Saturday, April 23, 2011

ငွေလဲလှယ်ရာတွင် လိမ်လည်နေသော်လည်း တာဝန်ရှိသူများ မနှိမ်နင်း


ငွေလဲလှယ်ရာတွင် လိမ်လည်နေသော်လည်း တာဝန်ရှိသူများ မနှိမ်နင်း
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၂၊ ၂၀၁၁
ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်း (ဘားလမ်း) တ၀ိုက်တွင် ကျက်စားလျက်ရှိသည့် နိုင်ငံခြားငွေ လဲလှယ်သူများမှာ ရဲများ၏ မျက်စေ့ရှေ့တွင်ပင် အုပ်စုလိုက် လိမ်လည်နေကြသော်လည်း ရဲများက အရေးယူခြင်းမရှိသလို လိမ်လည်ခံရသည့် အကြောင်း သတင်းဖေါ်ပြမှုများကိုလည်း စာပေစိစစ်ရေးက အမြဲလိုဖြတ်တောက်လျက်ရှိသဖြင့် လူအများ မသိရှိကြရဟု ရန်ကုန်အခြေစိုက် အယ်ဒီတာ တဦးကပြောသည်။
ဘားလမ်းပေါ်ရှိ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် ဧမာနွေလဘုရားကျောင်း တ၀ိုက်၊ ၃၅ လမ်းတ၀ိုက်တွင် ကျက်စားလျက်ရှိသည့် ဒေါ်လာနှင့် အက်ဖ်အီးစီ လဲလှယ်သူအများစုမှာ အုပ်စုဖွဲ့ပြီး လိမ်လည်နေကြသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသူများ၏ ပြောဆိုချက်အရ သိရသည်။
အကောက်ခွန် ရှင်းလင်းရေး အေးဂျင့် ၀န်ထမ်း တဦးက “ ဖုန်းဖိုးငွေဆောင်စရာရှိလို့ အမ်အက်ဖတီဘီ (နိုင်ငံခြား ကုန်သွယ်မှုဘဏ်) ရှေ့က လမ်းပေါ်က ပွဲစားတွေမှာ အက်ဖအီးစီ သွားလဲတာ ကျပ်ငွေ၂၈၀၀၀ ပေးလိုက်ပြီး ဟိုဘက်မှာ လှည့်ရေပြီးတာနဲ့ ၈ ထောင်လျော့တယ်ဆိုပြီး ပြန်ပြောတယ်။ ဟိုဘက်တချက်အလှည့်မှာ ငွေ ၈ထောင်ကို ဘယ်လို ၀ှက်လိုက်လဲမသိဘူး။ ကျွန်တော်ထပ်ပေးလိုက်ရတယ်။ ဒီနေရာက လိမ်တယ်လို့နာမည်ကြီးတာ သိပေမယ့် ငွေလဲရုံပဲ လို့အောက်မေ့ပြီး လုပ်မိတာ” လို့ပြောသည်။
အခြားလိမ်လည်ခံရသူ တဦးက ပြောပြရာမှာလည်း လိမ်လည်သူများ အနေဖြင့် ခေါက်ထားသည့် ကျပ် ၁ ထောင်တန်အုပ်  (ဘာဂျာ) တွေမှာ ၁ သောင်းကို ၂ ခေါက်ခေါက်ပြီး ၂ သောင်းဖြစ်အောင် လုပ်တဲ့နည်းဖြင့် လိမ်ခြင်းမျိုး သို့မဟုတ် မိမိရောင်းသည့် ဒေါ်လာ ငွေစက္ကူအား နံပတ်ရွေးပြီး ပြန်လဲလှယ်ခိုင်းရာမှ အာရုံပြောင်းနေစဉ် မြန်မာကျပ်ငွေ ၁ သိန်းထုပ်ကို ၇ သောင်း ၈ သောင်းသာ  ပါသည့် အထုပ်ဖြင့် လဲသည့်  နည်းများဖြင့် လုပ်နေကြခြင်း ဖြစ်သည်ဟု ရှင်းပြသည်။ သူ့အနေဖြင့် ဒေါ်လာရောင်းချရာတွင် ကျပ်တသိန်းအုပ်များတွင် ၇ သောင်းသာပါသည့် အထုပ်များဖြင့် လဲခံခဲ့ရဖူးသည်ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဒေါ်လာကိုင်တွယ်ခွင့်ကို နိုင်ငံခြားငွေ လက်ခံခွင့်ရှိသည့် ဟိုတယ်ခရီးသွားလုပ်ငန်းများ၊ ကျောက်မျက် လုပ်ငန်းများသာ ကန့်သတ်ပမာဏ၊ ကန့်သတ်အချိန်ဖြင့် လက်ဝယ်ထားခွင့်ရှိပြီး သာမန် အရပ်သားများ အနေဖြင့် ရှာဖွေတွေ့ရှိပါက တရားမ၀င် နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုဖြင့် အရေးယူ ခံရနိုင်သည်။ နိုင်ငံခြားသို့ တယ်လီဖုန်းခေါ်ဆိုခ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများအတွက် ကြိုတင်ကောက်ခံ  သည့်အခွန်အခနှင့် သံရုံးဗီဇာကြေး၊ ပြည်ပခရီးစဉ် လေယာဉ်လက်မှတ်ဝယ်ယူရာတွင် အက်ဖအီးစီဖြင့် ပေးဆောင်နိုင်သော်လည်း တည်ဆဲဥပဒေများ အရ သာမန်လူ အဖို့ နိုင်ငံခြားငွေ လက်ဝယ်ထားရှိခြင်း သည်ထောင်ဒဏ် နှစ်ရှည်ကျခံရနိုင်သည့် ပြစ်မှု တခုဖြစ်နေသေးသည်။ 
အထက်မှာ ဖေါ်ပြခဲ့သည့် လမ်းဘေး ငွေလဲပွဲစားများမှာ  လုံခြုံရေး ရဲများ၊ အရပ်ဝတ်ရဲများ အမြဲစောင့်ကြည့်လျက်ရှိသည့် မြို့တော်ခန်းမ တ၀ိုက်တွင် နေ့စဉ်လိုလို ကျက်စားလျက်ရှိပြီး ပုံမှန်အားဖြင့် ဖမ်းဆီးခြင်း မခံရပေ။
ဖမ်းဆီးခြင်း မခံရသည့် အကြောင်းနှင့်ပတ်သက်ပြီး သတင်းထောက် တဦးကပြောရာတွင်  အဆိုပါ ငွေလဲပွဲစားများအား မြို့တော်ခန်းမ တ၀ိုက်မှ မသင်္ကာစရာလူပုဂ္ဂိုလ်၊ အဖြစ်အပျက်တွေ့ရှိက သတင်းပေးပို့ဖို့ စည်းရုံး မွေးမြူခံထားရသူများ ဖြစ်ခြင်းကြောင့် ဟု ဆိုသည်။
“ဒီနယ်မြေ တ၀ိုက်မှာ မြို့တော်ခန်းမမှာ အခြေစိုက်တဲ့ ရဲ၊ အက်စ်ဘီက မသိပဲနဲ့ ငွေလဲပွဲစား လုပ်ရင် တပတ်မကြာဘူး အဖမ်းခံရမှာ၊ အဲဒီလို ဖမ်းပြီးရင် ထောင်ထဲ ၂ ပတ်ထားပြီး ရဲနဲ့ အဖမ်းခံရတဲ့သူနဲ့ညှိကြတယ်။ အဲဒီနောက် ငွေလဲတဲ့သူက သတင်းပေးအလုပ်လည်း လုပ်ပေးရသလို အဲဒီတ၀ိုက်မှာ အလုပ်လည်း လုပ်ခွင့်ရသွားလိမ့်မယ်။ အဲဒီတ၀ိုက်မှာ လမ်းသွားလမ်းလာတွေကို ငွေလဲမလား၊ ငွေလဲမလားလို့မေးနေလို့ အန္တရာယ်မရှိဘူးလား လို့မေးစရာရှိလိမ့်မယ် အမှန်က သူတို့ကို သတင်းပေးဖို့ ကတိပေးထားရလို့ လုပ်ခွင့်ရနေကြတာပါ” ဟု သူက ဖြည့်စွက်ပြောသည်။
အထက်က အဖြစ်အပျက်များအား ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ဖေါ်ပြဖို့ ကြိုးစားကြသော်လည်း စိစစ်ရေးက အမြဲလို ဖြတ်တောက်နေသဖြင့် လူထုမှာ အဖြစ်မှန်အတိုင်း မသိရှိကြရပဲ နေ့စဉ် လိမ်လည်ခံနေရသည်ဟု သတင်းဂျာနယ် အယ်ဒီတာတဦးကပြောသည်။ သူကပင် မီဒီယာ၏ အခန်းကဏ္ဍ၊ တာဝန်မှာ လူအများ အကျိုးအတွက် သတင်းအချက်အလက် ပေးခြင်း ဖြစ်ပြီး ယခုကိစ္စကိုကြည့်ပါက သတင်းမှန်ပေးရာမှာ စိစစ်ရေးက ကြားဝင် ဖြတ်တောက်နေသဖြင့် လူထုဆီသို့ သတင်းမှန် ရောက်ရှိဖို့ ခက်ခဲသွားရသည်ဟု သုံးသပ်ပြောဆိုသည်။
မကြာသေးမီက အာဏာလွှဲပြောင်းယူ ခဲ့သည့် ကြံ့ဖွံ့အစိုးရသစ် ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်က လာဘ်ပေးလာဘ်ယူမှုများ ပပျောက်အောင် ပြုလုပ်ပြီး သန့်ရှင်းသည့် အစိုးရဖြစ်အောင် လုပ်ဆောင်သွားမည်ဟု အာဏာလွှဲပြောင်းယူပြီး ရက်ပိုင်းအတွင်း တရားဝင် ပြောဆိုသော်လည်း ယခုလို လိမ်လည်မှု၊ တာဝန်ရှိသူများက မမြင်ချင်ယောင် ဆောင်နေမှု၊ စာပေစိစစ်ရေးက သတင်းစီးဆင်းမှုကို တားဆီးနေမှုတို့ကြောင့် ပွင့်လင်းမြင်သာပြီး သန့်ရှင်းသည့် အစိုးရဖြစ်လာမည့် အပေါ် သံသယရှိနေသည်ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာ တဦးက ဝေဖန်ပြောဆိုသည်။
 မိုးမခ သတင်းဌာနမှကူးယူဖော်ပြသည်။

No comments:

Post a Comment