Saturday, April 2, 2011

ငွေ (၅)သိန်းလဘ်ထိုးမှ ဘက ကျောင်းအဖြစ် အသိ အမှတ်ပြုခံရ

 
မြန်မာနိုင်ငံ ကျေးလက်ဒေသနှင့် မြို့ပြဆင်ခြေဖုန်းများရှိ လက်လုပ် လက်စားနဲ့ တောင်သူလယ်သမား မိသားစုများမှာ အစိုးရကျောင်း စားရိတ် မတတ်နိုင်ကြသောကြောင့် သားသမီးများကို ဘုန်းတော်ကြီး
သင် ပညာရေး ကျောင်းများသို့ စေလွှတ် ပညာသင်ခိုင်းရကြောင်း သန်လျင်မြို့မှ စေတနာဝန်ထမ်း ဆရာမ တစ်ဦးက မောက္ခ ပညာရေး မဂ္ဂဇင်းကို ပြောပြခဲ့သည်။
ဘုန်းတော်ကျောင်းများသည် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အမည်ဖြင့် ကျောင်းများဖွင့်လှစ် ပညာသင်ပေး လာကြသည်။ မူလတန်းအရွယ်မှ စတင်ပြီး အလယ်တန်း အထက်တန်း ကျောင်းသားများကို စေတနာ့ ဝန်ထမ်း ဆရာများနှင့် ဒေသခံ ဆရာအချို့တို့က သင်ကြားပေးပြီး နီးရာ အထက်တန်း ကျောင်းများတွင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုခိုင်းကြသည်။
ရန်ကန်မြို့ အနီးတဝိုက်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၂၅၀ ကျော်ရှိပြီး လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု ကျောင်းပေါင်း ၁၅၀ ခန့် ရှိသည်။ ကျန်တဲ့ ကျောင်း ၁၀၀ကျော်မှာ တရားမ၀င် ဖွင့်လှစ်ထားသော ကျောင်းအဖြစ် ရပ်တည်နေရကြောင်းကို ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ လှည့်လည်ပြီး စေတနာဖြစ် သင်ကြားနေသော သန်လျင်မြို့မှ ဆရာမလေး မရည်နွယ်စိုး က ပြောပြသည်။
အစိုးရ အသိအမှတ်ပြု ကျောင်းဖြစ်သွားရင် အစိုးရဆီက ထောက်ပံ့မှု မစို့မပို့ ရရှိတယ် ဆိုပေမဲ့၊ ဘုန်းတော်ကြီးသင် ကျောင်းတွေအားလုံး စေတနာ အလှူရှင်တွေအပေါ်သာ မှီခိုနေရသည်ဟု ဆရာမက ပြောပြသည်။

အစိုးရ အသိအမှတ်ပြုကျောင်းရဲ့ အားသာချက်တစ်ခုမှာ ကျောင်းသား၊ ကျောင်းသူများ အတန်းတင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ရရှိပြီး၊ အသိမှတ် ပြုခြင်း မခံရတဲ့ ကျောင်းများကတော့  အတန်းတင် စာမေးပွဲ ဝင်ရာက်ဖြေဆိုဖို့ ခက်ခဲကြောင်း လည်း ပြောပြသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနရဲ့ အသိအမှတ်ပြုကျောင်း ဖြစ်ရေး အတွက် ပညာသင်ကျောင်း ထောင်တဲ့ ကျောင်းထိုင် ဆရာတော်က သာသနာရေး ဦးစီးဌာနကို ကျပ်ငွေ ၅သိန်း တရားမဝင် လဘ်ထိုးမှာသာ အသိအမှတ်ပြု ကျောင်းအဖြစ် ရရှိကြောင်း ပြောပြသည်။ သာသနာရေး ဦးစီးဌာနရဲ့ ထောက်ခံချက် လက်မှတ် ရရှိမှာသာ လူမှုဝန်ထမ်း ဦးစီးဌာနမှ တရားဝင် အသိအမှတ် ပြုခြင်း ခံရသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ကလည်း အစိုးရ အသိအမှတ် ပြုခံရရေး အတွက် သာသနာရေး ဦးစီးဌာနသို့ ကျပ်ငွေ ၅သိန်း ပေးခဲ့ရကြောင်းနှင့် ဆရာတော် ကိုယ်တိုင် ကျောင်းသားတွေအတွက် အလှုခံ ရထားထားတဲ့ ဆန်ဆီအချို့ ရောင်းချပြီး ပေးခဲ့ရကြောင်းကို ဆရာမလေးက ပြောပြသည်။
အသိအမှတ်ပြု ဘကကျောင်း ၁၅၀ လုံးနီးပါးမှာ ငွေ ၅ သိန်းစီ ပေးပြီးမှ လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု ပထမအဆင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အမည်ဖြင့် တရားဝင်ကျောင်း ဖြစ်လာခဲ့သည်။
အသိအမှတ်ပြုကျောင်းများ ဖြစ်လာတဲ့ အခါမှာလည်း အစိုးရ ဌာနဆိုင်ရာများက ကျောင်းရဲ့ အုပ်ချုပ်ရေး၊ သင်ကြားရေးများကို ဝင်ရောက်ချယ်လှယ် လာကြောင်း၊ ဌာနဆိုင်ရာတို့ရဲ့ ဝင်ရောက် ချယ်လှယ်မှုကို မကြိုက်သော်လည်း ကျောင်းသားများ စာမေးပွဲကို အဆင်ပြေပြေ ဝင်ရောက်နိုင်ရေး အတွက် ယ္ခုကဲ့သို့ငွေပေးပြီး အသိအမှတ်ပြုကျောင်းဖြစ်အောင် လုပ်ကြရကြောင်းကိုလည်း  ရွှေ့ပြည်သဲာမြို့နယ်မှ ဆရာတော်တစ်ပါးကလည်း မောက္ခသို့ ပြောပြခဲ့သည်။
ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေကိုးကွယ်တဲ့ နာဂလိုဏ်ဂူ ကလေးဝတောရ စာသင်တိုက်မှာ ဖွင့်လှစ်ထားတဲ့ ကျောင်းနဲ့ အခြားဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေက မိုးနဲ့မြေလို ကွာခြားလှကြောင်း ကိုလည်း ထိုပရဟိတ ဆရာတော်က မိန့်ကြားခဲ့သည်။
ယနေ့ ရန်ကုန်မြို့နှင့် နယ်မြို့များရှိ ဘွဲ့ရလူငယ်အချို့မှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မိဘမဲ့ ကလေးကျောင်းများသို့ ကိုယ့်အဖွဲ့၊ ကိုယ့်အစုလေးများဖြင့် စေတနာဝန်ထမ်း ဆရာ ဆရာမ အဖြစ် လှည့်လည်ပြီး ပညာဒါနဖြန့်ဝေနေကြသည်။
ထိုသို့လူငယ်တွေ ပရဟိတစိတ်ထားဖြင့် ပညာဒါန ဖြန့်ဝေနေမှုအပေါ် အစိုးရက မျက်မုန်းကျိုးပြီး ထိမ်းချုပ်မှုများလည်း စတင်ပြုလုပ်လာနေသည်။ တရားဝင် အသိအမှတ်ပြုကျောင်းများတွင် လာရောက် သင်ကြား နေကြသော စေတနာ လူငယ် ဆရာ ဆရာများကို သင်ကြားခွင့်မပြုရန် အာဏာပိုင်များက အကြောင်းကြားထားပြီး၊  တရားဝင်အမိန့်ထုတ် စာပို့ခြင်းတော့ မရှိသေးကြောင်းကို ဆရာမလေး ရည်နွယ်စိုးက မောက္ခကို ပြောပြ ခဲ့သည်။
မောက္ခ ပြည်တွင်းသတင်း အားပြန်လည်တင်ပြပါသည်။

No comments:

Post a Comment