Sunday, December 26, 2010

သူ့အတွေးအမြင် လီကွမ်ယူးနှင့်မာကြောက်ကစားခြင်း ” --လန်ထောင်စပ်စုလေး ဟစ်တိုင်

သူ့အတွေးအမြင်

 “ လီကွမ်ယူးနှင့်မာကြောက်ကစားခြင်း ”
--လန်ထောင်စပ်စုလေး

(အခန်း-၁)
+ စင်္ကာပူမှာ ၀န်ကြီးချုပ်မဖြစ်ခင် ဟိုးတချိန်က
လီကွမ်ယူး(Lee Kuan Yew)ဟာ မြန်မာပြည်ရန်ကုန်မြို့မှာ
`မာကြောက် Mahjong´ကစားဘူးခဲ့တယ်….။
သူချည်းဘဲ နိုင်တယ်ဆိုဘဲ…….။

+ မာကြောက်ဆိုတာက
ဆင်စွယ် သို့မဟုတ် ပလတ်စတစ်တုံးတွေနဲ့ လုပ်ထားတဲ့
တရုပ်ရိုးရာဖဲတမျိုးဘဲ…….။

၎-၅ ယောက် ကစားရတဲ့
ဖဲကစားနည်းတမျိုးပေါ့……..။

+ ၁၉၅၉ စင်္ကာပူမှာ ၀န်ကြီးချုပ်ဖြစ် အခြေကျတော့လဲ
သူ့တိုင်းပြည်ကို မာကြောက်လိုကစားခဲ့တာဘဲ…၊
သူဘဲနိုင်တယ်ဆိုတာ သိပြီးရောပေါ့…..။

+ သူက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲရင့်ပြတ်သားရိုးသားမှုကိုတန်ဘိုးထား၊
ဦးနု ဦးသန့်တို့ရဲ့ ပြည်တော်သာစီမံကိန်းကိုသဘောကျ အတုယူ၊
လက်တွေ့အကောင်အထည်ဖေါ်
အောင်အောင်မြင်မြင် ကစားပြခဲ့တယ်…။

ဒါပေမဲ့….၊ သူ့မှာ`၀ှက်ဖဲ´တွေရှိတယ်လို့
အများကပြောကြတယ်……….။

+ အခု သူဝန်ကြီးချုပ်အဖြစ်က အနားယူ
အဆင့်မြင့်အကြံပေးဝန်ကြီး(Minister Mentor) အဖြစ်နဲ့လဲ
သူမာကြောက် ကစားတုံးဘဲ
မာကြောက်ကစားဖို့ စိတ်ဝင်စားတုံးဘဲ…တဲ့။

သူကိုယ်တိုင် ၀င်မကစားတောင် ဘေးကထိုင်ကြည့်ပြီး
အကြံကောင်း ဥာဏ်ကောင်းတွေ ပေးတတ်တယ်…..တဲ့။

(အခန်း ၂)

 + ဗိုလ်ချုပ်အောင်ဆန်းကတော့ Sporting Spirit အားကစားစိတ်ဓာတ်အကြောင်း မိန့်ခွန်းခြွေ ရှင်းပြခဲ့ဘူးတယ်…၊ နိုင်ငံရေးအပါအ၀င် ဘယ်ကစားပွဲမှာ မဆို ပြိုင်ဖက်၊ ဒိုင်၊ ပရိသတ် စတာတွေ တရားမျှတမှုရှိမှ အားလုံးကျေနပ်ပြီး ပျော်ရွှင်မှု အောင်မြင်မှု ရနိုင်မယ်…..။ (အခန်း ၃)

+ ကဗျာဆရာ အောင်စပ်စု(Ong Satt Suu) ဟာ
ကိုကျော်ဝင်း(၇၄-၇၅) ကတဆင့်
ကမ္ဘာသိ သတင်းစာဆရာ အွန်ကွတ်ဟ် (Aun Koh) နဲ့
ဒဿနဘုရင် (Philosopher King) တို့ခေါ်သွားလို့
စင်္ကာပူ သမ္မတနန်းတော် `အစ်တန်နာ´
အနောက်ဆောင် အောက်ထပ်မှာရောက်နေတယ်….။

မကြာပါဘူး…. ကြိုတင်ချိန်းဆိုထားတဲ့အတိုင်း
သူနဲ့ နံမည် ရှေ့စာလုံးတူ
အာဆီယမ် အတွင်းရေးမှူးချုပ်ဟောင်း
အောင်ခေ့ယောင်(Ong Keng Yong ) လာခေါ်လို့
သမ္မတနန်းတော် အပေါ်ထပ်ကို သူလိုက်တက်သွားတော့
ပန်းနုရောင်ရှပ်အင်္ကျီဝတ်ထားတဲ့ လီကွမ်ယူးကို
မာကြောက်စားပွဲခုံဘေးမှာ သူတွေ့ရတယ်…..။

+ အန်းကုံး(အဘိုးကြီး) လီကွမ်ယူး မေးတာတွေ သူပြန်အဖြေပြီးမှာတော့
အောင်ခေ့ယောင်က
‘တွာကိုး(အစ်ကိုကြီး) မင်း…မေးချင်တာမေး´ဆိုလို့………..။

+ စပ်စုက သူနဲ့ အိန္ဒိယမှာ နည်းနည်းနီးစပ်တဲ့
FTUB အကြောင်းရှင်းပြပြီး မေးခွန်းအချို့မေးလိုက်တယ်……။
လီကွမ်ယူးက သူတို့ PAP (People’s Action Party= ပြည်သူ့လှုပ်ရှားမှုပါတီ)ဟာ
၁၉၅၅ ထဲက အခုထိ Trade Union တွေကို အားကိုးတဲ့အကြောင်း၊
တိုင်းပြည်တိုင်းဟာ တကယ်အလုပ်လုပ်တဲ့ ကိုယ့်နိုင်ငံသား ဘယ်သူ့ကိုမဆို
Migrant Worker ပါမကျန် အသေအချာ အကာအကွယ်ပေး
တန်ဘိုးထားစေါင့်ရှောက်ကူညီသင့်တယ်တဲ့၊ အသေးအဖွဲက အစပေါ့။
 + ကျောင်းသားကျောင်းသူ လူငယ်တွေကို အစဉ်အမြဲ အားကိုးယုံကြည်တဲ့
ဘဘဦးတင်ဦးနဲ့ ရဲဘော် ဖိုးသံချောင်းအကြောင်း စပ်စုကမေးတော့…၊
၁၉၅၅ စင်္ကာပူရွေးကောက်ပွဲ ကတည်းက
ကွန်မြူနစ်တွေ ၀င်ပြိုင်တာ ကြိုဆိုလက်ခံခဲ့တယ် ဆိုတဲ့အကြောင်း
လီ က အရင် စဖြေတယ်…….။

ဘဘဦးတင်ဦးနဲ့ ကိုဖိုးသံတို့ရဲ့ လူငယ်တွေအပေါ်
အရည်အချင်းရှိစေချင်တာ၊ အမြင်ကျယ်စေချင်တာ၊
ခေတ်မှီစေချင်တာ၊ အမြဲတိုးတက်နေစေချင်တာ တွေဟာ
သူ့ဆန္ဒ သူလုပ်ခဲ့တာတွေနဲ့ တထပ်တည်းဘဲတဲ့……၊

တပြိုင်နက်တည်းမှာဘဲ…၊ လူငယ်တွေကို
ဇနီးခင်ပွန်းကောင်းတွေ၊ မိဘကောင်းတွေ၊
သစ္စာရှိမိတ်ဆွေကောင်းတွေ ဖြစ်အောင်လဲ
အမြဲပြုစုပျိုးထောင်ပေးရမယ်တဲ့….။
 + NCGUB လို့ စပ်စုက စယုံရှိသေး…၊ လီကွမ်ယူးက
`ဘယ်အစိုးရမဆို ၀န်ကြီးချုပ် ၀န်ကြီးတာဝန်တွေ လက်ခံလိုက်ပြီ ဆိုတာနဲ့
ကိုယ့်ကိုယ်ကို အတော် `ဆုံးမ´ ယူရတယ်…တဲ့။

ကိုယ့်အကျိုး၊ ကိုယ့်မိသားစု အကျိုး၊ ကိုယ့်မိတ်ဆွေအပေါင်းအသင်းအကျိုးထက်၊
လူထုအကျိုးကို ဦးစားပေးရမယ်ဆိုတာ…..
တဖွဖွ သတိပေးနေရတယ်…….´တဲ့။

`တကယ်တော့ ဒီရွေးချယ်မှုဟာ
နိုင်ငံခေါင်းဆောင်တယောက်အတွက်
စိန်ခေါ်မှုလဲ ဖြစ်ပါတယ်…..´တဲ့။

`ပြဿနာအသစ်တွေဆိုတာ
နိုင်ငံခေါင်းဆောင်တယောက်အတွက်
အမြဲရှိနေတတ်လို့ လစ်လျူရှု မဖြေရှင်းလို့ မဖြစ်ဘူး….´တဲ့၊
စပ်စု `ဆွံ့အ´ သွားတယ်….၊ တလေးတနက်လဲ စဉ်းစားနေမိတယ်….။

+ လီကွမ်ယူးဟာ
လက်တွေ့အလုပ်ဖြစ်ရေးဝါဒ(Pragmatism) အကြောင်းကိုတော့
သူကဘဲ စပြောတယ်…..။

`အရပ်ပုသလောက် ခေါင်းကြီးတဲ့သူ´လို့
တိန့်ရှောက်ပင် အကြောင်း သူချီးမွမ်းနေတုံး…..
စပ်စုက အရပ်မမြင့်တဲ့ အန်ကယ်ဦးဝင်းတင် ကိုဘဲ
ခဏခဏ သတိရနေတယ်…..။
 လီကွမ်ယူးက
`အန္တရာယ်ကို အမြင်တတ်ဆုံး၊ အချိန်အခါကို အရွေးချယ် အတတ်ဆုံးလူ´လို့
နိဂုံးချုပ်လိုက်တော့…..၊
စပ်စုက ဦးဝင်းတင်အကြောင်းသိသမျှ ပြန်ပြောပြမိတယ်….၊
`အပြောင်းအလဲကို အသိအမှတ်ပြုနိုင်သူ၊ စီမံခန့်ခွဲနိုင်သူ၊
လက်တွေ့ကျသူ…..စသည်ဖြင့်…´ပေါ့။

+ ဒီလိုနဲ့ လီကွမ်ယူးဟာ
သူနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကွမ်ရင်မယ်တော် ရုပ်ထုကို လှမ်းကြည့်လက်ညှိုးထိုးပြီး
`The lady´ လို့ တခွန်းတည်း ပီပီသသ ပြောလိုက်တယ်……၊
------------------------------------------
------------------------------------------
------------------------------------------
စပ်စုတယောက် ထူပူတုန်လှုပ်သွားတာဟာဖြင့် နှလုံးသွေး ရပ်မတတ်ဘဲ၊
ရှိုက်သံတချက်နဲ့အတူ
မျက်ရည်တွေ ပါးပေါ်ကို အလိုလို စီးကျလာခဲ့တယ်…..၊
စပ်စု ဘာမှမမေး ဘာမှမပြောဘဲ ငြိမ်နေမိတော့တယ်………….။
ဒီအချိန်မှာ လီကွမ်ယူးဟာ စပ်စုကို မကြည့်တော့ဘဲ
ကွမ်ရင်မယ်တော် (Guan Yin) ရုပ်ထုကိုဘဲကြည့်ပြီး
အောင်ခေ့ယောင်ကို တရုပ်လိုတွေပြောတယ်…၊
တရုပ်စကား ၄-၅-၁၀ လုံးထက် ပိုမတတ်တဲ့ စပ်စု
သူဘာတွေပြောနေတယ်ဆိုတာ မသိတော့ဘူး…..။

+ နောက်ဆုံး လီကွမ်ယူးကိုနှုတ်ဆက် အရိုအသေပေးပြီး
စင်္ကာပူသမ္မတနန်းတော်ပေါ်က အောင်ခေ့ယောင် နဲ့အတူ ဆင်းလာချိန်မှာတော့…၊
အောင်ခေ့ယောင်က
`လီကွမ်ယူးဟာ Lady နဲ့ သိပ်တွေ့ချင်တဲ့အကြောင်း၊
Lady ရဲ့ တပ်မတော်သားတွေ အပါအ၀င်
မြန်မာပြည်သူပြည်သား တိုင်းရင်းသားတွေအပေါ်ထားတဲ့
စစ်မှန်တဲ့ မေတ္တာတရား ကရုဏာတရားကို သူလေးစားတန်ဘိုးထား
အသိအမှတ်ပြုတယ်ဆိုတဲ့အကြောင်း….၊

သူ့အနေနဲ့ စင်္ကာပူပြည်သူပြည်သားတွေအပေါ် မိဘမေတ္တာအတိုင်း…၊
တခါတရံ ကရုဏာဒေါသောတွေနဲ့ အုပ်ချုပ်ခေါင်းဆောင်ခဲ့ပေမဲ့….၊
Lady ကတော့ Virtual Reality မဟုတ်တဲ့
ဖြူစင်သန့်ရှင်းတဲ့ မေတ္တာ ကရုဏာအစစ်အမှန်တွေနဲ့
တပ်မတော်သားတွေ အပါအ၀င်
မြန်မာပြည်သူပြည်သား တိုင်းရင်းသားတွေအပေါ်
အခုအထိ ဇွဲသတ္တိရှိရှိ မကြောက်မရွံ့ အပြုံးမပျက်
မှန်မှန်ကန်ကန် ခေါင်းဆောင် စေါင့်ရှောက်နေနိုင်တုံးမို့…..၊
`ကွမ်ရင်မယ်တော် Goddess of Mercy´ လို့ဘဲ သူမှတ်ယူထားတယ်…ဆိုတဲ့အကြောင်း…..၊
ပြန်ပြောပြတယ်…..။

(အခန်း ၄)

+ အစ်တန်နာနန်းတော် အောက်ဆုံးထပ် ကားပေါ်မတက်ခင်မှာတော့
အောင်ခေ့ယောင်က စပ်စုကို လီကွမ်ယူးရဲ့လက်ဆောင် ဆိုပြီး
စာရွက်ကလေးတရွက်ထုတ်ပေးတယ်……၊
တရုပ်ဝေါဟာရမူရင်းနဲ့ အင်္ဂလိပ်လိုအဓိပ္ပါယ်ပါတဲ့ စာရွက်ကလေးပေါ့….။

စာရွက်ပေါ်မှာ….၊
XIUSHEN - ကိုယ့်ကိုယ်ကို စေါင့်ရှောက် ပြုစု ပျိုးထောင်
အသုံးဝင်တဲ့သူဖြစ်အောင် အားထုတ်ပါ….၊
QIJIA - မိသားစုကို စေါင့်ရှောက်ပါ…….၊
ZHIGUO - ကိုယ့်တိုင်းပြည်ကို စေါင့်ရှောက်ပါ…..၊
PINGTIANXIA - ကောင်းကင်အောက်ရှိ အရာအားလုံး ငြိမ်းချမ်းပါစေ…..၊…တဲ့။
 ဒါ လီကွမ်ယူးရဲ့နီတိဘဲ…..၊ ဒဿနဘဲ….၊

နိုင်ငံရေးကစားပွဲတွေရဲ့
ပြည်သူလူထုလှုပ်ရှားတက်ကြွ ပါဝင်လာအောင်လုပ်ဖို့
ရိုးစင်းတဲ့ `၀ှက်ဖဲ´တွေ ဘဲ….. တဲ့။

(အခန်း ၅)

+ မြန်မာပြည်ကိုကျေးဇူးဆပ် ဂုဏ်ပြုမှည့်ခေါ်ထားတဲ့
စင်္ကာပူမြို့ကြီးရဲ့ `ရန်ကုန်လမ်း´၊ `မန္တလေးလမ်း´၊ `ပုသိမ်လမ်း´၊
`မော်လမြိုင်လမ်း´၊ `ပဲခူးလမ်း´ တွေကို လှည့်ပတ်ကြည့်ရှုပြီး
တည်းခိုရာ ဟော်တယ်အခန်းကိုပြန်အရောက်မှာတော့
စင်္ကာပူသမ္မတနန်းတော်ပေါ်မှာ
`လီကွမ်ယူးနဲ့ မာကြောက်ကစား´ပြီး
အဓိက အားကိုးစရာ ကွမ်ရင်မယ်တော် အပါအ၀င်
လီကွမ်ယူးရဲ့`၀ှက်ဖဲ´တွေကို အပိုင် သိခွင့်ရလိုက်လို့
စပ်စု အားပါးတရ`ဒို့အရေး ဒို့အရေး´လို့ ယောင်ပြီးအော်လိုက်မိတယ်….။

ထောင်ထဲမှာဆိုခဲ့ကြတဲ့ `ပြည်တော်ပြန်´သီချင်းထဲက
`အခါတော်ရောက်ချိန် နီးလို့လာပြီ အန်တီစုနဲ့ ဘဘတို့ရေ….´
`အခါတော်ရောက်ချိန် နီးလို့လာပြီ ပြည်သူများနဲ့ ကျောင်းသားတို့ရေ…..´
`အခါတော်ရောက်ချိန် နီးလို့လာပြီ ကိုယ်စလှယ်များနဲ့ ဘုန်းဘုန်းတို့ရေ….´
`အခါတော်ရောက်ချိန် နီးလို့လာပြီ UG များနဲ့ ဗက တို့ရေ…….´ လို့
သူ အားပါးတရ အော်ဟစ် သီဆိုလိုက်တယ်……။

အန်တီစု၊ ဘဘဦးတင်ဦး၊ အန်ကယ်ဦးဝင်းတင်တို့
ဦးဆောင်လမ်းညွှန် ပါဝင် ကစားနေပြီဖြစ်တဲ့
၂၀၁၀ ပြည်သူလူထု နိုင်ငံရေးကစားပွဲကြီးမှာ
မာမာနဲ့ မကြောက်တမ်း အဓိကနေရာက ပါဝင်ကူညီကစားကြမဲ့
ကျောင်းသူကျောင်းသား လူငယ်လူရွယ် ပြည်သူလူထုအပေါင်းကို ရည်စူးပြီး
စပ်စု ဒီ`ကဗျာ´ရှည်ကြီးကို ရေးချလိုက်တယ်……..။ ။

လန်ထောင်စပ်စုလေး (၁၂-၅-၂၀၁၀)

14-May 2010
www.hittaing.org
www.hittai.org
www.hittai.net
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြ ပေးပါမည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
အမှန်တရား လိုလားသူ စာရေးဆရာများကို အစဉ်လေးစားပါသည်။
စေတနာ ဖြူစင်သည့် စာရေးဆရာများနှင့် စာဖတ်သူ မြန်မာပြည်သားတို့ အကြား ဆက်သွယ်ပေးနေပါသည်။

လွတ်လပ်ခြင်း၊ငြိမ်းချမ်းခြင်းနှင့် အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်ချက်ဖြင့်
--ဟစ်တိုင် ၀ိုင်းတော်သားများ

No comments:

Post a Comment