Friday, August 5, 2011

ဝမ်းစာ

 ဝမ်းစာ

ကျွန်တော် ရန်ကုန်ပြန်ရောက်နေတာ ဒီနေ့ဆို တစ်လနဲ့ ၄ ရက်ရှိသွားပြီပေါ့၊ စည်းကမ်းပျက်နေတဲ့ ကျွန်တော့်တို့ရဲ့ ရန်ကုန်မြေဟာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလတွေနဲ့ ဘာမှကို မဆိုင်တော့သလိုပဲ ရန်ကုန်ဟာ အရင်ထက်ပိုစည်မစည်တော့ မသိပါဘူး၊ လမ်းပေါ်မှာတော့ ကားတွေကတော့ အများကြီးပါ၊ ကုန်ဈေးနှုံးကလည်း မကျသေးဘူးလို့ ပဲ ဆိုရမလားပဲ ...

ရောက်ကာစ အရင်ကျွန်တော် Taxi မောင်းခဲ့တုံးက ဂိတ်ထိုးခဲ့တဲ့ ကွမ်းယာဆိုင်လေးကို ပြန်ရောက်ဖြစ်ခဲ့ပါတယ်။ တချို့ တွေလဲ ကားသမားဘဝမှာပဲ၊ တချို့ ကြတော့ နိုင်ငံခြားမှာ၊ တချို့ ကြတော့လဲ တခြား အလုပ်အကိုင်တွေနဲ့ပေါ့၊ တချို့ကြတော့လဲ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့ သွားကြတယ်ဆိုတဲ့ သတင်းပေါင်းစုံပေါ့ဗျာ။ ဒီလိုနဲ့ အဲ့ကွမ်းယာဆိုင်လေးမှာ ထိုင်ရင်း ထွေရာလေးပါး စကားတွေပြောပြီး ကျွန်တော့်ရဲ့ ညနေပိုင်းအချိန် တော်တော်များများကို အဲ့နေရာလေးမှာပဲ ကုန်ဆုံးနေခဲ့တာပါ၊ အဲ့မှာ ကျွန်တော် စပြီး သတိထားမိတာပါ။ ကျွန်တော်တို့ရပ်ကွက်က ထွက်သမျှအမှိုက်တွေ ပုံတဲ့နေရာဟာ အဲ့ကွမ်းယာဆိုင်လေးနဲ့ မလှမ်းမကမ်းမှာ ရှိနေတာပါ၊ လွန်ခဲ့တဲ့ ငါးနှစ်ကျော် ခြောက်နှစ်ကအတိုင်းပါပဲ၊ ဒါပေမယ့် ထူးခြားတာက အဲ့အမှိုက်ပုံမှာနေ့တိုင်း ကောင်လေး ၂ ယောက်ပဲ၊ ဘယ်နေ့ကြည့်ကြည့် သူတို့ ၂ ယောက်ပဲ အမှိုက်ပုံကို တူးဆွနေတာ မြင်မိတယ်။
တစ်ရက် ညနေ ၅ နာရီခွဲလောက် မိုးတွေ တအားရွာတော့ ကောင်လေးတစ်ယောက် (နောက်ကောင်လေးကိုတော့ မတွေ့မိ) ကွမ်းယာဆိုင် အမိုးအောက်မှာ မိုးလာခိုပါတယ်။ အဲ့မှာ ကျွန်တော်လဲ စူးစမ်းလိုစိတ် နဲ့ကောင်လေးကို စကားစမိတာပေါ့ ...။ ကောင်လေးပြောပြတာကတော့ သူတို့အမှိုက်ပုံ ၂ ပုံကို စည်ပင်သာယာ အမှိုက်ကားကနေ ပြန်ဝယ်ထားရကြောင်း တစ်လကို ဒီအမှိုက်ပုံအတွက် ငွေသုံးသောင်းကျပ် ပေးရကြောင်း၊ နောက်အမှိုက်ပုံအတွက် ကျပ် လေးသောင်းပေးရကြောင်း၊ ကောင်လေးမှာ အပေါင်းအသင်းများနင့် ဒီအလုပ်ကို လုပ်စားနေခြင်းဖြစ်ကြောင်း၊ ဖခင်ဖြစ်သူမှာ ဆိုက်ကားနင်းပြီး ယခုတော့ မရှိတော့ကြောင်း၊ မိခင်ဖြစ်သူမှာ လူများအိမ်မှာ အချိန်ပိုင်း အိမ်ဖော်အလုပ် လုပ်ကိုင် နေကြောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် နေကြောင်း ညီမဖြစ်သူကို ကျောင်းစရိတ်အတွက် ၄ တန်းနဲ့ ကျောင်းမှထွက်ပြီး ယခုအလုပ်ကို လုပ်ကိုင်စားသောက်နေကြောင်း ပြောပါတယ်၊ ကျွန်တော်က လောက်ငှလားလို့ မေးတော့ကောင်လေးက အိပ်ထဲက စိုက်ရတဲ့ လတော့မရှိသေးကြောင်း၊ ယခု အမှိုက်ပုံကိုလဲ အမှိုက်ကားကို ပေးဝယ်ထားရကြောင်း၊ အဲ့လို ပေးဝယ်ထားတဲ့အတွက် တခြားသူတွေက ဒီအမှိုက်ပုံမှာ အမှိုက်လာကောက်ရင် တိုင်လို့ရကြောင်း၊ သူတို့အား အမှိုက်ကောက်ခွင့် စာရွက်ပေးထားကြောင်း၊ တခြားအမှိုက်ပုံမှာ ကျွန်တော်တို့ သွားကောက်လို့လည်း မရကြောင်း၊ တွေ့ရင် စည်ပင်ရဲက ဖမ်းမှာဖြစ်ကြောင်း ပြောပြသွားပါတယ်။

ဪ အမှိုက်ကောက်သူတွေတောင် စည်ပင်ကို တစ်လ သုံး၊ လေးသောင်း ပေးနေရပြီလား၊ အရင်တုန်းကဆိုရင် သူတို့တွေ လမ်းတကာ လှည့်လည်ပြီး ကောက်ကြရပေမယ့် အခုတော့ ကိုယ်ပိုင်အမှိုက်ပုံမှာ လုပ်စားနေကြရပြီ၊ တစ်ခုတော့ ကောင်းသွားတယ်၊ ရိုးရိုးသားသား လုပ်စားသူတွေကတော့ အဆင်ပြေကြမှာပါ။ နဂိုကတည်းကမှ အမှိုက်သူတွေ အထင်အမြင်သေးခံရတာ၊ အခုလို တည်တည် ငြိမ်ငြိမ်ဖြစ်သွားတော့ ကောင်းပါတယ်။ မကောင်းတာက သူတို့က စည်ပင်ကို တိုက်ရိုက်ပေးရတာမဟုတ်ပဲ အမှိုက်ကားကို ပေးရတာ၊ ဒီပိုက်ဆံတွေက အပေါ်ရောက်မှာမဟုတ်ဘူးလေ၊ သူ့ဂွင်နဲ့သူ လုပ်စားနေကြတာပေါ့။

ဒီလိုနဲ့ တစ်ရက် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနဲ့ ဆုံပြီး သောက်စားရင်း စကားလေးတွေ ပြောဖြစ်ပါတယ်။ နေပြည်တော် အကြောင်းကျွန်တော် မေးမိတော့.. နေပြည်တော်က အတော်စားရိတ်ကြီးကြောင်း၊ ကျောက်ပွဲအချိန် (ကျောက်မျက်ရတနာပြပွဲ) ဆိုရင် ခပ်ညံ့ညံ့ တည်းခိုခန်းတောင် တစ်ရက်ကို သုံးသောင်းလောက် ပေးရကြောင်း၊ စင်တင်ဘီယာဆိုင်၊ ကာရာအိုကေ၊ အလှပြုပြင်ရေးအမည်ခံ အနှိပ်ခန်းများမှာ တိုးမပေါက်ကြောင်း၊ ပိုက်ဆံကတော့ ကျပျောက်သလား မှတ်ရအောင် ကုန်ကြောင်း၊ တစ်ရက် ကာရာအိုကေသို့ သူ့လုပ်ဖော်ကိုင်ဖက်များနှင့် အတူသွားဖြစ်ကြောင်း၊ ကောင်မလေးများလည်း လာရောက် ဖြေဖျော်ကြကြောင်း၊ ပြန်ခါနီး ကိုယ်နှင့်တွဲသော ကောင်မလေးအား မုန့်ဘိုး တစ်သောင်းကျပ် ထုက်ပေးရာ ကောင်မလေးမှ ထိုပိုက်ဆံကို မကြည်မလင်နှင့် ပြန်ပေးကြောင်း၊ သူ့သူငယ်ချင်းက ချက်ချင်း သုံးသောင်းကျပ် ထုက်ပေးလိုက်မှ ကောင်မလေးမျက်နှာပြုံးရွှင်သွားကြောင်း၊ သူ့သူငယ်ချင်းကပင် ဆက်လက်၍ ကောင်မလေးအား သူကရန်ကုန်ကလာတာ မကြာသေးလို့ ဒီကအကြောင်းတွေ မသိသေးလို့ ပါဟုပြောလိုက်မှ အဆင်ပြေသွားကြောင်း၊ ထို ကောင်မလေးများသည် တစ်လကို ဝင်ငွေ သိန်း ၃၀ ခန့်ရှိကြောင်း၊ စင်တင်မှ သီချင်းဆိုသော ကောင်မလေးများဆိုလျှင် သိန်း ၅၀ ခန့်ဝင်ငွေရှိကြောင်း (ကျန်တာတော့ သူဆက်မပြောပါ) ပြောပြပါတယ် ...။

ထိုအကြောင်းကို သိသောသူများ သိကြပါလိမ့်မယ်၊ ရန်ကုန်မှာ Disco များ Club များအားလုံး စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေချိန် နေပြည်တော် မြို့တော်ကြီးမှာတော့ လိုချင်တာ အကုန်ရ၊ အားလုံးလှပနေဆဲပါ၊ ရန်ကုန်မှာတော့ .......... ပြန်ရောက်ခါစတုံးကတော့ အလုပ်မရှိတော့ ကျွန်တော် တော်တော်လေး ပျင်းနေမိတယ်၊ အဖေ့ကိုလဲ အလုပ်တခု လုပ်ချင်တဲ့ အကြောင်းပြောတော့ ..... ကျွန်တော့်ကို တစ်လ နှစ်လလောက် နားပါဦးလားတဲ့၊ ဒို့ကိုနဲနဲပါးပါးလောက် ပြန်ပြုစုပေးပါဦးတဲ့၊ အဖေလဲ အရမ်းကို ပင်ပန်းလွန်းတဲ့အတွက် မင်းကိုပြန်ခေါ်လိုက်တာပါ၊ မင်းလိုရင် အဖေပိုက်ဆံ ပေးသုံးမှာပေါ့တဲ့ ။ ။

ကျွန်တော် အဲ့ပိုက်ဆံတွေကို မသုံးရက်ဘူး၊ အဲ့ဒါ ဘယ်သူ့ဆီက လာတဲ့ပိုက်ဆံလဲဆိုတာ ကျွန်တော်သိနေလို့ပဲ။ တခြားသူမဟုတ်ဘူး၊ ကျွန်တော့်ညီမ ပို့ပေးနေတဲ့ ပိုက်ဆံတွေလေ၊ အန္တရာယ် အခက်အခဲတွေကြားထဲက စိတ်သောကပေါင်းစုံနဲ့ ရှာဖွေပြီး အဖေနဲ့ အမေဆီကို ပို့ပေးနေတဲ့ ဒီငွေတွေကို ကျွန်တော်မသုံးရက်ဘူး၊ ဂျပန်မှာ ငလျင်လှုပ်တော့ ပြသနာတွေတက်ပြီး ဆိုင်တွေမှာ စားသုံးသူတွေ မလာတော့ဘူးလေ၊ အလုပ်ချိန်တွေ အလျော့ခံရတယ်။ အလုပ်ချိန်လျော့ ခံရတော့ ပိုက်ဆံလဲ လျော့သွားတာပေါ့၊ အဲ့ဒီတော့ ကျွန်တော့်ညီမလဲ ပုံမှန်ပို့နေကြ ငွေအတိုင်း ပို့နိုင်အောင် စနေ၊ တနင်္ဂနွေဆိုရင် ဟိုတယ်မှာ အချိန်ပိုင်းအလုပ် ပိုဆင်းရရှာတယ်၊

အိမ်မှာ ချေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေခဲ့တဲ့ ညီမလေး၊ ဟိုတယ်မှာ သန့်ရှင်းရေးအလုပ်ကို အချိန်ပိုင်းနဲ့ လုပ်နေရရှာတယ်၊ အဖေ အမေနဲ့ အကိုဖြစ်တဲ့ ကျွန်တော့်အတွက် သူလုပ်နေရရှာတာ၊ သူ့ဝမ်းဝရုံ မဟုတ်ဘူး၊ ကျွန်တော်တို့အတွက် သူလုပ်နေရရှာတာ၊ ဒီပိုက်ဆံကို ကျွန်တော် ဘယ်လိုလုပ်ပြီး သုံးရမှာလဲဗျာ ..... ဪ လောကကြီးမှာ လူအမျိုးမျိုး ဘဝအထွေထွေမှာ ပုံစံအမျိုးမျိုးနဲ့ ဝမ်းစာကို ရှာစား နေကြရတာပါပဲလား၊ တချိန်က ကျွန်တော်လဲ ကျွန်တော့် မိသားစုဝမ်းရေးအတွက် တဖက်တလမ်းက ရှာဖွေပေးနိုင်ခဲ့ပေမယ့် အခုတော့ ကျွန်တော် ကျွန်တော့်အတွက်တောင် မနည်းရှာဖွေ နေရတယ်၊ ညီမရဲ့ လုပ်အားခပေါ်မှာ မှီခိုနေရပြီ၊ အလုပ်အကိုင်တွေ ရှားနေတာလား နောက်ဆုံးတော့ ကျွန်တော် မမောင်းချင်ဆုံးသော Taxi ကို ကျွန်တော် ပြန်မောင်းရတော့မယ်၊ လောလောဆယ် ဝင်ငွေရလမ်းက ဒါပဲရှိတော့တယ် .....

အဲ့တော့ ကျွန်တော်လဲ ကျွန်တော့်ဝမ်းစာအတွက် ကားပေါ်ပြန်တက်ရဦးတော့မယ်လေ .....

ပေးပို့လာသူ ပင်လုံသစ္စာအား ကျေးဇူးတင်ပါသည်...။ ရေးသားသူ အမည်တော့ပါမလာပါ...။  အမှိုက်ပုံကောက်ခွင့် ပါမစ်ချပေးတဲ့ စည်ပင်ရဲ့ ငွေရှာတဲ့ လုပ်ရပ်နဲ့ လိုတာအကုန်ရတဲ့ ကြပ်ပြေး နေပြည်တော်အကြောင်း ကတော့ အောချလောက်ပါပေတယ်...။   နှိုင်းယှဉ် တွေးတောစရာတွေ အများကြီးပါတဲ့ ရေးသားချက်တွေ ဖြစ်တဲ့အတွက် အားလုံးသိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်...။

No comments:

Post a Comment