ဘ၀ အတွက် အချိန်
ဦးဇင်းတို့ ဟာ အချိန်ကို လူတကူးပဲ လေးစားကြပြီး အချိန်နှင်အမျှစကားတွေပြောနေကြလိုက်တာ ဘ၀နေ၀င်ချိန်ကိုတောင် မေ့နေတက်ကြပါတယ်။ အချိန်သည် လူကိုမစောင့်။ အချိန်သည် မနားတမ်း တရွေ့ရွေ့ ကုန်ဆုံး၍နေပေသည်။ စက္ကန့် တွေ တိုးလာသည်နှင့် သေဖို့ရက်ကလည်း တစ်စက္ကန့်ချင်း နီးနေ၏။ “ငါနှင့်ရွယ်တူ၊ ငါ့အောက် လူ၊ ကြီးသူသေကြ များလှပြီ။ ခဏမစဲ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ချေပြီ။” ဦးဇင်းတို့အားလုံး သံသရာ အရေး မြှော်တွေးလို့ကြည့်လိုက်လျှင် ဘ၀တွေ မဆုံးနိုင်သမျှ ဒုက္ခတွေ ဒွန်တွဲလို့ရှိနေပါ ဦးမည်။ သံသရာခရီးသွားချင်းအတူ လက်တွဲလို့ကူကြရမည်။ တစ်ဦးအပေါ်တစ်ဦးတို့၏ တင်ခဲ့ သည့်ကျေးဇူးတရားတို့ကို တရားဖြင့်ပေးဆပ်၍ ကျေအေးနိုင်၏။လို့ဗုဒ္ဓမိန့်ဆိုထားပါတယ်။
ဦးဇင်းတို့ကိုယ်တိုင် တရားနှင့်နေခြင်းဖြင့် သူတစ်ပါးတို့ ချမ်းသာပွါးနိုင်ကြကုန်၏။ သူတစ်ပါးတို့ ကောင်းကျိုးချမ်းသားပွါးအောင် နေနေခြင်းသည်လည်း တရားအားထုတ်နေခြင်း ဖြစ်သည်။ အပြန်အလှန် မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားတို့ဖြင့် အချင်းချင်း ကူညီနေကြခြင်းဖြင့် အပြန်အလှန် ကျေးဇူးဆပ်ကြရာ၏။ တစ်နည်းအားဖြင့် မိမိ၏ ကိလေသာအကြွေးတို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ဖျောက်နိုင်ကြပါလျှင် မိမိအပေါ် တင်ခဲ့ဖူး သမျှသော မိဘကျေးဇူးလည်းကျေပြီ၊ ဆရာ့ကျေးဇူးလည်းကျေပြီ၊ ဘုရားရှင်၏ အလိုတော် လည်း ပြည့်စုံပြီဖြစ်ခြင်းကြောင့် ဘုရားရှင်၏ကျေးဇူးကိုလည်း ပေးဆပ်နိုင်ပေပြီ။ ထိုသို့ အားထုတ်နိုင်ပြီးပါက “မဂ်ဉာဏ်ဆိုက်ရောက်ကြပေမည်။
ဥင်္ီးဇင်းတိုအားလုံးဘ၀တွင် အချိန်သည် လူတိုင်းရရှိကြသည့် တူမျှသောအခွင့်အရေးတစ်ခုပင်။ အချိန်ကို မိမိတို့ ၏အသုံးချမှုအလိုက် ရရှိသည့်အကျိုးကျေးဇူးများ မတူကြပေ။ “အချိန်ရှိခိုက် လုံ့လစိုက်” နိုင်ကြရန်အတွက် အချိန်ကို မည်သို့အသုံးချကြရမည်ကို သိရှိပြီးဦးဇင်းတို့အားလုံး လိုက်နာကျင့်ကြံနိုင်ကြရန်
တိုက်တွန်းခြင်းအပ်ပါသည်။
တစ်နေ့တာတွင် အားထုတ်ရမည့် တရားငါးမျိုးတို့ကို မှတ်သားရလွယ်ကူ အောင် အောက်ပါလင်္ကာလေးကိုလိုက်ဆိုကြည်ပါ။
“ကုသိုလ်ဥစ္စာ၊ ကျန်းခန့်သာ၍၊ ပညာတန်ခိုး၊ အမျိုးမျိုးမှ၊ ထိုနေ့အတွက်၊ ကျိုးမထွက်၊ သက်သက် အချည်နှီးတည်း။” တစ်နေ့တာအတွက်-
(၁)ကုသိုလ်ရအောင်၊
(၂)ဥစ္စာရအောင်၊
(၃)ကျန်းမာအောင်၊
(၄)ပညာရအောင်၊
(၅)ဘုန်းတန်ခိုးရှိအောင်နေ့စဉ်နေ့တိုင်းကြိုးစားကြရမည်ဖြစ်၏။
တစ်နေ့တာအတွက် လူတစ်ယောက်၏အိပ်ချိန်သည် (၈)နာရီထားလျှင် ရှစ်သုံးလီ နှစ်ဆယ့် လေး (တစ်နေ့ ၂၄ နာရီမှ သုံးပုံပုံ တစ်ပုံ)မှာ အိပ်ခြင်းဖြင့်ကုန်၏။ အသက်ခြောက်ဆယ် နေရမည့်သူအတွက် အနှစ်(၂၀) အိပ်ချိန်ဖြစ်သည်။ တစ်နေ့အတွက် ကျန်ရှိနေသော (၁၆)နာရီသည် ဖော်ပြပါအကျိုးငါးမျိုးရရှိအောင် ကြိုးစားအားထုတ်ခွင့်ရှိသော အချိန်တို့ဖြစ်၏။ သတိတရားကင်းလွတ်ခြင်းဖြင့်- ထမင်းဟင်းချက်၊ ရေချိုးအ၀တ်လျှော်၊ အ၀တ်အစားလဲ၊ အလှအပပြင်၊ ဟိုရောက်သည်ရောက် စကားလက်စုံကျ၊ ပျော်ပွဲစားထွက်၊ အချင်းချင်း မပြေလည်ကြသည့်အခါ အပြန်အလှန်ဖြေရှင်းပြကြ၊ မကျေနပ်တော့ ရုံးရောက်ဂတ်ရောက်၊ ရန်ဖြစ်လို့ ထိခိုက်ရင် ဆေးရုံတက်ဆေးကုသ၊ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် သူ့အကြောင်း အပုပ်ချ၊ သူများထက် ကိုယ်ကသာသွားရင် ငါလိုလူ ဇမ္ဗူမရှိဟု မော်ကြွားကြ၊ ထင်သလို မဖြစ်လို့ အောင်မြင်မှုတွေ မရသည့်အခါမှာလည်း ရေစုံမျှောပြီး ကိုယ့်ဘ၀ကိုယ်ဖျက်သည့် အရက်သေစာဖြင့်သာ ခံစားမှုတို့ကို ဖြေဖျောက်ကြ၊ ကိုယ့်အပေါ် မှားဖူးလျှင် သူတစ်ပါးကို နာကျင်အောင်လည်း ကလဲ့စားချေကြ၊ ထိုကဲ့သို့ပင် လူ့ဘ၀ဆိုတာက “အသက်တစ်ရာ မနေရ၊ အမှုတစ်ရာတော့ ကြုံတွေ့ရ” ဆိုသလို ပြဿနာပေါင်း သောင်းခြောက်ထောင် စုံနေအောင် ကြုံတွေ့ရသည်တွင် သံသရာနယ်ချဲ့တရား “ဒိဋ္ဌိ၊ တဏှာ၊ မာန” ဟူသော ပပဉ္စတရားတို့ဖြင့် နေကုန်အောင် ဖြေရှင်းနေကြပါလျှင် (၁၆) နာရီထဲက နှုတ်လိုက်ပါက တစ်နေ့တာအတွက် အချိန်ကို အကျိုးရှိအောင် အသုံးချသော နာရီမှာ သုညသာ အကြွင်းရှိတော့၏။ ထိုသို့ဆိုလျှင် လူ့ဘ၀ရခြင်းကား တန်ဖိုးမဲ့လှ၏။
ဦးဇင်းတို့အားလုံး ကျန်ရှိသည့်အချိန်တို့တွင် သတိသံဝေဂ,တရား အခါခါပွါးပြီး အချိန်ရှိခိုက် လုံ့လစိုက်မှ သင့်တော်ပေမည်။ ယီးတီးယောင်တောင် ယခုတိုင်အောင်နေနေလျှင်ကား စိတ်ချတော့ ဒုန်းဒုန်း သေမင်းက မြင်တိုင်းမုန်းတော့မည်။ သံသရာအဆက်ဆက် ဖွင့်နေကျ ဖြစ်ခဲ့သည့် ထို တဏှာဇာတ် ဓာတ်ပြားဟောင်းကြီးကိုသာ မငြီးမညူ မနားတမ်းဖွင့်နေခဲ့ကြသည်မှာ ယခုဖြင့် ငြီးငွေဖို့ သင့်လှချေပြီ။ ပြန်ပေးပါလို့ တောင်းမရတာက အချိန်၊ မကုန်ဆုံးရန် တားမရတာက လည်း အချိန်၊ ထို့ကြောင့် သတိပညာဖြင့်ချင့်ချိန်၍ အချိန်ရှိခိုက် လုံ့လစိုက် အားထုတ်မှ သင့်တော့မည်။
တစ်နေ့တာအတွက် ဖော်ပြပါတရားငါးမျိုးမှ တစ်ခုနှစ်ခုရလျှင် တော်သေးသည်၊ သုံးလေးခု ရလျှင် မဆိုးသေး၊ အားလုံးရရှိပါက ကျေနပ်စရာဖြစ်ပါသည်။ ထိုငါးမျိုး တစ်မျိုးမျိုးမှ တစ်နေ့တာအတွက် မရရှိလိုက်ပါလျှင် ထိုနေ့အတွက် သက်သက်အချည်းနှီးသော နေ့တစ်နေ့ သာဖြစ်သည်။ အကျိုးမရှိဘဲ ကုန်ဆုံးသွားသော နေ့တစ်နေ့ဖြစ်၏။ သေဖို့အတွက် စာရင်းသောက်ရင်း အိပ်ရင်းပျော်ပါးရင်းဖြင့် စောင့်နေရသည့် အလောင်းကောင်သက်သက် မဖြစ်စေ သင့်။ အလောင်းကောင်ကို အသုံးချ၍ အချိန်၏ ၀ါးမျိုးမှုအောက်မှရုံးထွက်နိုင်ကြပါစေ။

များသူငါကိုယ်စိတ်ချမ်းသာကြပါစေ။
စာရေးသူ ဖျာပုံ (အရှင်)
No comments:
Post a Comment