Saturday, September 17, 2011

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စဉ်းစားသုံးသပ်မည်...


 မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှ တရုတ်ဝန်ထမ်းများ
နေပြည်တော်၊ စက်တင်ဘာ - ၁၇
ရင်းမြစ်... 7Day News Journal

နေပြည်တော်တွင် ယနေ့ကျင်းပပြုလုပ်သော ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော စာတမ်းဖတ်ပွဲနှင့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် အဆိုပါစီမံကိန်းကို ပြန်လည်စဉ်းစားသုံးသပ်ရန် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အကြံပြုတိုက်တွန်းခဲ့ပြီး အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက အကြံပြုချက်များကို ပြန်လည်လက်ခံ စဉ်းစားသွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းမှ ထုတ်လုပ်နိုင်မည့် ဓာတ်အားပမာဏ ၆၀၀၀ မဂ္ဂါဝပ်ကို အခြားစီမံကိန်းများမှ အစားထိုး ထုတ်လုပ်နိုင်ပါက စဉ်စားသွားရန် အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အကြံပြုခဲ့သည်။

"လျှပ်စစ်ပမာဏ အတူတူရနိုင်မယ့် ပြည်သူတွေလည်း လက်ခံနိုင်မယ့်၊ မေခ၊ မေလိခမြစ်တွေရဲ့ အထက်ပိုင်းနေရာတွေမှာ ပြောင်းရွှေ့တည်ဆောက်ခြင်းဟာ သားရွှေအိုးထမ်းလာတာဖြစ်နိုင်မလားလို့ ပြောချင်ပါတယ်... ဒီကိစ္စ၊ ဒီ issue တွေကြောင့် စည်းလုံးညီသွတ်မှုအား ချည့်နဲ့မသွားစေချင်ပါဘူး။ အရင်က ဆန်းစစ်ထားတဲ့ကိစ္စ(မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေး သက်ရောက်နိုင်မှုများကို ကြိုတင်ဆန်းစစ်ချက်) လိုအပ်ရင် ထပ်စစ်ဆေးဖို့လိုပါတယ်။ ဒါက နိုင်ငံတော်အတွက် တကယ့်ကို ပြင်လို့မရတဲ့ကိစ္စလို့ ခံယူပါတယ်။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ဆိုသလိုပါပဲ" ဟု ဦးစိုးသိန်းက မြစ်ဆုံစီမံကိန်းကို ပြန်လည် စဉ်းစားသုံးသပ်ရန် အကြံပြုသည်။

ဦးဇော်မင်းကလည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ အကြံပြုချက် ဆွေးနွေးချက်များစွာ ရောက်ရှိလာပြီး ထိုအထဲတွင် လျော်ကန်သင့်မြတ်သော အချက်များပါနေသည့်အတွက် လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း အခမ်းအနားအပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

"အခု မြစ်ဆုံကိစ္စက လူပြောများလာတဲ့ ကိစ္စဖြစ်နေပြီ။ ထိခိုက်မှုအနည်းဆုံးနဲ့ အန္တရာယ်မရှိပါဘူးလို့ အာမခံနိုင်တဲ့ အဆင့်ထိဖြစ်အောင် ပြန်လည် ဆန်းစစ်မယ်"ဟု ဦးဇော်မင်းက ပြောသည်။ မြစ်ဆုံစီမံကိန်းအတွက် EIA ကောက်ယူမှုကို မြစ်ကြောင်း တစ်လျှောက်တွင် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

 ချီဖွေရေအားလျှပ်စစ် စီမံကိန်း မြင်ကွင်းတခု
ထို့အပြင် မြစ်ဆုံစီမံကိန်း မဆောင်ရွက်မီ ချီဖွေရေအားလျှပ်စစ်စီမံကိန်းကို ဦးစွာဆောင်ရွက်ပြီး ထိုစီမံကိန်းကြောင့် သက်ရောက်မှုများကို ကြည့်ရှုသုံးသပ်သွားရန် အစီအစဉ်ရှိကြောင်းလည်း ဦးဇော်မင်းက ပြောသည်။ အဆိုပါစီမံကိန်း တည်ဆောက်ရန်၊ မတည်ဆောက်ရန်ကို လွှတ်တော်သို့ တင်ပြပြီး ဆုံးဖြတ်ချက်ခံယူသွားမည်ဟုလည်း ဆိုသည်။ ထို့အပြင် ယခင်ပြုလုပ်ထားသော EIA ကို သစ်တောရေးရာဝန်ကြီးဌာနသို့ ပေးအပ်ပြီး လူထုမှ ဖတ်ရှုလေ့လာနိုင်ရန် ၀က်ဘ်ဆိုက်တွင် တင်မည်ဟုလည်း ဦးဇော်မင်းက ပြောကြားခဲ့သည်။

ထပ်မံရရှိသောသတင်းအရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ပြန်လည် စဉ်းစားသုံးသပ်ရန် ပြောကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး တစ်ဦးကလည်း ပြောသည်။ အစ်ကိုဒီမိုဝေယံ သတင်း

No comments:

Post a Comment