“ဒုက္ခ၏ အက်ကြောင်းရှာပုံတော်”
ရွှေဝါရောင်တော်လှန်ရေးကြီးက သုံးနှစ်ပြည့်မြောက်ခဲ့လေပြီ။ တို့ရဟန်းရှင်လူ ပြည်သူတို့ရဲ့ သွေး မျက်ရည်တွေဟာလည်း တတိယံပိအနာတရ စိတ်တွေကိုယ်စီနဲ့ မနေ့တနေ့ကမှ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်ကြီးတခုလို ပူနွေးဆူပွတ်နေလိမ့်မပေါ့။ လူ့ဘဝဆိုတာဟာ မငြိမ်းနိုင်တဲ့ မီးတောက်ကြီးထဲမှာ ပြုံးလိုက်ရယ်လိုက် ငိုယိုမြည်တမ်းလိုက်နှင့်ပဲ သတ္တဝါတွေ သံသရာထဲ သံသရာလည်နေကြတာလေ။ “မစင်တွင်းထဲက လောက်တွေ” လိုပါပဲ လူ့လောကထဲက လူဆိုတာဟာ သိပ်ထူးပြီး မကွာခြားလှပါဘူးနော် လောက်ကောင်တွေကမှ မစင်စွန့်သူရှိတိုင်း စားနိပ်ရိပ်ခါ ဖူလုံနေပါအုန်းမယ်။ ဒီဘဝကြီးထဲမှာ လူဖြစ်ကြရတာလည်း လောက်ကောင်လောက်မှ နေပျော်စရာမရှိပါလား။ တခါတခါ သူဌေးတွေအိမ်က (နို့သောက်လိုက်၊ အသားတုံးတွေစားလိုက်၊ ပါမုန့်တွေစားလိုက်)နဲ့ အမွေးစုတ်ဖွားကြီးတွေနဲ့ ဇိမ်ကျနေတဲ့ ခွေးတွေကို ရန်လိုမိတယ်။ လူဆိုတာထက်ကို ၎င်းတို့က မြင့်မြတ်ကြီးကျယ်လှပါလား။ သံသရာကြီးကို ဘယ်လိုတရားစီရင်မှု့တွေနဲ့ ခြယ်မှုန်းထားကြ ပါသလဲ။ ကမ္ဘာကြီးကတော့ အငြင်းအခုန်၊ အလှည့်အပြောင်းတွေ စုံလင်စွာနဲ့ ထီးတည်းကြီး တည်မြဲလို့ သူ့ရဲ့ကျောပြင်ထက်က ပျော်ရွှင်မြူးထူးမှုတွေ၊ ပေါက်ကွဲပျက်စီးမှုတွေ၊ ငိုယိုညည်းတွားမှုတွေကို အမြဲတစေ ဥပက္ခာပြုလျှက်နဲ့ပဲ အပြုံးအရယ်ကင်းမဲ့စွာ အချိန်တန်လျှင် အရာအားလုံးကို တစစီတစစီ ဝါးမြိုလျှက်ပါပဲ။ စာရေးသူအနေဖြင့် ကိုယ်လိုအမျိုးစားတူ ဒုက္ခသည်တွေအတွက် တခုခု ပေးချင်မိတယ် ကိုယ့်မှာပေးစရာ မှတ်သားစေနိုင်လောက်တဲ့ အကြောင်းအရင်းကလည်း မရှိ သို့အတွက်ပဲ ကိုယ်တိုင် အမှတ်မထင် ရထားခဲ့တဲ့ အရာလေးတခုအား လက်ခံချင်သူ လက်ခံပါစေတော့ရယ်လို့ သတ္တဝါ အပေါင်းတို့အား သံသရာဝဋ်ဆင်းရဲအပေါင်းမှ ငြိမ်းအေးချမ်းသာနိုင်ကြပါစေသော စိတ်ထားဖြင့် လက်လှမ်းမှီသလောက် တရားသဘောကို ဆုပ်ကိုင်ကာ မေတ္တာတရားရှေ့ထားလျှက် သပုရိဿအပေါင်း သူတော်ကောင်းတို့အား ဖြန့်ဝေလိုပါသော ဆန္ဒတို့ဖြင့် ဤဆောင်းပါးအား တင်ဆက်မိခြင်းရယ်ပါ။
ခေတ်အခါကြီးသည် ဆန်းကြယ်သော မယုံနိုင်၊ လိုက်မမှီနိုင်သော အကြောင်းတရား ပေါင်းစုံတို့ဖြင့် ခေတ်မှီတိုးတတ်ပြောင်းလဲနေကြခြင်းအား မည်သူမျှ မငြင်းနိုင်ကြသလို လူသားတို့သည်လည်း သာ၍ ယဉ်ကျေးသိမ်မွေ့လာနေကြပါတယ်။ ဤသို့ လူ့ယဉ်ကျေးများ နေထိုင်ကြကုန်သော လောကကြီးတွင် လူသားတို့သည် မိမိ၏ အမျိုး၊ ဘာသာ၊ သာသနာ၊ မိမိတိုင်းနိုင်ငံ၊ မိမိမြို့ရွာတို့၌ လွတ်လပ်ပွင့်လင်းစွာ နေထိုင်လျှက် ကမ္ဘာကြီးတခုလုံးအား လှည့်လည်သွားလာကြရင်း ရင်းနှီးမြှပ်နှံမှုများအား လုပ်ကိုင်နိုင်ကြပြီး နေထိုင်သွားလာ နေကြသည်မှာ အားကျအတုယူစရာပင် မဟုတ်ပါလား။ သို့ရှိပါလျှက် သန်းပေါင်းများစွာသော ကမ္ဘာ့လူဦးရေထဲမှ ကျနော်တို့၏ ဒုက္ခသည် (Refugee) တစ်စုသည် အဘယ်သော အကုသိုလ်ကံ အကျိုးပေးဖြင့် ကိုယ့်နိုင်ငံ၌လည်း မနေနိုင်၊ မနေထိုင်ဝံ့၊ ကိုယ်နိုင်ငံထဲ၌ ဆက်လက်၍ အသက်ရှင်နေထိုင်ခွင့်ကိုလည်း မရရှိ တော့ပဲ သူတပါးနိုင်ငံများ၌ ခိုလှုံခွင့်တောင်းခံနေကြ ရပါသလဲ။ လူအနည်းစုကလေးဖြစ်သော (Refugee) သတ္တဝါထဲမှ ကျနော်တို့ မြန်မာ (Refugee) တို့မှာ မြန်မာနိုင်ငံအား ဦးဆောင်အုပ်ချုပ်မှု ညံ့ဖျင်းသည့် စစ်အာဏာရှင်တို့၏ ငတေမာရင်ပြီးရောဆိုတဲ့ အတ္တကြောင့်တစ်ကြောင်း (Refugee) ဘွဲ့ရခဲ့ကြသလို ကမ္ဘာ့နိုင်ငံ အသီးသီးတို့၌လည်း စစ်ပွဲများ၊ ဘာသာရေးအစွန်းရောက်မှုများ၊ ငတ်မွတ်ခေါင်းပါးခြင်း စသော အကြောင်းတရား အမျိုးမျိုးတို့ဖြင့် (Refugee) များ ရှိခဲ့၊ ရှိနေ၊ ရှိလျှက်ပဲ ဖြစ်နေပါ၏လေ။ အမှန်အားဖြင့် လူသတ္တဝါလို့ ဖြစ်လာပြီ ဆိုကတည်းက ကိုယ်စီ လူဖြစ်ရတဲ့ ဒုက္ခပေါင်းစုံတို့ကို ခံစားနေခဲ့ကြရမည်သာ သို့ပါ၍ လူသားတိုင်းတို့သည် (Refugee) များသာဖြစ်ပါသည်ဟု ပြောလျှင်ငြင်းသာကြလိမ့်မည်တော့မဟုတ် နိုင်ငံပိုင်ရှိပြီး လွတ်လပ်ပျော်ရွှင် မော်ကြွားနိုင်ခွင့်ရှိ (Refugee) နှင့် နိုင်ငံမဲ့၊ ဆွေမဲ့မျိုးမဲ့ ငြိုးငယ်လျှက်ရှိကြပါသော (Refugee) ဟုသာ ကွာခြားနေမည်သာ။
ဗုဒ္ဓဘာသာဝင် တဦး၏ အမြင်မျိုးဖြင့် ယထါဘူတ တရားနည်းလမ်းတကျ ရှု့မြင်ကြည့်ရပါလျှင် ကျနော်တို့၏ သံသရာတလျှောက် ဖြစ်တည်ခဲ့ကြသော ကံအကြောင်းတရားသည်လည်း ဒုက္ခသည် ဖြစ်ဖို့ရန်အတွက် အလွှဲမသွေ အကြောင်းတရား တခုဖြစ်တည်ခဲ့၍သာ လူအများစု ထဲမှ ကျနော်တို့ ဒုက္ခသည်အနည်းစုသည် အဆိုးနှင့်အမှောင်အတွင်းသို့ ဆိုက်ရောက်ကြ ခြင်းသာ ဖြစ်ပေလိမ့်မည်ဟု ပြောချင်ပါ၏။ မည်သို့ဆိုစေ အတိတ်ဘဝ ကံ အကြောင်းတရား တို့အား ယခုဘဝ၏ ဖြည့်ဆည်းကျင့်ကြံသော ကံတရားတို့ဖြင့် ပြုပြင် ဖာထေးလျှက် ကုစား ကျော်လွှားကြရမည်သာ မဟုတ်ပါလား။ သို့အတွက်ပဲ နယ်မြေသစ်မှာ လူးလွန့် နေထိုင်ကြရင်း မှ ဒုက္ခတွင်းနှတ်ခမ်းပေါ်သို့ ကြိုးစားတတ်လှမ်းနေကြရရင်း ဉာဏ်စွမ်းရှိကြသလောက် ကိုယ်စီ ဘဝတွေ တိုးတတ်ပြောင်းလဲရေးကို ကြိုးစားနေကြရသလို တဖက်မှလည်း ကံအားဖြည့်ကြဖို့ လိုအပ်နေပါမည်ဟု တိုက်တွန်းချင်ပါသည်လေ။ “ကံဆိုးသူမောင်ရှင်” “ငနီပါလှေမှောက်” စသည့်ကံနှင့် ပတ်သက်ရာ စကားပုံလေးတွေလည်း ရှိလေသည် မဟုတ်ပါလား။ ဗုဒ္ဓ ဘာသာဝင်မှန်လျှင် ကံကံ၏အကြိုးကို သိသာ နားလည်လွယ်ကြမည်သာ ဆောင်းပါး၏ အစပိုင်းသည်လည်း စာရေးသူ၏ အားနည်းချက်ဖြင့် ရှည်လျှားလွန်းလှပါပြီ။ စာရေးသူ ပြောလိုသော အချက်များက ကွက်ကွက်ကွင်းကွင်း မရှင်းလှသေး တကယ်တမ်း၌ စာရေးသူ သည် နိုင်ငံရေးမှာ တစတနမှ မပါဝင်မပတ်သက်ပါပဲ ပတ်သက်ရာ ပတ်သက်ကြောင်း အကြောင်းတရား တစုံတရာကြောင့်သာ ဤသို့ဒုက္ခသည် ဘဝအား ကျရောက်ခဲ့ရပါတော့၏။ ပြုခဲ့မိဘူးပါသော အတိတ်ကံ၏ အကြိုးပေးလို့ဆိုရမလားပေါ့။
စာရေးသူသည် မိမိရပ်တည် နေထိုင်ရှင်သန်နိုင်ရေးအတွက် ပင်ပန်းဆင်းရဲစွာဖြင့် ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေထိုင်ရပါ၏။ ဤသည်ကား ဒုက္ခသည်တိုင်းလိုလိုပင် ဖြစ်နေကြသည်ဟု ထူး၍ပြောခြင်းလည်း မဟုတ်ပါ။ ဒီလိုလုပ်ကိုင်စားသောက်နေရရင်း တနေ့မှာတော့ စာရေးသူ၏ လုပ်ငန်းခွင်ထဲ၌ အသက်အန္တရာယ်နှင့်နီးစွာသော အက်စီးဒင့်မျိုး တနေ့တည်း နှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့ရပါ၏။ ထိုနေ့က အလွန်ပင်စိတ်ဓါတ်ကျလျက် လူတကိုယ်လုံးလည်း အလွန်ပင် ကိုက်ခဲနာကျင် နေပါတော့၏။ သို့အတွက်ပဲ ညနေ အလုပ်သိမ်းချိန်မှာ ရေးမိုးမချိုးတော့ပဲ နည်းနည်းတော့ သောက်လိုက်စားလိုက်အုန်းမယ်လို့ စိတ်ကူးကာ အပြင်သို့ အသောက်အစားပြုလုပ်ရန်အတွက် အဝယ်ထွက်ခဲ့ပါတော့၏ လမ်းခုလတ် တနေရာအရောက်တွင် ဘယ်လိုမှ ထင်မှတ်မထားပဲ ဦးဇင်းတပါးနှင့် သွားတွေ့ပါတော့၏။ ဦးဇင်း၏ ဘွဲ့အမည်တော့ မမှတ်မိနိုင်တော့ပါ ဦးဇင်းပြောပြသွားသော တရားများသည်သာ နှလုံးသားထက် မမေ့ပျောက်နိုင်စရာ မှတ်မိနေပါတော့၏။ ထိုသို့ ဦးဇင်းတပါးဖြင့် မထင်မှတ်ပဲ ဆုံတွေ့ရစဉ်က ကြောင်တောင်တောင်နဲ့ပဲ မြန်မာတို့၏ ဓလေ့အတိုင်း ကဗျာကရာနဲ့ပဲ လက်အုပ်လေးချီ ဦးခိုက်မိလေတော့ ဦးဇင်းကဒကာတော် မင်းကရုပ်ရည်လေးတော့ အသင့်သင့်ရှိပါလျှက် မင်းကြည့်ရတာ -
သဗ္ဗေဓမ္မာ အနတ္တာ ။
ယဒ္ဒါပညာယ ပဿတိ ။
အထနိဗ္ဗိန္ဒတိ ဒုက္ခေ ။
ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ ။
အနက်ကာ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဓမ္မာ၊ ခန္တာငါးပါးတရားတို့သည်။ အနတ္တာ၊ အနတ္တ မည်ကုန်၏။ ယဒ္ဒါ၊ အကြင်အခါ၌။ ပညာယ၊ ပညာဖြင့်။ ပဿတိ၊ ရှု့မြင်၏။ အထ၊ ထိုသို့ရှု့ မြင်သောအခါ၌။ ဒုက္ခေ၊ သံသရာဝတ်ဆင်းရဲ၏။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏ ဖြစ်နေပါကောလားတဲ့။ မှန်ပါ့ဦးဇင်း စိတ်နဲ့လူနဲ့ကတော့ ဦးဇင်းပြောသလို ဖြစ်နေပြီးလား မသိတော့ပါဘူး ဆိုပြီး မိမိဟာ တိုင်းပြည်က ထွက်ပြေးလာခဲ့ရပါသော ဒုက္ခသည်ဖြစ်ကြောင်း ဒီနေ့အလုပ်ထဲမှာ အန္တရာယ် နှစ်ကြိမ်ဖြစ်ခဲ့ရတဲ့ အကြောင်း ထို့ကြောင့်ပဲ စိတ်ညစ်လွန်းလို့ အသောက်အစား ပြုလုပ်ရန်အလို့ငှာ အဝယ်ထွက်ခဲ့ပါကြောင်းကိုပြောတော့ ဦးဇင်းက အေးကွ ကံ အကြောင်း တရားတွေပေါ့ ဒကာ ဒီ့အတွက်တော့ မသောက်စားပါနှင့် မင်းတို့လို ဒုက္ခသည်တွေအတွက် တစ်စုံတရာ အထောက်အကူပေးနိုင်စေမယ့် ဘုရားရှစ်ခိုးနည်းလေးတစ်ခု သင်ပေးခဲ့မယ်။ ဘုရားရှစ်ခိုးပုံလေးလိုက်မှတ်ကွဲ့ ဆိုပြီးအောက်ပါ ခင်ပွန်းကြီးဆယ်ပါး ဘုရားရှစ်ခိုးပုံကို ပြောပြပါတော့တယ်။
“ခင်ပွန်းကြီးဆယ်ပါးအား ဘုရားကိုရည်ဆူး၍ ကန်တော့ခန်း”
ပထမဦးဆုံး ဗုဒ္ဓအရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိနေသည်ဟု စိတ်ကရည်မှန်းပြီး ဘုရားရှင် ရှေ့တော်မှောက် မိမိရောက်ရှိနေပြီဟု ယူဆကာ ဘုရားရှင်၏ ခြေအစုံကို မိမိ လက်ဆယ်ဖြာဖြင့် ထိ၍ဦးခိုက်ပြီး ဒီလိုရွတ်ကွယ့် ဒကာ။
သက်တော်ထင်ရှား အရှင်တော်မြတ်ဘုရား ဘုရားတပည့်တော်သည် မသိမလိမ္မာမှီက ဖြစ်မှားမိခဲ့ဖူးသည်များ ရှိခဲ့ပါက ကြေပျောက်ပပျောက်နိုင်ပါစေရန် ဗုဒ္ဓရှင်တော်မြတ်ဘုရား ကိုယ်တော်ထံပါး၌ တောင်းပန်ကန်တော့ခွင့် ပြုတော်မူပါဘုရား။
ဘုရားတပည့်တော်သည် သံသရာအစမှနေ၍ ယနေ့တိုင် ရှင်တော်မြတ်ဘုရား ကိုယ်တော် မြတ်ကြီးများပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ဖြစ်မှားမိခဲ့သည်များ ရှိခဲ့ပါလျှင် ကြေပျောက် ပပျောက်နိုင်ပါစေရန် လက်ဆယ်ဖြာထိပ်မှာမိုးလျှက် ရှစ်ခိုးပါ၏ဘုရား။ (ဘုရားရှင်တော်မြတ်၏ ခြေစုံပေါ်သို့ ဦးသုံးကြိမ်ချပါ။) ဤနည်းအတိုင်းပဲ ဘုရားတပည့်တော်သည် သံသရာအစမှနေ၍ ယနေ့တိုင် ပစ္စေက ဗုဒ္ဓအရှင်တော်မြတ်ကြီးများပေါ်၌။ ။ (ရှေ့နည်းအတိုင်း ဦးသုံးကြိမ်ချပါ)
။ ။ အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာမြတ်ကြီးများအပေါ်၌။ ။
။ ။ ရဟန္တာမြတ်ကြီးများ အပေါ်၌။ ။
။ ။ အမိ အဖများ အပေါ်၌။ ။
။ ။ လိမ္မာစေရန် သွန်သင်ဆုံးမပေးသော ဆရာသခင် ကျေးဇူးရှင်များ အပေါ်၌။ ။
။ ။ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ဖြည့်ကျင့်နေကြကုန်သော လူပုဂ္ဂိုလ်၊
ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်များ အပေါ်၌။ ။
။ ။ တရားဓမ္မများအား သွန်သင်ဆုံးမ လမ်းညွန်ပြသဖူးသော ဆရာသခင်
ကျေးဇူးရှင်များအပေါ်၌။ ။
။ ။ ထမင်းတလုပ် ရေတမှုတ် စသည်ဖြင့် ပေးကန်းစောင့်ရှောက်ကူညီခဲ့ဖူးသော
ကျေးဇူးရှင်များအပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ပစ်မှာမိခဲ့သည်များ ရှိခဲ့ပါလျှင် ကြေပျောက်ပပျောက်နိုင်ပါစေရန် လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှစ်ခိုးပါ၏ ဘုရားဟု ရွတ်ဆိုဦးခိုက်ကန်တော့ရတယ် ဒကာ။
အဲဒီမှာပြောလိုတာက အမိအဖနှစ်ပါးက တစ်ပေါင်းတည်းဦးခိုက်ရပါတယ်။ ပြီးတော့ အဂ္ဂသာဝက၊ မဟာသာဝကဆိုတာက လေးသချေ်နဲ့ ကမ္ဘာတစ်သိန်းကြာ သံသရာမှာ ဘုရားဖြစ်ဖို့ အမျိုးမျိုးသော ဘဝတွေကို ဖြတ်သန်းပြီးကာမှ ဘုရားအဖြစ်ကို ရခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို တစ်သချေ်နှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ကြတဲ့ လက်ဝဲတော်ရံ အရှင်မောဂ္ဂလန်နဲ့ လက်ယာတော်ရံ အရှင်သာရိပုတ္တရာကို ပြောတာကွယ့်။ ရိုးရိုး ရဟန္တာတွေက ဘုရားရှင်ကို ကမ္ဘာတစ်သိန်းကြာ ပါရမီဖြည့်ခဲ့ကြတဲ့ ပုဂ္ဂိုလ်မြတ်ကြီးတွေပဲပေါ့ ကျန်တာတွေကတော့ အလွယ်တကူနဲ့ပဲ ရှင်းရှင်းသိနိုင်ပါတယ်။ အဲဒီလို ခင်ပွန်းကြီးဆယ်ပါးကို ကန်တော့ခြင်းဖြင့် အခုဘဝရော သံသရာတစ်လျှောက်မှာပါ ကိုယ်ပြုခဲ့ဖူးတဲ့ အမှားတွေ အပစ်တွေရှိခဲ့လျှင် ကိုယ်ဆောက်တည် အားထုတ်တဲ့ အပေါ်မူတည်ပြီး ကျွတ်ပါလွတ်ပါတယ်။ ခင်ပွန်းကြီးဆယ်ပါးကို မှန်မှန်ကန်တော့ခြင်းအားဖြင့်လည်း အခြားအကျိုး ထူးတွေအဖြစ် ရောက်လေရာအရပ် ဖြစ်တည်ရာဘဝမှာ ငတ်မွတ်ခေါင်းပါးခြင်းကင်းတယ် ကူညီကယ်တင်မယ့် သူတွေ့တယ် ကောင်းမွန်စွာ သင်ယူဆည်းပူးခွင့်စတဲ့ ကောင်းကြိုးတွေလည်း ရရှိလာနိုင်ပါတယ် ဒကာတော်။ နောက်ပြီး ဒကာ့ကို ခင်ပွန်းကြီး ဆယ်ပါးနဲ့ ပတ်သက်တဲ့ ဒကာတို့နားလည်လွယ်မယ့် သူရဲ့ခင်ပွန်းကြီး တပါးကို ရိုသေစောင့်သိပုံ ခင်ပွန်းကြီးတပါးရဲ့ သတ္တိတန်ခိုး အကြောင်းကို ပြောပါအုန်းမယ်။
တခါက ဧည့်သည်လူနှစ်ယောက်တို့ဟာ ခရီးသွားရာလမ်းခုလတ်မှာ သစ်သားတွေ သယ်လာသော နွားလှည်းတစ်စီးအားတွေ့ကြတော့ နွားလှည်းမောင်းတဲ့ ဆရာက သူ့ရဲ့ နွားဖြူကြီးနှစ်ကောင်ကို “ဖေ့သားကြီးတွေ ရုန်းလိုက်ကြကွယ့်၊ ရဟန်း ဒကာကြီးတွေ ဖြစ်အောင် ကြိုးစားကြပါအုန်းကွယ့်” ဟု ပြောတော့။ နွားဖြူကြီး နှစ်ကောင်မှာ ရုန်းကြ ပြန်တာပေါ့။ အဲဒါကို မြင်ကြတဲ့ဧည့်သည်နှစ်ယောက်တို့ဟာ ပထမလူက စ၍ “ဘယ်လိုလဲဗျ သူ့နွားကြီးတွေကို နွားလှည်းဆရာက ရဟန်းဒကာကြီးတွေဖြစ်အောင် ကြိုးစားကြပါအုန်းလို့ ပြောနေတယ်ဗျ” ဟု ဒုတိယလူအားပြောတော့ အေးဗျ ဆန်းတော့အဆန်းပဲဟု ဒုတိယလူက ပြောတယ် ပထမလူက ဆက်ပြီး “ကျုပ်တော့ သိပ်ပြီးသိချင်တယ်ဗျ သိရအောင်လုပ်မှပဲ” ဟု ဆိုကာ နွားလှည်းစီသို့ ချည်းကပ်သွားပြီး နွားဖြူကြီးတစ်ကောင်၏ နံဘေးစီသို့ ခြေထောက်ဖြင့် ခပ်ဖော့ဖော့ကန်လိုက်တာပေါ့ ပထမလူရဲ့ ကင်းဘတ်ဖိနပ်ရာ မည်းမည်းကြီးဟာ နွားဖြူကြီးရဲ့ ကိုယ်ပေါ်မှာ အထင်းသားပေါ်၍သွားတာပေါ့ ခေါင်းပေါင်းစ တထောင်ထောင်နဲ့ နွားလှည်း ဆရာကြီးလည်း ငှက်ကြီးတောင်ဓါးကို ကိုင်ပြီး လှည်းပေါ်မှ ဆင်းလာကာ “ဟေ့ မိမဆုံးမ ဖမဆုံးမသား ငါ့ရဲ့ခင်ပွန်းကြီးတွေကို ဆော်ကားတာ သေဖို့သာပြင်ပေတော့၊ အေးမသေခင် မေးရအုန်းမယ် ဘာကြောင့် ဒီလိုလုပ်ရတာလဲ” လို့ နွားလှည်းဆရာက သူ၏ဓါးကို ပထမလူရဲ့ လည်ကုတ်ပေါ်မှာ တင်ပြီး အထက်ပါတိုင်းပြောလိုက်တော့ ပထမလူက “ဒီလိုပါ မိတ်ဆွေ ခင်ဗျားက ခင်ဗျားနွားကြီးတွေကို ရဟန်းဒကာကြီးတွေလို့ ခေါ်လိုက်သံကြားလို့ ဘာအဓိပ္ပာယ် လည်းဆိုတာ သိချင်လို့ စမ်းသပ်မိတာပါ။ ခင်ဗျားနွားကြီးတွေကိုရော၊ ခင်ဗျားကိုရော ဆော်ကားလိုစိတ် ကျုပ်မှာ နှမ်းစေ့တစ်စေ့ လောက်တောင် မရှိကြောင်း သစ္စာဆိုပြပါ့မယ်” ဟု အစချီ၍ သစ္စာဆိုပြတာပေါ့ နွားလှည်းဆရာက “ဒီမှာကိုယ့်လူ ကျုပ်ပေါင်းထားတဲ့ ပိုးခေါင်းပေါင်းဟာ သူတို့ရဲ့ကိုယ်မှာ ချွေးထွက်ရင်သုတ်ဖို့ ပေါင်းထားတာ အိမ်ကိုလည်း လိုက်ပြီးကြည့်အုန်း သူတို့ကို ခြင်ထောင်နဲ့သိပ်တာ ခြင်ထောင်ကလည်း ကျုပ်တို့အိပ်တဲ့ ခြင်ထောင်မျိုး ချုပ်ပေးထားတာ ကျုပ်ကိုထမင်းရှာကျွေးနေတဲ့ ကျုပ်ရဲ့အသက်သခင် ကျေးဇူးရှင်ကြီးတွေ ဖြစ်တယ်။ ကန်တော့ပွဲနဲ့ကို ကန်တော့မှ ကျေနပ်နိုင်မယ်” လို့ နွားလှည်းဆရာက ပြောလိုက်တော့ ဒုတိယ လူလည်း နီးရာဈေးသို့သွားပြီး ငှက်ပျောသီး၊ အုန်းသီးနှင့် ဇလုံတစ်လုံးပါဝယ်ယူရတာပေါ့ ဒုတိယလူ ပြန်ရောက်တဲ့အခါ ပထမလူအနီးမှာ လူထုပရိတ်သတ်ကြီးလည်း စည်ကားလျှက်ရှိနေပြီ ဒုတိယလူက ပထမလူကို ကန်တော့ပွဲ ပေးလိုက်မှ ပထမလူက နွားကြီးရှေ့မှာ ကန်တော့ပွဲကိုချ နွားလည်းဆရာ၏ မျက်နှာကို ကြည့်တာပေါ့ အဲဒိအခါမှာ နွားလှည်းဆရာက “ဟော့ဒိကျုပ်ရဲ့ကျေးဇူးရှင်နှစ်ဦးနှင့် ကျုပ်ဟာ အခုလို အတူတကွ အလုပ်လုပ်ကြပြီး ရတဲ့လုပ်ခကို အညီအမျှသုံးစုခွဲပြီးယူကြတယ် သူတို့အဖို့လည်း ဝါးကျည်ထောက်ထဲမှာ ရသမျှဝေစုကို မှန်မှန်စုပေးပြီး တစ်နှစ်တခါ ဝါဆိုလရောက်တိုင်း သူတို့ရတဲ့ငွေတွေနဲ့ သင်္ကန်းပရိက္ခရာတွေဝယ်ပြီး ပဉ္ဇင်းခံအလှူကို လုပ်တယ် သူတို့ရဲ့ပိုက်ဆံနှင့် ပဉ္ဇင်းခံပေးခဲ့တာ အခုဆိုရင် ပဉ္ဇင်းအပါးတစ်ရာကျော်ရှိပြီး ခင်ဗျားဟာ လူဖြစ်ပြီး ပဉ္ဇင်းတစ်ပါးရဲ့ အလှူမျိုးလှူဖူးရဲ့လား” ဟုဆိုပြီးပြောတော့ ပထမ လူလည်း “မလှူဖူးပါဘူးဗျာ” ဟုပြောလေတော့ လှည်းဆရာက “ကဲ့ကျုပ်ရဲ့ ကျေးဇူးရှင် ခင်ပွန်းကြီးတွေလည်းဖြစ် ပဉ္ဇင်းတကာကြီးတွေလည်းဖြစ်တဲ့ သူတို့ကို ကန်တော့ပေတော့ မကန်တော့ရင်တော့ ခင်ဗျားရဲ့ခေါင်းဟာ ထက်ပိုင်းပြတ်ပြီး ဟော့ဒိကတ္တာရာလမ်းပေါ်ကို ရောက်ပြီလို့သာမှတ်ပေတော့” ဟုဆိုကာ ဓါးကို မြှောက်လိုက်သဖြင့် ပထမလူလည်း “မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ ကန်တော့ပါမယ်၊ အဲအဲ ကန်တော့တာက ခေါင်းပြတ်မှာဆိုးလို့ မဟုတ်ပါဘူး ကျုပ်ကိုယ်တိုင်က ကန်တော့ချင်လို့ပါ” ဟုဆိုကာ မျက်နှာသုတ်ပဝါဖြင့် နွား၏ကိုယ်ပေါ်က ခြေရာကို ပွတ်၍ဖျက်ပြီး ကတ္တာရာလမ်းပေါ်မှာ ကျုံ့ကျုံ့လေးထိုင်လို့ နွားများကို ကန်တော့လိုက်တော့တာပါပဲ။ ကိုင်း ဒီလောက်ဆို ဒကာလည်း နားလည်လောက်ပါပြီနော် ကဲ့လက်စနဲ့ နောက်ထပ်တစ်ခုက ဒကာ့လို အန္တရယ်များတဲ့ အလုပ်တွေထဲမှာ လုပ်နေရသူတွေအတွက် မန္တန်တစ်ခု လက်ဆောင်ပေးခဲ့ပါအုန်းမယ်လေ ဆိုပြီး ဩောင်တစ်ရာ့ရှစ်ကွက် မန္တန်တော်အား အောက်ပါအတိုင်း ရွတ်ပြပါတော့၏။
ဩောင်တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်……
တစ်ဆယ့်လေးချက် ဓမ္မစက်……
တစ်ဆယ့်ရှစ်ချက် သံဃာ့စက်……..
လရောင်ဝန်းလျှက် ရှင်ပစ္စေက ဗုဒ္ဓရဟန္တာစက်………..
မြင့်မိုရ်တောင်ဦး မကကျူးလျှက် မိဘစက်……….
ဂုဏ်ကျေးဇူးကို အထူးသိလျှက် ဆရာ့စက်………..
ဗြမ္မစိုရ်လက်နက် ဗြမ္မစက်………
ဝရဇိန်လက်နက် သကြားစက်………
လောင်မီးကျလျှက် နတ်တို့စက်……..
ဘွဲ့ဖြူလက်နက် ဘီလူးစက်……….
တောင်ဟုန်ပြင်းလျှက် ဂဠာန်မင်းစက်……….
အာဝဇ္ဇာန်မှ ဝင်းဝင်းတောက်လျှက် နဂါးစက်……….
သုံးတောင်သင်္ချာ ဟိမဝန္တာ အာဏာစိုးလျှက် သီဟစက်……..
စက်ကြီးတစ်ဆယ့်သုံးပါး ရွတ်သံကြားက ဘေးများမြင်မှု့ မကောင်းမှု့ကို ဝေးကကျဉ်ရှောင် အောင်စေတတ်သည့် မြတ်သည့် ပညာဆရာတည်း။ ဩောင်နမော ဗုဒ္ဓနုဘာဝေန၊ ဩောင်နမော၊ ဓမ္မနုဘာဝေန၊ ဩောင်နမော၊ သံဃာနုဘာဝေန၊ ဩောင်နမော၊ ဒူဝေ၊ ဒူဝေ သွားဟုန်ဟုန်………..
ဦးဇင်းရဲ့ မာန္တန်ကို ရွတ်ပြအပြီးမှာ ဦးဇင်းကို ဦးခိုက်ကန်တော့လိုက်ချိန်မှာတော့ ဦးဇင်းဟာ ဆုအမျိုးမျိုးပေးပြီး ဆက်လက်ကြွတော်မူသွားပါတော့တယ်။ ကိုယ့်စိတ်ထဲမှာတော့ ဦးဇင်းရယ် တပည့်တော်တို့ရဲ့ မြန်မာပြည်ကြီးမှာ ဩောင်တစ်ရာ့ရှစ်ကွက် မန္တန်တော်မြတ်ကြီးအား ရွတ်ဖတ် ခဲ့ကြပါသော်လည်း တရားမဲ့ စစ်အာဏာရှင် လက်ကတော့ မလွတ်နိုင်ပဲ ရှိခဲ့ကြရမယ့် သူတွေတောင် ရှိကောင်းရှိနေမယ် ထင်ပါရဲ့ဗျာလို့ တွေးမိ နေပြန်ပါသေးတယ်။ ထိုနေ့အဖို့မှာတော့ အသောက်အစားလည်း မပြုလုပ်ဖြစ်တော့ပဲ အိမ်သို့သာ ပြန်ခဲ့မိပါတော့သည်။
သတ္တဝါအပေါင်း ဒုက္ခ၊ အခက်အခဲပေါင်းစုံတို့မှ လျော့နည်းလွတ်မြောက်နိုင်ကြပါစေ။
သူတော် (ငရဲမြို့)
No comments:
Post a Comment