်းစာထဲမှာ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်တာကို ပြန်လှန်တယ်ဆိုပြီး ကြေညာတယ်’’

’’ပတ္တနိက္ကုဇ္ဇနကံ ဆက်ဆောင်ထားတဲ့ သံဃာ့တော်တွေကို ဖမ်းဆိုပြီး လိုက်ဖမ်းလိုက်တာ ရန်ကုန်က တိပိဋက ဦးသုမင်္ဂလ၊ မန္တလေး မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဦးကောဝိဒ၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးရာဇဓမ္မ အပါအဝင် ရာနဲ့ချီ အဖမ်းခံရ ထောင်ကျကြရတယ်’’

’’အဲဒီကနေ ဆက်ပြီး လှုပ်ရှားမှုတွေရှိတယ်။ နအဖကလည်း ဆက်ပြီး ဖမ်းတယ်။ နောက်ဆုံး ၂ဝဝ၇ မှာ သံဃာတော်တွေ ဆန္ဒပြတဲ့အခါမှာ အရင်ကလိုပဲ ပထမ သံဃာ့နာယကကို အမိန့်ထုတ်ခိုင်းတယ်ကြားတယ်။ နောက်ပိုင်းကျတော့ ကြခတ်ဝိုင်း ဆရာတော်ကနေပြီး ပြဿနာ လုပ်လာတယ်။ တိုင်းမှူးဆီကို စာတွေ တိုင်တာကနေ အဲဒီစာတွေကို သံဃာ့နာယကကို ပြပြီးတော့ အမိန့်ထုတ်ခိုင်းတယ်လို့ ဦးဇင်းတို့ ကြားတယ်။ နောက် သံဃာ့နာယကအမိန့်အရ သပိတ်ပြန်လှန်ပါတယ်ဆိုပြီး ကြေညာတယ်’’

’’သံဃာတော်တွေ ကျောင်းတွေပြောင်းနေ လူဝတ်လဲနေရတယ်၊ တခြားနိုင်ငံကို ထွက်ပြေးနေရတယ်။ သံဃာတော်တွေက အကြီးအကဲ ခန့်ထားတဲ့အတွက် သံဃာ့နာယက က ကျကျနန အစိုးရကို တားမြစ်သင့်တယ်။ သူတို့အနေနဲ့ သံဃာတော်တွေ မေတ္တသုတ် ရွတ်တာ၊ သပိတ်မှောက်တယ်ဆိုတာ မြတ်စွာဘုရား လမ်းစဉ်ပဲ၊ ကျမ်းဂန်တွေမှာလည်း ရှိတယ်၊ အခုလို ဖမ်းဆီးနေတာ သာသနာကို စော်ကားတဲ့ အပြစ်ကြီးကို ကျူးလွန်နေတယ်ဆိုတာ သံဃာ့နာယက အဖွဲ့ကြီးသာ တကယ် စစ်မှန်ရင် သံဃာတော်များ ဘက်က ရပ်တည်မိန့်ကြားရမယ်။ အခုအချိန်ထိ သံဃာတော်တွေဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တာ တခုမှ မတွေ့ရသေးဘူး။ နအဖ ခိုင်းတာကိုပဲ လုပ်နေတယ်’’

သံဃာ့မဟာနာယကအဖွဲ့ကို အာဏာပိုင်တွေက ဘယ်လို  လုပ်ပိုင်ခွင့်တွေ  ပေးထားပါသလဲ ဘုရား။

’’သံဃာ့နာယကကို အာဏာပိုင်တွေက အခွင့်အရေး အများကြီး ပေးထားပါတယ်။ ကားကောင်းတွေဆိုရင် သူတို့ လက်မှတ်နဲ့ နိုင်ငံခြားကနေ ကားပါမစ်တွေ တင်သွင်းခွင့် ပေးတယ်။ တခြားလူတွေဆိုရင် အခွန်ဆောင်ရတယ်။ အဲဒီ ဆရာတော်တွေ ကျောင်းဆောက်ချင်တယ်ဆိုရင် သစ်ပါမစ်တွေ၊ ဘိလပ်မြေ ပါမစ်တွေ ပေးတယ်။ နိုင်ငံတော် ထုတ်ဈေးနဲ့ဆိုတော့ သက်သာတယ်။ နောက်တခုက ဗိုလ်ချုပ်ကြီးတွေ၊ ဝန်ကြီး တိုင်းမှူးတွေက အဲဒီ ဆရာတော်တွေကို ဆွမ်းကပ်တယ်၊ အလှူတွေကို ပင့်တယ်။ လာဘ်လာဘရွှင်တာပေါ့’’

အစိုးရက စာသင်သား သံဃာတော်တွေ မပြည့်စုံတဲ့ ကျောင်းတွေကို  ထောက်ပံ့ကူညီမှု ရှိပါသလားဘုရား။

’’အစိုးရအနေနဲ့ စာသင်သား သံဃာတော်တွေ မပင်ပန်းရအောင် ကျကျနန လှူဒါန်းသင့်တယ်။ အခုတော့ သံဃာ့တော်တွေက ၂ဝဝ၇ မှာ သူတို့ကို ဆန္ဒပြတယ်ဆိုပြီး သံဃာငယ်တွေကို အငြိုးထားပြီး ဘယ်ကျောင်းမှာတော့ နိုင်ငံရေး လုပ်တဲ့သူတွေ ရှိတယ်၊ ထွက်ပေးပါ၊ အဲဒီလို အမျိုးစုံ ဖိအားပေးနေတယ်’’

ဗုဒ္ဓသာသနာ ပေါ်ထွန်းကားစေလိုတဲ့ ဆန္ဒနဲ့  ပြည်ပထွက်ပြီး သာသနာပြုတဲ့ သူတွေရဲ့ အခက်အခဲတွေကို သိပါရစေဘုရား။
m6
’’တခြားနိုင်ငံတွေကို ထွက်ပြီး သာသနာပြုတာကလည်း ကိုယ်ပိုက်ဆံနဲ့ကိုယ် တိုက်ခန်းလေးတွေငှား တရားဟော တရားပြ ကိုယ်ထူကိုယ်ထ လုပ်နေကြတာပဲ ရှိတယ်။ ထိုင်း၊ သီရိလင်္ကာစတဲ့ တခြားနိုင်ငံတွေဆိုရင် နောက်ကနေ နိုင်ငံပိုင် ပိုက်ဆံတွေနဲ့ ထောက်ပံ့ပေးတယ်။ သူတို့ သံဃာတော်တွေကို လိုအပ်တာတွေကို သံရုံးတွေကနေ ကူညီဆောင်ရွက်ပေးတာတွေ ရှိတယ်။ ဦးဇင်းတို့ နိုင်ငံမှာ အဲဒီလို မရှိကြဘူး’’

’’ဦးဇင်းတပါး အိန္ဒိယမှာ ကျောင်းသွားတက်ရင်းနဲ့ သူပတ်စပို့ကို အလုခံရတယ်။ မြန်မာသံရုံးကို သွားတိုင်တယ်။ ဘာမှ ကူညီဆောင်ရွက်ပေးတာ မရှိတဲ့အပြင် စာအုပ်အသစ် ပြန်လိုချင်ရင် မြန်မာငွေနဲ့ ၁၅ သိန်းလောက် တောင်းတယ်’’

သံဃာထုက သံဃာ့နာယက အဖွဲ့အပေါ် ဘယ်လိုသဘောထားပါသလဲ။ သီးခြားသံဃာ့ အဖွဲ့အစည်းတွေ အကြောင်း မိန့်တော်မူပါဘုရား။

’’အခုလို နအဖဘက်မှာ အမြဲတမ်းရပ်တည်နေတဲ့အတွက် သံဃာထုက လုံးဝမကြိုက်ဘူး။ သံဃာ့အဖွဲ့အစည်းတွေ မြေအောက်အနေနဲ့ လှုပ်ရှားတာ အရင်ကတည်းက ရှိတယ်။ အခုလည်း ရှိနေတယ်။ မန္တလေး သံဃာ့သမဂ္ဂီ၊ ရန်ကုန်ကျတော့ ဦးဂမ္ဘီရနဲ့ သူငယ်ချင်းတွေကနေ ရန်ကုန် ရဟန်းပျိုသမဂ္ဂဆိုပြီး အဖွဲ့ဖွဲ့တယ်။ ပခုက္ကူကျတော့ သံဃာ့သမဂ္ဂီအဖွဲ့၊ သောတုဇနဘိက္ခုသံဃာအဖွဲ့ စတာတွေ ဖွဲ့ခဲ့တယ်။ ဒါတွေက တရားဝင် ဖွဲ့ခွင့် မရှိဘူး၊ အဲဒီ တံဆိပ်တုံးကို တွေ့ရင် အနှစ် ၃ဝ-၄ဝ အမိန့်ချတယ်။ အဲဒီလို ဦးဇင်းတို့ တဖွဲ့နဲ့ တဖွဲ့ ချိတ်ဆက် စုပေါင်းပြီးတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့လို့ တည်ထောင်တာ ဖြစ်တယ်’’

ပြည်တွင်း သံဃာတော်တွေ ဘယ်လို နိုင်ငံရေုးလှုပ်ရှားမှုမျိုး ရှိပါသလဲဘုရား။ ပြည်ပရောက် သံဃာတော်များနဲ့ လက်တွဲလုပ်ဆောင်နေကြပါသလား။

’’နအဖ စစ်အစိုးရက ၂ဝဝ၇ အရှိန်နဲ့ အခုထိ လိုက်ဖမ်းနေတယ်။ နအဖက နည်းနည်း အနံ့ရတာနဲ့ ဝင်ပြီးတော့ သံဃာတော်တွေရဲ့ ကွန်ပျူတာတွေ ၊မိတ္တူစက်တွေ အကုန် သိမ်းသွားတာတွေ ရှိတယ်။ နိုင်ငံရေးသက်သေခံ  ပြနိုင်သည်၊ မပြနိုင်သည် အဲဒီလိုမျိုး ခဏခဏ ဝင်သိမ်းတာတွေ ရှိတယ်။ သတင်းရတာနဲ့ပဲ ဖမ်းသွားတာ၊ အားလုံး စစ်ဆေးပြီးမှ ပြန်လွှတ်တာ၊ တချို့ ပြန်မလွှတ်တာတွေလည်း ရှိတယ်’’

’’သံဃာတော်တွေက အင်္ဂလိပ်လက်ထက် ဦးဥတ္တမ၊ ဦးဝိစာရတို့ ခေတ်ကနေ ဒီနေ့ခေတ်အထိ ဘယ်လိုပဲ ဖမ်းဆီးနှိပ်စက် နည်းနည်းလေးမှ အလျှော့မပေးဘူး’’
m7
’’ပြည်ပရောက်နေတဲ့ သံဃာတော်တွေက ပြည်တွင်းအဖွဲ့စည်းလေးတွေ လှုပ်ရှားနိုင်အောင် လိုအပ်တဲ့ အထောက်အပံ့တွေ ကူညီပေးတယ်’’

နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သံဃာတော်တွေနဲ့ ကျောင်းသား၊ ပါတီတွေ၊ တခြား ဘာသာဝင်တွေ ဆက်စပ် လှုပ်ရှားတာ ရှိပါသလားဘုရား။

’’ကျောင်းသားတွေနဲ့ ဟိုအရင်ကတည်းက ဆက်စပ်လှုပ်ရှားမှုတွေ ရှိသလို အခုလည်း ပေါင်းပြီး လုပ်နေတာတွေ ရှိပါတယ်။ ကျောင်းသားတွေ ဖြန့်ချင်တဲ့ စာရွက်စာတမ်းတွေ ခွပ်ဒေါင်း တံဆိပ်တွေ အစရှိတာကို သံဃာတွေက ဝိုင်းဖြန့်ပေးတာ ရှိသလို၊ သံဃာထုဖြန့်ချင်တဲ့ စာရွက်တွေကို ကျောင်းသားတွေက ဖြန့်ပေးတာလည်း ရှိပါတယ်။ ပါတီကြီးတွေထဲ ဝင်ဆောင်ရွက်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ပါတီထဲက အမတ်တွေ ခေါင်းဆောင်တွေနဲ့ တိတ်တဆိတ် ဆွေးနွေးကြတာ ရှိပါတယ်’’

’’ထောက်လှမ်းရေးက နောက်ကနေ အမြဲတမ်း စောင့်ကြည့်နေတဲ့အတွက် သံဃာတော်တွေအနေနဲ့ တကယ်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ရဖို့ တော်တော်ကို ခက်ပါတယ်။ သွားတွေ့တာနဲ့ ဒီကိုယ်တော်က နိုင်ငံရေး လုပ်တဲ့ ကိုယ်တော်ဆိုပြီး ကျောင်းကနေ နှင်ထုတ်တာတွေ၊ လိုက်ဖမ်းတာတွေ လုပ်တဲ့အခါကျတော့ တွေ့ချင်ရင် လျှို့ဝှက်တွေ့နေရပါတယ်’’

’’တခြားဘာသာဝင်တွေနဲ့ ဆက်စပ်လုပ်ကိုင်တာက အားနည်းပါတယ်။ ၂ဝဝ၇ သံဃာတော်တွေရဲ့ လှုပ်ရှားမှုကို ထောက်ခံလာတဲ့ အခါကျမှ ခရစ်ယာန်၊ မွတ်ဆလင် စတဲ့ တခြားဘာသာဝင်တွေ လမ်းမပေါ် ထွက်လိုက်လာတာပါ။ ဘာသာရေး ခေါင်းဆောင် အချင်းချင်း ပူးပေါင်းဖို့ကလည်း အင်မတန် အားနည်းပါတယ်’’

No comments:

Post a Comment