Monday, January 31, 2011

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေး လုပ်ငန်းများ.....

ကမ္ဘာမြေကြီးကို ကျေးဇူးဆပ်ခြင်း (သို့) ကုသိုလ်ယူခြင်း
နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ မြို့နယ်၊ ၄၂ ရပ်ကွက် မြေနေရာ အနေအထားသည် ပလပ်စတစ် (ကြွတ်ကြွတ်အိပ်) အမှိုက်ပုံကြီး ဖြစ်သည်။ အဆောက်အဦးများ ဆောက်လုပ်ရာတွင် မြေကိုတူးယူ၍ ပုံမှန်အတိုင်း ဆောက်လုပ်၍ မရ။ စက်ပိုင်ကြီးများဖြင့် ပိုင်တိုင်များ ရိုက်သွင်း၍ အဆောက်အဦးများကို ဆောက်လုပ်ခဲ့ရသည်။ သာမန်မြေတွင် ဆောက်လုပ်သော အဆောက်အဦးများထက် ကုန်ကျငွေ (၃) ဆ ခန့်ပို၍ ကုန်ခဲ့သည်။ ယခုဆိုလျှင် ကုန်ကျငွေ မြောက်များစွာဖြင့် အဆောက်အဦးများ ဆောက်လုပ်ကာ ဆေးဝါးကု သပေးမှုများ၊ နာရေးပို့ဆောင်မှုများ မြောက်များစွာကို (အခမဲ့) ထမ်းရွက်ပေးနေပြီ ဖြစ်သည်။ သို့သော် နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးတည်ရှိရာ နေရာဌာန၌ သစ်ပင်ပန်းပင်များ၊ အရိပ်ရ အပင်ကြီးများ၊ သီးပင်စားပင်များ စိုက်ပျိုးနိုင်ရန်အတွက် မြေအနေအထားကို ပြုပြင်ပြောင်းလဲ ထိန်းသိမ်းမှုများကို ပြုလုပ်နေရပြီဖြစ်သည်။ နဂိုရှိပြီးသား မြေသားအညံ့များကို တူးယူဖယ်ရှားပစ်ရန် အခက်အခဲများစွာ ရှိသည်။ ကုန်ကျငွေများစွာ ရှိမည်။ စက်ယန္တရားကြီးများ အကူအညီများစွာ လိုအပ် မည်။ ထို့အပြင် ဖယ်ရှားလိုက်သော မြေသားအညံ့များအစား ပြန်လည်၍ ဖို့မြေအဖြစ် အသုံးပြုရမည့် မြေသားထုထည် မြောက်များစွာ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ စိုက်ပျိုးမြေ အစားထိုး မည့်ကိစ္စရပ်အား လက်လျော့လိုက်ရသည်။
၃၀.၁.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် စိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်ရန်အတွက် မြေဆီ မြေနှစ်များ ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀ယ်ယူ၍ မြောက်ဥက္ကလာမြို့နယ်၊ သုမိတ္တာ (၂၁) လမ်းရှိ “ဝေယျဝိစ္စအဖွဲ့လူငယ်များ” (၂၅) ယောက်သည် ကုသိုလ်ဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မြေဆိုး၊ မြေညစ်များအပေါ်သို့ သဘာဝမြေဆီမြေနှစ်များကို လာရောက်၍ သစ်ပင်ပန်းပင် စားပင်၊ အရိပ်ရ အပင်ကြီးများ စိုက်ပျိုးနိုင်အောင် မြေသားညှိပေးခြင်း၊ တူးဆွပေးခြင်းများကို ဝေယျဝိစ္စ ရှမ်းအိုး စည်ဝိုင်းဖြင့် အားကြိုးမာန်တက် အမျိုးသားများတင်မက အမျိုးသမီးများ၊ ကလေးငယ်များကပါ တစ်နေကုန် လုပ်ဆောင်ပေးဆပ် ခဲ့ကြသည်။ ယင်းကဲ့သို့ “ဝေယျဝိစ္စ အဖွဲ့လူငယ်များ” လာရောက် လုပ်အားပေးခြင်း သည် ပျက်စီးနေသော ကမ္ဘာမြေကြီးအား ပြန်လည်၍ ကောင်းမွန်လာရန် ပြုပြင်ပေးခြင်း (သို့) ကမ္ဘာ မြေကြီးအား ကျေးဇူးဆပ်ခြင်း (သို့) ကုသိုလ်ယူခြင်းပင် ဖြစ်တော့သည်။

မကြာတော့မည့် ပစ္စုပ္ပန်အချိန်ကာလ၌ နာရေးကူညီမှုအသင်း(ရန်ကုန်) မြေနေရာဌာနသည် လူသားအကျိုးသယ်ပိုးမည့် လူမှုရေးသမားများ လှုပ်ရှားနေမည့် အဆောက်အဦးကြီးများ၊ ကျန်းမာရေး ကူညီစောင့်ရှောက်ကုသမှု ပြုလုပ်မည့် အဆောက်အဦးကြီးများ၊ မျိုးဆက်သစ်လူငယ် ကလေးငယ်များ မွေးဖွားပေးမည့် အဆောက်အဦးကြီးများ၊ တိုင်းပြည်၏ ပညာရေးတိုးတက်စေမည့် ပညာတတ် ကလေးငယ်များ မွေးဖွားပေးမည့် အဆောက်အဦးကြီးများနှင့်အတူ စိမ်းလန်းစိုပြေသော လူမှုရေး သမားများ နားခိုရာ နေရာဌာနတစ်ခု ဖြစ်လာတော့မည် မလွဲပေ။

မျိုးဆက်သစ်တို့ဖြင့် စတည်ခြင်း
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှ စတင်၍ အများ ပြည်သူတို့၏ နာရေးကိစ္စများကို (အခမဲ့) ကူညီပံ့ပိုး ဖေးမမှုများ ပြုလုပ်ခဲ့ရာ ယခု ၂၀၁၁ ခုနှစ်၊ ဇန်န၀ါ ရီလ (၁) ရက်နေ့တွင် (၁၀) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလအတွင်း၌ (၁၀) နှစ်မြောက် အခမ်းအနား တစ်ရပ် ကျင်းပရန်အတွက် စီစဉ်မှုများ ပြုလုပ်ခဲ့သော်လည်း ယင်းအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပလိုခြင်း၊ စည်းကမ်းရှိရှိ စနစ်တကျ ပြုလုပ်လိုခြင်း၊ မြန်မာပြည်အနှံ နာရေးကူညီမှုအသင်း၊ လူမှုရေးအသင်း များအား ဖိတ်ကြားလိုခြင်း၊ အလှူရှင်အပေါင်းတို့အား ကြွရောက်စေလိုခြင်း ဆန္ဒများဖြင့် ယခုတည်ဆောက်လျှက် ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခန်း၊ စာကြည့်တိုက်၊ ပညာသင်ကြားရေးနှင့် လူမှုရေးသင်တန်းများ ပါဝင် သော အဆောက်အဦးသစ်ကြီး ပေါ်ထွန်းလာမည့် ဧပြီလ သင်္ကြန်ပွဲတော်အပြီး ၂၃ ~ ၂၄ (စနေနေ့/ တနင်္ဂနွေနေ့) (၂) ရက်တိုင်တိုင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ 

ယင်း နာရေးကူညီမှုအသင်း(ရန်ကုန်) (၁၀) နှစ်မြောက် အခမ်းအနားတွင် ကြွရောက်လာကြသော ဧည့် ပရိသတ်များ၊ အလှူရှင်များအား ဖျော်ဖြေမှုများပြုလုပ်ရန်အတွက် လူမှုရေး မျိုးဆက်သစ် ကလေးငယ်များအား သင်တန်းနည်းပြ ဆရာများဖြစ်သော ဒေါ်ဧရာမောင်မောင်၊ ဒေါ်နီနီအေး၊ ဦးဝင်းကိုနှင့် အကူ ဆရာ/မများမှ ဦးစီး၍ လူမှုရေး မြန်မာ/အင်္ဂလိပ်သီချင်းများအား အကနည်းပြဆရာများနှင့် ယူနီဗာဆယ်စတူဒီယိုမှ ကီးဘုတ်ပညာရှင် ကိုဇာနည်နှင့်ဇနီးတို့မှလည်း လာရောက်ကာ သီချင်းတိုက်ပေးခြင်း၊ အကတိုက်ပေးခြင်းတို့ကို လုပ်အားဒါနများ ပြုလုပ်ပေးနေကြသည်။

ဖေဖော်ဝါရီလကုန် ကလေးသူငယ်များ စာမေးပွဲပြီးစီးသည့် အချိန်မှစ၍ (၁၀) နှစ်မြောက် အခမ်းအနား မကျင်းပမီအချိန်ကာလအတွင်း နာမည်ကြီး အဆိုတော်များမှလည်း မျိုးဆက်သစ်တို့၏ စွမ်းအားများကို လာရောက် မြှင့်တင်ပေးမှုများ ပြုလုပ်ပေးမည်ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၀) နှစ်မြောက် အခမ်းအနားပွဲကို ၂၀၁၁ ခုနှစ်၊ ဧပြီလ (၂၃) ရက် စနေနေ့တွင် နံနက် (၉း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအထိ ဈေးရောင်းပွဲများ၊ ဖျော်ဖြေပွဲများ၊ ဂီတလူမှုရေး သူရဲကောင်းဂုဏ်ပြုပွဲ ကျင်းပခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ (၂၄) ရက် တနင်္ဂနွေနေ့တွင် မြန်မာပြည်အတွင်းရှိ နာရေး/လူမှုရေး အသင်းများအား တွေ့ဆုံမိတ်ဆက်ပွဲကို ကျင်းပမည် ဖြစ်ပါသည်။ ယင်းတွေ့ဆုံ မိတ်ဆက်ပွဲ စကားဝိုင်းအား ဖိတ်စာများသီးသန့် ပေးပို့ရန် အခက်အခဲရှိပါသဖြင့် တစ်ဆင့်စကား တစ်ဆင့်ပါးခြင်းဖြင့် ကုသိုလ်ပါဝင်ပေးပါရန် မေတ္တာရပ်ခံအပ် ပါသည်။ 

နာရေးကူညီမှုအသင်း(ရန်ကုန်)အား ဆက်သွယ်ရန် -
အမှတ် - ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ - ၅၁၄ ၈၄၅၂


အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်။
ဒီမိုဝေယံဘလော့မှပြန်လည်ကူးယူဖော်ပြသည်။

No comments:

Post a Comment