Friday, August 5, 2011

တာဝန်နှင့် ၀တ္တရား (ဆောင်းပါးရှင် အရှင်ဥက္ကဋ္ဌ)

  တာဝန်နှင့် ၀တ္တရား

(ဆောင်းပါးရှင် အရှင်ဥက္ကဋ္ဌ)
စာရေးသူ စာသင်တိုက်ကြီးတစ်ခုတွင် ပရိယတ္တိစာပေများကို သင်ကြားစဉ်အခါက တာဝန်နှင့် ၀တ္တရား ဆိုသည့် စကားနှစ်လုံး၏ ခြားနားချက်ကို တိုက်အုပ်ဆရာတော်ကြီးထံမှ ယခုကဲ့သို့ မှတ်သားခဲ့ဖူးသည်။ တာဝန် ဆိုသည်ကို တာ နှင့် ၀န် ဟူ၍ နှစ်ပုဒ်ခွဲပြီး တာ ဆိုသည်မှာ ပေးအပ်သည့် အလုပ်တစ်ခုကို လုပ်ကိုလုပ်ရမည်ဟူသည့် ကန့်သတ်ချက် သဘောမျိုးဖြစ်ပြီး၊ ၀န် ဆိုသည်မှာ လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ၀တ္တရား ဆိုသည်မှာ မိမိလုပ်လိုသည့် ဆန္ဒမရှိလျှင် မလုပ်ပဲနေလို့ရသည့် သဘောဆောင်လေသည်။ ဆိုလိုသည်မှာ အဖွဲ့စည်းတစ်ခုအတွင်း ရာထူးနေရာ ပေးအပ်ခံထားရ၍ဖြစ်စေ၊ နည်းလမ်းတစ်မျိုးမျိုးဖြင့် မိမိကိုယ်တိုင်က ရာထူးနေရာရယူထား၍ဖြစ်စေ ယင်းအဖွဲ့အစည်းနှင့် မိမိပတ်ဝန်ကျင် တိုးတက်ကောင်းမွန်ရေးအတွက် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ၀ါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ဆောင်ရမည့် တာဝန်ရှိပေသည်။ အကြောင်းမှာ ရာထူးနဲ့ တာဝန်ကို ရယူထားခြင်းကြောင့် ဖြစ်သည်။ ပါဠိစာပေများတွင် အာဂတော စ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော၊ ကျရောက်လာသည့် တာဝန်၊ ပေးအပ်လာသည့်တာဝန်ကို မုချထမ်းဆောင်ရမည် ဟုပါရှိသည်။ အကယ်၍ မထမ်းဆောင်လိုလျှင် သို့တည်းမဟုတ် မိမိ၏ ရပ်တည်ချက်များနှင့် မကိုက်ညီလျှင် တာဝန်ကို အစကတည်းမှ မယူရန်ပင်ဖြစ်သည်။ ဘုရားအလောင်းတော် တေမိမင်းသားလေးသည် ရှင်ဘုရင်မဖြစ်လိုသဖြင့် ဆယ်ခြောက်နှစ် ကာလပတ်လုံး ဆွံ့အ ဟန်ဆောင်ကာ နေခဲ့ပြီး နောက်ဆုံးတွင် တောထွက်သွားခဲ့သည်။ 

ပြီးခဲ့သည့် လအတွင်းက အမေရိကန်နိုင်ငံတွင် ရောက်ရှိနေကြသည့် နိုင်ငံတော် သံဃာ့မဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး အပါအ၀င် အဖွဲ့ဝင် ဆရာတော်ကြီးများထံသို့ အမေရိကရောက် သံဃာ့အဖွဲ့အစည်းအချို့မှ တိုင်းပြည် အေးချမ်းသာယာရေး၊ တရားမ၀င် ဖမ်းဆီးချူပ်နှောင်ခြင်း ခံထားကြရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ရဟန်းသံဃာတော်များ လွတ်မြောက်စေရေးတို့အတွက် သက်ဆိုင်သူတို့အား မေတ္တာရပ်ခံပေးရေး ပန်ကြားလွှာ ဆက်ကပ်ခဲ့ကြသည့် ကိစ္စများနှင့် ဆက်စပ်၍ အချို့ကလည်း လုပ်သင့်သည်၊ အချို့ကလည်း မလုပ်သင့်၊ အချို့များကြတော့လည်း သာသနာအတွက်ဖြစ်စေ၊ နိုင်ငံအတွက်ဖြစ်စေ အားသန်ရာကိုသာ လုပ်သင့်သည်၊ ၀ါသနာအလေ့အလာ နည်းတဲ့နေရာမှာ လုပ်ဆောင်ဖို့ မတိုက်တွန်းသင့်၊ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကို နိုင်ငံရေးပါတီထောင်ပြီး ဒီမိုကရေစီ ရအောင် လှုပ်ရှားပေးရေး မေတ္တာရပ်ခံဖို့ မသင့်ပုံ စသည် စသည်ဖြင့် အမျိုးမျိုးဝေဖန်ထောက်ပြကာ ပြောဆိုခဲ့ကြသည်။ မှန်ပါသည်၊ လူအမျိုးမျိုး ကွဲပြားကြသလို ၀ါသနာအလေ့တွေကလည်း ကွဲပြားကြသည် မဟုတ်ပါလော။

ထိုကြောင့် သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းအနေဖြင့် မိမိစိတ်မ၀င်စားသည့်၊ ၀ါသနာမပါသည့်၊ တနည်းအားဖြင့်ဆိုရသော် မိမိစိတ်အားမသန်သည့် ကိစ္စရပ်တွင် တာဝန်မယူခဲ့ခြင်း၊ အများကလည်း မဖြစ်မနေ လုပ်ဆောင်ပေးပါရန် မတိုက်တွန်းခဲ့ကြခြင်းတို့သာ ဖြစ်ပေလိမ့်မည်။ ယင်းအတွက် မည်သို့မျှ စောဒကတက်နေဖွယ် မလိုအပ်ပေ။ သို့သော် ဗန်းမော် ဆရာတော်ကြီးစသည့် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည် မြန်မာပြည် ရဟန်းသံဃာထုအတွင်း ဓမ္မ၀ိနယလမ်းကြောင်းများအတိုင်း ကျင့်ဆောင်စေနိုင်ရေး၊ သာသနာတော်ကြီး စည်ပင်ပြန့်ပွါးရေး၊ သာသနာနဲ့ သံဃာထုအပေါ် ကျရောက်လာမည့် အန္တရာယ်များကို တားဆီးကာကွယ်ပေးရေး အစရှိသည်တို့အတွက် တာဝန် ပေးအပ်ထားခြင်းခံကြရသလို ထမ်းဆောင်ရန် တာဝန်ယူထားကြသူများဖြစ်သည်။ ဤနေရာတွင် တာဝန်မဟုတ်ပဲ ၀တ္တရားအရသာဖြစ်ခဲ့ပါလျှင် ဒေါက်တာသန်းထွန်းကို နိုင်ငံရေးပါတီထောင်ပြီး ဒီမိုကရေစီရအောင် လှုပ်ရှားပေးရန် တိုက်တွန်းဖို့ မသင့်တော်သလို ဆရာတော်ကြီးများထံ အမေရိကရောက် သံဃာ့အဖွဲ့အစည်းအချို့၏ အစိုးရထံ မေတ္တာရပ်ခံပေးရေး ပန်ကြားလွှာ ဆက်ကပ်ခဲ့ကြသည့်ကိစ္စ မသင့်တော်ဟူသည့် အဆိုပြုလွှာကို နားလည်ပေးကြရပေလိမ့်မည်။ 

မိမိကိုးကွယ်သည့် ဘာသာ၊ မိမိတို့ပေါက်ဖွားရာ နိုင်ငံဒေသ တိုးတက်ကောင်းမွန်မှု စသည့် ကိစ္စရပ်များတွင် မိမိကိုလည်း တာဝန်ပေးအပ်မထား၊ မိမိကလည်း တာဝန်ယူမထားပါဟုဆိုကာ အရာရာကို လျစ်လျူရှုမထားသင့်ကြပေ။ “တာဝန်သိသူမှာ တာဝန်ရှိသည်” မိမိတို့ဘာသာ သာသနာနှင့် မွေးဖွားရာနိုင်ငံဒေသ၏ ကောင်းကျိုးအတွက် တစ်ဦးတစ်ယောက်က မိမိကို တာဝန်ပေးအပ်ထားသည် မဟုတ်ခဲ့ရင်တောင် ဘာသာဝင်တိုင်း၊ နိုင်ငံသားတိုင်းတွင် ကိုယ်စီဝတ္တရားရှိကြပေသည်။ “အကတ္တဗ္ဗံ ကရဏံ ၀ိယ၊ ကတ္တဗ္ဗာကရဏံ ဒေါသော ဟောတိ” မပြုလုပ်သင့်သည်ကို လုပ်ဆောင်မိခြင်းကြောင့်သာ အပြစ်သင့်ရောက်နိုင်သည် မဟုတ်ပဲ၊ လုပ်သင့် လုပ်ထိုက်သည့် အရာကို မလုပ်ဆောင်ခြင်းမှာလည်း အပြစ်ပင်ဖြစ်သည်။

နာယကဂုဏ် ၆-ပါး၊ မင်းကျင့်တရား ၁၀-ပါး၊ သင်္ဂဟတရား ၄-ပါး၊ အပရိဟာနိယတရား ၇-ပါး၊ ရာဇဂုဏ် ၈-ပါး၊ သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ စသည်တို့သည် အခွင့်အာဏာရှိသူတို့ အပါအ၀င် ပတ်ဝန်ကျင်နှင့် ဆက်စပ်နေကြသူအားလုံးအတွက် ကျင့်သုံးလိုက်နာရမည့် ၀တ္တရားကျင့်ဝတ်များဖြစ်သည်။ ယင်းတို့သည် ကျူးလွန်မိ၍ ကုစားရမည့် ပြစ်မှုမျိုးမဟုတ်ပဲ ၀တ္တရားရှိသူတို့ ယင်းဝတ္တရားများကို လိုက်နာရန် ပျက်ကွက်မှုကြောင့် တွေ့ကြုံခံစားရမည့် နောက်ဆက်တွဲ မကောင်းကျိုး မကောင်းပြစ်များဖြစ်သည်။ 

သာသနာတော်နှစ်-၅၀၀ ကျော်မှစ၍ ဗုဒ္ဓပွင့်တော်မူရာ၊ ဗုဒ္ဓဘာသာပေါ်ထွန်းရာ အိန္ဒိယမြေပေါ်တွင် ရဟန်းကောင်းများ ရှားပါးလာနေပြီး ယင်းမြေပေါ်မှ ဗုဒ္ဓသာသနာတော်ကြီး ပျက်သုဉ်းစပြုနေခဲ့ပြီဖြစ်သည်။ အခြေခံအကြောင်းရင်းမှာ ရဟန်းသံဃာတော်များအတွင်း မိမိတို့တရားကိုသာ မိမိတို့ဘာသာ ကျင့်ပြီး အရာရာကို လျစ်လျူရှုထားတတ်သည့် အားနည်းချက်နှင့် ယင်းအချိန်က မိစ္ဆာဒိဋ္ဌိ အာဏာပိုင်များနှင့် အလိုက်သင့် ပေါင်းသင်းကာ မိမိတို့ လုပ်ချင်ရာလုပ်ခွင့်ရ ရဟန်းဆိုးတို့၏ ကြီးထွားလာမှု တို့ကြောင့်ဖြစ်သည်။

လူ၏စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည် အားလျော်စွာ ရဟန်းကောင်းတို့ဖက်မှ လူပြိန်းအများစုကို အချိန်မှီ ဆွဲဆောင် စည်းရုံးနိုင်ရေးမှာ လွယ်ကူသည့်အရာမဟုတ်ပေ။ ထို့အပြင် အရာရာကို လျစ်လျူရှုမှု လွန်ကဲခြင်း၏ ရလာဒ်အားဖြင့် ဗုဒ္ဓ၀ါဒသည် အိန္ဒိယနိုင်ငံတွင် လူမှုရေး ယဉ်ကျေးမှုအဖြစ်သို့ ရောက်ရှိအောင် မထိုးဖောက်နိုင်ခဲ့ချေ။ ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် လူအများကို ထိမ်းမထားနိုင်ခြင်း၊ လွန်းမိုး၍ မထားနိုင်ခြင်းသည် ဘာသာအယူဝါဒတစ်ခု လူမျိုးတစ်မျိုး၏ ပျောက်ကွယ်ရခြင်း၏ အခြေခံအကြောင်းရင်း တစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် တာဝန်ရှိသူများက လုပ်ဆောင်ရမည့် တာဝန်ကို မလုပ်ဆောင်ကြပဲ တာဝန်မဲ့နေကြပါလျှင်၊ ၀တ္တရားရှိသူများကလည်း အရာရာကို လျစ်လျူရှုပြီး ၀တ္တရားမဲ့နေကြပါလျှင် မြန်မာပြည်ဗုဒ္ဓသာသနာနှင့် ၄င်း၏ ယဉ်ကျေးမှုသည် ရှေတန်းမရောက်ပဲ မကြာမှီကာလအတွင်း တိမ်မြုတ် ပျောက်ကွယ် သွားပေလိမ့်မည်။

အရှင်ဥက္ကဋ္ဌ

ဆောင်းပါး ပေးပို့ပေးတဲ့ ဆရာတော် အရှင်ဥက္ကဋ္ဌအား ကျေးဇူးတင်ပါသည်..။ 

ကျွန်တော် အထူးလေးစားကြည်ညိုရတဲ့ ဗန်းမော်ဆရာတော်ဘုရားကြီးမှ ပြီးခဲ့တဲ့ ဧပြီလက  ယခင့်ယခင် သံဃာ့မဟာနာယက ဥက္ကဋ္ဌ များနှင့်မတူပဲ ယခုအရပ်သား အစိုးရလို့ ခေါ်ဆိုနေတဲ့ အဖွဲ့မှ (ဒု) သမ္မတ နှင့်ဝန်ကြီးများအား မည်သို့မည်ပုံ ခေါ်ယူ သတိပေးခဲ့တယ် ဆိုတဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ်က တိုကျိုမှာ ကျွန်တော်တို့ ဒုလ္လဘရဟန်းခံစဉ်က ဆရာတော်ကြီးမှ ဥပဈာယ်ဆရာအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး အနီးကပ်နေထိုင်ခွင့်ရချိန်မှာ သိရှိခွင့်ရခဲ့တဲ့ ရိုးသားဖြူစင်တဲ့ ဗန်းမော်ဆရာတော်ဘုရားကြီး အကြောင်းနဲ့ တခြား သိခွင့်ရထားတဲ့ အကြောင်းအရာများအား အများသိအောင် ဖော်ပြပေးပါမယ်...။အစ်ကိုဒီမိုဝေယံ

No comments:

Post a Comment