Monday, August 8, 2011

ယနေ့ ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီးမှာ ကျင်းပပြုလုပ်တဲ့ (၈၈၈၈) ၂၃နှစ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနား (သတင်း၊ ဓာတ်ပုံ)


 သတင်း၊ ဆောင်းပါး ကိုအောင်မျိုးထွန်း
(၈၈၈၈) လုံး (၂၃)နှစ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲနဲ့ အမှတ်တရတွေ့ဆုံကြတဲ့ အခမ်းအနား အေးဆေးငြိမ်းချမ်းစွာ ပြီးစီးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်က အတူတူတွဲလုပ်ခဲ့တဲ့ သူငယ်ချင်းတွေ၊ ၉၄- ၉၅ မျိုးဆက်တွေ၊ ၂၀၀၇ မျိုးဆက်တွေ စတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ရေအလျင်ကြောမှာ မနားတမ်း၊ မမောတမ်းကူးခတ်နေကြတဲ့ တိုက်ပွဲဝင်သူရဲကောင်းတွေကို စုံစုံလင်လင် တွေ့ ရတဲ့အခါ စိတ်ထဲမှာ ၀မ်းနည်းဝမ်းသာဖြစ်ရပြီး တစ်စုံတစ်ခုကို လွမ်းဆွတ်မိသလို ခံစားရပါတယ်။

အခမ်းအနားမှူးအဖြစ် မဇ္ဈိမလှိုင်းကိုရဲလွင်နဲ့အတူ ၈၈ ကျောင်းသား ကိုတိုးကျော်လှိုင်က တစ်မိနစ်ငြိမ်သက်ခြင်း အစီအစဉ်ကို ဦးဆောင်ပြုလုပ်ပါတယ်။ ငြိမ်သက်ရခြင်းရဲ့ ပထမပိုင်းကတော့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ အတွက် ဦးတည်ပြီး ငြိမ်သက်ခြင်း ဒုတိယပိုင်းဟာဖြင့် ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးမှာ အသက်ပေး ကျဆုံးသွားရတဲ့ တိုက်ပွဲဝင်ရဲဘော် ရဲဘက်အားလုံးအတွက် ရည်စူးရခြင်းဖြစ်ပါတယ်

တစ်မိနစ် ငြိမ်သက်နေစဉ်မှာ အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့  စိတ်နှလုံးတွေ ညှိုးချုံးနေကြမှာ အသေအချာပါဘဲ။ ဒီအချိန်မှာ အကျဉ်းကျခံနေရတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေထံ စိတ်အစဉ်တွေ ပြေးလွှား ရောက်ရှိခဲ့ရပါတယ်။ သူငယ်ချင်းတို့ရဲ့ စိတ်အစဉ်တွေလည်း ဒီအခမ်းအနားကို ရောက်ချင် ရောက်နေမှာပါဘဲ။ လူချင်း အတူတူမတွေ့ ကြရပေမယ့် တို့တတွေ စိတ်ချင်းအမြဲ နီးနေကြပါတယ်လို့ ဖြေတွေးတွေးလိုက် ရပါ တယ်။

ဆရာတော်ဘုရားကြီးရဲ့ ရေစက်ချ တရားနာမှုကို တက်ရောက်လာတဲ့ပရိသတ်တွေ ရိုကျိုးစွာခံယူကြပါတယ်။ ဆရာတော်ကြီးရဲ့  သြ၀ါဒက “အစားဆန်း၊ အနေဆန်း၊ အ၀တ်ဆန်းတွေ ကို မတပ်မက်ကြပါနဲ့။ အတွေးဆန်း ကြပါ၊ အတွေးရဲကြပါ၊ အတွေး ပေါက်ကြပါ။ ဒါဆိုရင် ပေးတိုင်း မယူကြတဲ့စိတ်၊ ကျွေးတိုင်း မစားကြတဲ့စိတ်၊ ခြောက်တိုင်း မကြောက်ကြတဲ့စိတ်၊ မြှောက်တိုင်း မမြောက်ကြတဲ့စိတ်တွေ ပေါ်ပေါက်လာပြီး အဲဒီစိတ်ထားတွေက တစ်ဆင့် ပြန်လည်စည်းလုံးရေး၊ ငြိမ်းချမ်းရေးကို လုပ်နိုင်ကိုင်နိုင် ကြပါလိမ့်မယ်” လို့  ဟောကြားသွားပါတယ်။ အဖိုးတန် ဆုံးမစကားတွေကို နာယူလိုက်ရပါတယ်။

ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများမှ ပုဂ္ဂိုလ်များ၊ အနုပညာလောကသားများ၊ တစ်သီးပုဂ္ဂလများ၊ မျိုးဆက်သစ်လူငယ်များနဲ့ ၈လေးလုံးကို ဖြတ်သန်းခဲ့ကြသူများ အင်အား နှစ်ထောင်ကျော်ခန့် လာရောက်ကြပြီး နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ကိုဖြိုးမင်းသိန်းတို့ ကိုမျိုးရန်နောင်သိန်းတို့ အပါအ၀င် အခမ်းအနားစီစဉ်ကျင်းပရေး လူငယ်များရဲ့ ဟာကွက်မရှိအောင် ကြိုးစားပမ်းစား ဖြည့်ဆည်း ပေးနေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

သံဃာတော်များကို ၀ါဆိုသင်္ကန်းကပ်လှူကြပြီး နေ့ဆွမ်းဆက်ကပ်ကြပါတယ်။ လူပုဂ္ဂိုလ်များကိုတော့ စာသင်တိုက်ရဲ့ အပေါ်ထပ်အောက်ထပ်မှာ ထမင်းကျွေးပါတယ်။ စီစဉ်သူတွေရဲ့ စေတနာနဲ့ ရည်မှန်းချက်တွေအလုံးစုံ အောင်မြင်ပြီးမြောက်ခဲ့တဲ့ ကြည်လင်လှပတဲ့ ၈ လေးလုံး (၂၃)နှစ်မြောက် အခမ်းအနားတစ်ခုဖြစ်ခဲ့ပြီး တက်ရောက်လာကြသူတွေရဲ့ ချီးမြှင့်ပံ့ပိုးမှုတွေဟာလည်း လေးစားဂုဏ်ယူဖွယ် ကောင်းလှပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများရဲ့ ဆောင်ရွက်ချက်တချို့ကို တည်ဆဲအစိုးရအနေနဲ့ အခုလို ခွင့်ပြုလိုက်လျောမှု ပေးခဲ့တာဟာ အပေါင်းလက္ခဏာဆန်တဲ့ လက်ခံပူးပေါင်းမှုတစ်ခုလို့ ကျွန်တော်တို့ယူဆပြီး ဒီ့ထက်ပိုတ၊ဲ့ ဒီ့ထက် ထိထိမိမိရှိတဲ့ မြန်မာပြည်သူပြည်သားအားလုံး မျှော်လင့် တောင့်တနေကြတဲ့ အရေးကိစ္စတွေကိုလည်း ရှေ့အနာဂတ်မှာ ဆက်လက်ဆုံးဖြတ် လုပ်ဆောင်ပေးဖို့ လိုအပ်နေပါသေးတယ်။

နောင်နှစ် ၈ လေးလုံးနှစ်ပတ်လည်နေ့ မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျတို့ နဲ့ အတူ ကျွန်တော်တို့ တတွေ လူစုံတက်စုံ ဆင်နွှဲရလိမ့်မယ်လို့  စူးစူးနစ်နစ်ယုံကြည်လျက်....။

အောင်မျိုးထွန်း

၈- ၈- ၂၀၁၁

ဓာတ်ပုံ AP, REUTERSအစ်ကိုဒီမိုဝေယံ သတင်း

No comments:

Post a Comment