Wednesday, August 10, 2011

ဗုဒ္ဓဂါယာ မြန်မာဘုန်းကြီးကျောင်းအတွက် ဆန္ဒပြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ(မဇ္စျိမ) ။        ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ရှိသော မြန်မာဘုန်းတော်ကြီးကျောင်း တကျောင်းဖြစ်သည့် မဟာအောင်မြေ ကျောင်းတိုက်အား ဆောက်လုပ်ခွင့် ပါမစ် မရှိ၍ ဒေသအာဏာပိုင်များက တနင်္လာနေ့က ဖြိုဖျက်ရန်ပြင်စဉ် ဒေသခံများနှင့် သံဃာတော်များက ကန့်ကွက်ဆန္ဒပြ၍ ရပ်တန့်လိုက်သည်။

ဂန္ဓီဂါဒ် (ဂန္ဓီဈေး) ဗုဒ္ဓဂါယာ စာတိုက်ကြီးရှေ့တွင် စုရုံးကြပြီး လားမားဈေှးနှင့် မဟာအောင်မြေ ကျောင်းနားအထိ ဗုဒ္ဓဂါယာတဝိုက် လှည့်ပတ်ပြီး ဆောက်လုပ်ပြီးသား အဆောက်အဦးများအား ပါမစ်ပေးရန်နှင့် မဖျက်သိမ်းရန်
တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြခဲ့သည့် အထဲတွင် ပါဝင်သည့် မြန်မာရဟန်းတော်တပါးက “ဟုတ်တယ်။ မနေ့က ဦးဇင်းတို့ ဒီက မဂ္ဂဓ တက္ကသိုလ်က ကျောင်းသားတွေ၊ ကိုယ်တို့မြန်မာဘုန်းကြီးတွေဆိုရင် ၁၅ ပါးလောက် ရှိမယ်။ ပြီးတော့ တိဗက်ဘုန်းကြီး ၁ဝ ပါးလောက်ရှိတယ်။ အဲဒီက ဒေသခံ အိန္ဒိယသားတွေလည်း ပါတာပေါ့ ။ သူတို့ကတော့ များတယ်။ အားလုံးစုစုပေါင်း ၂ဝဝ ကျော်လောက်ရှိတယ်” ဟုပြောသည်။

စည်ပင်သာယာက အပေါ်ဆုံးထပ်များအား အနည်းအကျဉ်း ဖြိုဖျက်ခဲ့ပြီးနောက် မဟာအောင်မြေ ကျောင်းတိုက်သို့လည်း လာရောက်ကာ ဖြိုဖျက်ရမည့် အဆောက်အဦးများအား အမှတ်အသား ကြက်ခြေများ ခတ်သွားခဲ့သည်။

ယခင်က ဗုဒ္ဓဂါယာတွင် အဆောက်အဦးများ ဆောက်လုပ်ခွင့် ပါမစ်ကို အစိုးရ လက်အောက်ခံ (Gaya Regional Development Authority) မှကိုင်တွယ်ခဲ့ပြီး ယခုလက်ရှိတွင် နာဂပဉ္စဟု ခေါ်တွင်သည့် စည်ပင်သာယာ ငါးဦး ကော်မတီရုံးမှ ဦးစီးဆောင်ရွက်နေသည်။

၂ဝဝ၆ ခုနှစ်နောက်ပိုင်း ဗုဒ္ဓဂါယာဒေသအတွင်း ချမှတ်ခဲ့သည့် မြို့ရွာ စီမံကိန်းအရ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက် အဦးများ ဆောက်လုပ်ခွင့်ပါမစ်ကို ရပ်ဆိုင်းထားခဲ့ပြီး ဗုဒ္ဓဂါယာတဝိုက်တွင် မည့်သည့် အဆောက်အဦးကိုမျှ ပေ ၃ဝ ထက် မြင့်ပြီး ဆောက်လုပ်ခွင့် မပြုတော့ပေ။

“ဖျက်တာက ကျောင်းဆင်ဝင်ဘက်ပေါ့။ ဘုရားရှိတဲ့ အရှေ့ဘက်ကတော့ မဖျက်ဘူး၊ နောက်ဘက်က အပေါ်တက်တဲ့ တံခါးပေါက် အဝင်ဝနားက လက်ရန်းလို့ခေါ်တဲ့ ကွေးကွေးကောက်ကောက်နဲ့ နှစ်ခုရှိတယ်။ အဲဒီနှစ်ခုကိုဖျက်တာ အများကြီးတော့ မဟုတ်ဘူးပေါ့။ အဲဒီနှစ်ခု ကိုဖျက်ပြီးတဲ့အခါ ပြည်နယ် ဟိုက်ကုတ် (High Court) ကနေ Stay Order (ဖျက်တာကိုယာယီ ရပ်ထားရန် တရားရုံးမှညွန်ကြားချက်) တခုယူပြီး တော့ တောင်းပန်စာ တစောင်ရေးပေးပါ” ဆိုပြီးပြောခဲ့သည်ဟု မဟာအောင်မြေကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဇဝနမှ မဇ္စျိမကို ပြောသည်။

အဆိုပါ  တောင်းပန်စာကို သြဂုတ်လ ၁၁ ရက်နေ့ နောက်ဆုံးထား၍ စည်ပင်သာယာသို့ တင်ပြရမည် ဖြစ်သည်။

မဟာအောင်မြေ ကျောင်းတိုက်ကို ၂ဝဝ၁ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး ၂ဝဝ၆ ခုနှစ်တွင် ဌာနဆိုင်ရာသို့ တရားဝင် ပါမစ် လျှောက်လွှာ တင်ခဲ့သော်လည်း မည်သို့မျှ အကြောင်းပြန်ကြားခြင်း မရှိခဲ့သည့်အတွက် ၂ဝဝ၈ ခုနှစ်တွင် တခါ ထပ်တင်သော်လည်း အခုချိန်ထိ ပါမစ် မရရှိသေးပေ။

“ဆရာတော်တို့ ဒီဗုဒ္ဓဂါယာမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေကလဲပဲ ဆရာတော်တို့နဲ့ ထပ်တူထပ်မျှ အားလုံးဝိုင်းပြီးတော့ ပူးပေါင်း ပါဝင်ကြပါတယ်။ မနေ့ကတော့ ဆရာတော်တို့ ဗုဒ္ဓဂါယာ တခုလုံးမှာ လူတွေရော၊ ဘုန်းကြီးကျောင်းတွေရော၊ အားလုံး ပိတ်ပြီးတော့ ဆန္ဒပြကြတယ်” ဟု ဆရာတော်မှ ပြောကြားသည်။

ယခုကဲ့သို့ ဖြစ်ပျက်သည့် အပေါ် ပြည်နယ်ဝန်ကြီးထံသို့လည်း တိုက်ရိုက် စာပို့ထားကြောင်းနှင့် ဆိုင်ရာဌာနများ၊ပြည်နယ်ပါလီမန်၊ ကော်မရှင်နာများအထိ စာပို့သွားမည်ဟုလည်း သိရသည်။ မြန်မာသံရုံးသို့ အကြောင်းကြားထားပြီး မြန်မာသံရုံးမှ တဆင့် ပြည်နယ် အစိုးရသို့ ပြောကြားသွားဦးမည်ဟုလည်း ဆိုသည်။

ယခုအချိန်တွင် ဗုဒ္ဓဂါယာအတွင်း ပါမစ်မရရှိပဲ နားလည်မှုနှင့် ဆောက်လုပ်ထားသည့် အဆောက်အဦး ၂၀၀ ကျော်ခန့် ရှိနေသည်။

No comments:

Post a Comment