Monday, August 15, 2011

ဇာမဏီငှက် တောင်ပံတစ်ဖက်နှင့် ဆရာနန္ဒာသိန်းဇံ







နှစ်ပေါင်းများစွာလောင်ကျွမ်းခြင်းခံခဲ့ရသောဇာမဏီငှက်သည် ကြွင်းကျန်ခဲ့သော ပြာပုံမှ တစ်ဖန်ပြန်လည် ပေါက်ဖွားလာပြီးထပြန်သွားသောဒဏ္ဍာရီငှက် (သို့) သူရဲကောင်းငှက် (သို့) ဇာမဏီငှက်။
          နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသောနာရေးပို့ဆောင် ရေးယာဉ်၏ ခေါင်မိုးပေါ်တွင် ထိုဇာမဏီငှက်ကို ရွှေချကာအမြတ်တနိုးအထွဋ်အထိပ်တွင် ထားရှိ လျှက်ရှိသည်။
၁၄.၈.၂၀၁၁ (တနင်္ဂနွေနေ့) ည (၇း၄၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ မြန်မာပြည်၏ ဘာသာသာသနာအတွက် စာပေသူရဲကောင်းတစ်ဦးဖြစ်သူ၊ ဒဿနပညာရှင်၊ အငြိမ်းစားဒဿနိကဗေဒပါမောက္ခ နန္ဒာသိန်းဇံ(မဟာသဒ္ဓမဇောတိကဓဇ) အသက် (၆၅)နှစ် သည် ကွယ်လွန်အနိစ္စရောက်ရှိသွားပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၁၅.၈.၂၀၁၁ (တနင်္လာနေ့) နံနက် (၁၀း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဂျပန်နိုင်ငံလုပ် နာရေးပို့ ဆောင်ရေးယာဉ်ဖြင့် သွားရောက်၍ စာရေးဆရာ နန္ဒာသိန်းဇံ၏ ကျန်ရစ်ခဲ့သော ရုပ်ကလပ်အားရန်ကုန်ပြည်သူ့ဆေးရုံကြီးအအေးခန်းသို့ သွားရောက်၍ သယ်ဆောင်ပြီး ရေဝေးသုဿန်အအေး ခန်းသို့ ပို့ဆောင်ခြင်းကို ပြုလုပ်ခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအအေးခန်းမှ ဥက္ကဋ္ဌ ဦးကျော်သူမောင်းနှင်လာသောနာရေးပို့ဆောင်ရေးယာဉ် ထွက်ခွာလာချိန်တွင် လေပြင်းမိုးပြင်းများ​ ရွာချထားခြင်းကြောင့် ကိုင်းညွှန့်နေသောအအေးခန်းဂိတ်ပေါက်ရှိ ပိတောက်သစ်ကိုင်းနှင့် မီးကြိုးတို့၏ ချိတ်ဆွဲခြင်းကိုခံရကာနာရေးပို့ဆောင်ရေးယာဉ်ခေါင်မိုးပေါ်ရှိရွှေချကာအမြတ်တနိုးအထွဋ်အထိပ်ထားရှိသောဇာမဏီငှက်၏ အတောင်ပံတစ်ဖက်ကို ရိုက်ချိုးခြင်းခံလိုက်ရသည်။ ထို့ကြောင့် ရိုက်ချိုးခံရသောဇာမဏီငှက်အရုပ်အားနောက်မှလိုက်လံကူညီဖေးမပေးသောစာရေးဆရာမဒေါ်သန်းမြင့်အောင် စီးနှင်းလိုက်ပါလာသောမော်တော်ယာဉ်ပေါ်သို့ တင်ဆောင်ကာ ရေဝေးသုဿန်အအေးခန်းသို့ ဆရာ နန္ဒာသိန်းဇံ၏ ရုပ်ကလပ်အားပို့ဆောင်ပေးခဲ့တော့သည်။
          လမ်းခရီးတွင် အတွေးနယ်ချဲ့ခဲ့သည်။ ဇာမဏီငှက် ဟုဆိုရာ၌ ဒဏ္ဍာရီငှက် (သို့) သူရဲကောင်းငှက် (သို့) အာဇာနည်ငှက် ဟုတင်စားခေါ်ဆိုကြသည်။ ဆရာ နန္ဒာသိန်းဇံသည်လည်း မြန်မာပြည်၏ စာပေသူရဲကောင်း (သို့) စာပေအာဇာနည်တစ်ဦးပင် ဖြစ်သည်။ ယခုဆရာ နန္ဒာသိန်းဇံ၏ ၁၈.၈.၂၀၁၁ (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ ဂူသွင်းသင်္ဂြိုလ်မည့် နောက်ဆုံးခရီးဖြစ်သော နှုတ်ဆက်ပွဲအတွက် ဆရာ၏ ကျန်ရစ်သော ရုပ်ခန္ဓာကိုယ်အား ပြင်ဆင်ပြုပြင် ထိန်းသိမ်းထားရန်အတွက် အအေးခန်းသို့ ပို့ဆောင်ရာတွင် ဇာမဏီငှက် တောင်ပံတစ်ဖက်ကျိုးကျန်ရစ်ခဲ့သည့် အတိတ်နိမိတ်သည် မြန်မာပြည်တွင်း ပြည်သူပြည်သားအားလုံးတို့အတွက် ဆက်လက်ပေးဆပ်ရန် ဆရာ့ကိုယ်စားတစ်စုံတစ်ယောက်အားအမွေထားရစ်ခဲ့လေသလားဟု . . . . ။
          ဆရာထားရစ်ခဲ့သောဒဏ္ဍာရီ၊ အာဇာနည်၊ သူရဲကောင်းတည်းဟူသောပညာအမွေကိုမည်သူဆက်လက်၍ ထိမ်းသိမ်းပါတော့မည်နည်း။
ကျော်သူ
ပေးပို့လာပေးသော ဦးကျော်သူအား ကျေးဇူးအထူးတင်ရှိပါသည်။

No comments:

Post a Comment