Wednesday, March 16, 2011

ငလျင်နှင့် အတူပြေး၍ ဆူနာမိနှင့် အတူလိုက်ပြီး နျူးကလီးယား အဝရှူမည့် တိုကျိုမြို့ရှိ မြန်မာစစ်အခွန်ရုံးမှ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများသို့ မေတ္တာရပ်ခံချက်...

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများသို့  မေတ္တာရပ်ခံချက်

၁။ ၂၀၁၁ ပြည့်နှစ် မတ်လ (၁၁)ရက်နေ့  (သောကြာနေ့) မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၏ အရှေ့ဘက် ၃၇၃ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ချတ် စတာစကေး ၉ ပြင်းအားရှိ ငလျှင်ကြီးဒဏ်ကြောင့် မီယာဂိခရိုင်အတွင်း အမြင့် ၁၀ မီတာခန့်ရှိ ဆူနာမီ ရေလှိုင်းကြီးများ ဖြစ်ပေါ်လာပြီး နှစ်ပေါင်း ၁၄၀ အတွင်း ဂျပန်နိုင်ငံ အတွက် အဆိုးဝါးဆုံး ငလျှင်ဘေးဒဏ်အား ဖြစ်ပေါ်ခဲ့ပါသည်။ အသက်ပေါင်းများစွာ သေဆုံးမူများ ဖြစ်ပေါ်ခဲ့ပြီး ပျောက်ဆုံး သူများလည်း အများအပြား ရှိနေကြောင်း သိရှိရပါသည်။ အဆိုပါ ငလျှင်ကြီးမှ နောက်ဆက်တွဲ ဖြစ်ပေါ်လျက်ရှိသည့် အန္တရယ်မှာ တိုကျိုမြို့ မြောက်ဘက် ကီလိုမီတာ နှစ်ရာ့ငါးဆယ် ခန့်  တွင် တည်ရှိသော ဖူကူးရှီးမား နျူကလီယား ဓာတ်အားပေး စက်ရုံနှစ်ရုံ မှ ထိခိုက်ပျက်စီးမူများကြောင့် ၄င်းဒေသ တ၀ိုက်မှ ပြည်သူ များအား အန္တရယ်မှ ကင်းဝေးစေရန် ပြောင်းရွေ့  နေရာချထား ပေးလျက် ရှိကြောင်း လည်းသိရှိ ရပါသည်။

၂။ မြန်မာသံရုံး၊ တိုကျိုအနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အခြေအနေအား သိရှိလိုပါသဖြင့် ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ငလျင်ကြီး ဒဏ်ကြောင့် တယ်လီဖုန်းလိုင်း အဆက်အသွယ်များ ပြတ်တောက် သွားသောကြောင့် အဆက်အသွယ် ရရှိနိုင်ရန် ခက်ခဲခဲ့ပါသည်။ သို့  သော် လည်း ငလျှင်ကြီးများ၏ နောက်ဆက်တွဲ ငလျှင်များ ဆက်လက် လှုပ်လာနိုင်ပါ သဖြင့် ငလျှင် မလှုပ်ခင် လည်းကောင်း၊ ငလျှင်လှုပ်နေစဉ်အတွင်း လည်းကောင်း၊ ငလျှင် လှုပ်ပြီးသည့် အချိန်များတွင် လည်းကောင်း သိထားသင့်သော ပညာပေး အချက်အလက် များပါဝင်သည့် Tokyo Metropolitan Government မှ ထုတ်ဝေသည့် Earthquake Survival Manual အား မြန်မာသံရုံး၏ ၀က်ဆိုက် http://www.myanmar-embassy-tokyo.net/eq/eq-survival-manual.pdf တွင် ၂၀၁၁ ပြည့်နှစ် မတ်လ (၁၁)ရက်နေ့  (သောကြာနေ့) ညနေ ၅ နာရီ ၃၀ မိနစ်မှ အစပြု၊့ ထည့်သွင်း ထားရှိ ခဲ့ပါသည်။

၃။ မြန်မာသံရုံး၊ တိုကျိုအနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အတွက် အထူးစိုးရိမ် ပူပန်မူများရှိနေပြီး လိုအပ်သော အကူအညီများ ပေးနိုင်ရန် အတွက် ဤသဘာဝ အန္တရယ်ကြီးတွင် မိမိတို့  ၏ နိုင်ငံသူ / နိုင်ငံသားများ ထိခိုက်မူ ရှိ / မရှိ အမြန်ဆုံး သိရှိနိုင်ရန် သက်ဆိုင်ရာ ဂျပန်အစိုးရ တာဝန်ရှိသူများ နှင့် ဆက်သွယ်ဆောင်ရွက် လျက်ရှိပါသည်။ ထို့ အပြင် မြန်မာနိုင်ငံရှိ မိဘဆွေမျိုး အချို့မှလည်း မိမိတို့ ၏ သားသမီး၊ မိတ်ဆွေများ ထိခိုက်မူများ ရှိ/မရှိ နေ့စဉ် သံရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းမူများလည်း ရှိနေပါသည်။ သို့  ဖြစ်ပါ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ဤသဘာဝ အန္တရယ်ကြီးတွင် ထိခိုက် ဒဏ်ရာ ရရှိခဲ့သော မြန်မာနိုင်ငံသားများ အကြောင်း ကြားသိခဲ့ပါက မြန်မာသံရုံး၊ တိုကျို ဖုံးနံပါတ် ၀၃-၃၄၄၁-၉၂၉၁ သို့  မနက် ၀၉၀၀ နာရီမှ ၁၆၃၀ နာရီအတွင်းတွင် လည်းကောင်း၊ အီးမေးလ် လိပ်စာ contact@myanmar-embassy-tokyo.net သို့လည်းကောင်း၊ အောက်ဖက်တွင် ပူးတွဲ ပါရှိသော email form အတွင်း ထည့်သွင်း ပေးပို့ ခြင်းဖြင့် လည်းကောင်း အကြောင်းကြား ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

၎။ ထို့ အပြင် ဂျပန်နိုင်ငံ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် အရေးအကြောင်း ရှိပါက သံရုံးမှ ဆက်သွယ်နိုင်ရန် သံရုံး သို့  ဆက်သွယ်ထားရှိရန် လိုအပ်ပါသည်။ သို့ ဖြစ်ပါ၍ သံရုံး သို့ ဆက်သွယ်နိုင်ရန်အတွက် အောက်ဖက်တွင် ပူးတွဲ ပါရှိသော email form အတွင်း ထည့်သွင်းပေးပို့ ခြင်းဖြင့် လည်းကောင်း၊ ကိုယ်ရေးရာဇ၀င်အား http://www.myanmar-embassy-tokyo.net မှ ရယူဖြည့်စွက်ပြီး Embassy of the Republic of the Union of Myanmar, Consular Section, Shinagawa-ku, 4-8-26 Kita-Shinagawa, 140-0001, Tokyo 140-0001 သို့စာတိုက်မှ ပေးပို့၍ လည်းကောင်း ဆက်သွယ်နိုင်ပါသည်။ သံရုံးသို့  ဆက်သွယ်ပြီးသူများ အနေဖြင့်လည်း မိမိတို့ ၏ နေရပ်လိပ်စာ သို့ မဟုတ် ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်များ Update ပြုလုပ်နိုင်ရန်အတွက် သံရုံးသို့ ဆက်သွယ် အကြောင်းကြားရန် မေတ္တာရပ်ခံအပ်ပါသည်။

ကောင်စစ်ဌာန၊
မြန်မာသံရုံး၊ တိုကျို၊
၁၃-၃-၂၀၁၁


တတ်လည်း တတ်နိုင်ပါပေ့ တိုကျိုက စစ်အခွန်ရုံးရယ်.. တစ်ခြားနိုင်ငံတွေက သံရုံးတွေက မိမိတို့ ပြည်သူတွေ ဘေးမသီရန်မခ ပြန်နိုင်ဖို့ အတွက် လေယာဉ်တွေ အခမဲ့စီစဉ်ပေး.. မိမိနိုင်ငံသားတွေ အသက်အန္တရာယ်ဘေးမှ ကင်းဝေးအောင် သက်ဆိုင်ရာသံရုံးတွေ မနားမနေ ကြိုးပမ်းနေချိန်မှာ ဂျပန်သတင်းစာမှာပါတဲ့ ငလျင်ကြီး (၃)ရက်အတွင်း ထပ်မံလှုပ်နိုင်ကြောင်း ဖော်ပြထားသည့် သတင်းများကို အခြေခံလျှက် ၁၅ရက်နေ့အထိ သံရုံးကိုပိတ်ထားပြီး ကြာသာပတေးနေ့မှ ပြန်ဖွင့်ပါမယ်တဲ့.. ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ တော်တော် အားကိုးရတဲ့ သံရုံးတဲ့ဗျာ.. စဉ်းစားသာ ကြည့်တော်မူကြပါ...။

 ၂။         မြန်မာသံရုံး၊ တိုကျိုအနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံ သားများ၏ အခြေအနေအား သိရှိလိုပါသဖြင့် ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ငလျင်ကြီး ဒဏ်ကြောင့် တယ်လီဖုန်းလိုင်း အဆက်အသွယ်များ ပြတ်တောက် သွားသောကြောင့် အဆက်အသွယ် ရရှိနိုင်ရန် ခက်ခဲခဲ့ပါသည်။ 

ထံသို့တဲ့ အဆိုပါ အခွန်ရုံး ဝက်(ဘ်)ဆိုက်မှာ ပါတဲ့အတိုင်းပါ.. http://www.myanmar-embassy-tokyo.net/For-Myanmar-Nationals.htm  အပြောကတော့ ရွှေမန်းတပည့်တွေလို့ မပြောရဘူး.. Sandai မှာ မြန်မာမိသားစု ဘယ်နှစ်စု ဘယ်နှစ်ယောက် ရှိတယ်ဆိုတာကော သိပါရဲ့လား စိတ်ကောဝင်စားပါရဲ့လား။ တယ်လီဖုန်းလိုင်းတွေက စဖြစ်တဲ့နေ့က ခေါ်မရပေမယ့် နောက်နေ့မှာ အကုန်ခေါ်လို့ရတယ်... မုန်လာဥ လာလုပ်မနေပါနဲ့ဗျာ...။ အကြောင်းမသိတဲ့ သူတွေလည်းမဟုတ် မြန်မာပြည်မှာလိုများ ထင်နေလားမသိ ဂျပန်မှာ နေတဲ့ မြန်မာတွေကို သူငယ်နှပ်စား ပုံစံ သံရုံး အင်တာနက် စာမျက်နှာမှာ ရေးထားတာ..။ နောက်ပြီး ထိခိုက် ဒဏ်ရာရတဲ့သူတွေ ရှိရင် အကြောင်းကြားပါတဲ့..။ ရုံးတောင် ငလျင်လှုပ်မှာ ကြောက်ပြီး ဖွင့်တောင် မဖွင့်ရဲတာ. အားကိုးလောက်ပါပေတယ်...။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကပြန်ပြီး အကြောင်း ကြားရပါဦးမယ်။ စုံစမ်းဖို့ဆိုတာ ဝေးလာဝေး ... တတ်လဲ တတ်နိုင်ပါပေ့..။ တိုကျိုမြို့ စစ်အခွန်ရုံးမှ အများထက် ကြောက်တတ်တဲ့ အခွန်မှုးကြီးများခင်ဗျား .... အခွန်ရုံးက ထိခိုက် ဒဏ်ရာရသူတွေ ရှိရင် ကျွန်တော်တို့ ဂျပန်ရောက် မြန်မာနိုင်ငံသားထံ ပြန်လည် အကြောင်းကြားပေး ကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်.။

မှတ်ချက် ... ယခုတစ်ကြိမ် ငလျင်ထပ်မံလှုပ်ခဲ့ပါက ဂျပန်ရောက် မြန်မာပြည်သူများအတွက် အကျိုးတစ်စုံတစ်ရာ မရှိသည့် စစ်အခွန်ရုံးအား ဗဟိုပြု၍ လှုပ်ခတ်မည်ဖြစ်ကြောင်း ဂျပန်သတင်းစာများတွင် ဖော်ပြပါရှိပါသည်..။ (ထို့အတွက်ကြောင့် ၃ရက် ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်)
 
 
မှတ်ချက်။ (ဒီမိုဝေယံ)ဘလော့မှ  ပြန်လည်ကူးယူဖော်ပြသည်။

No comments:

Post a Comment