Monday, October 3, 2011

မထင်မှတ်သောပီတိများ











 
၂.၁၀.၂၀၁၁ (တနင်္ဂနွေ)နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၁၈)၊ ၀ိသကြုံ(၂)လမ်း၊ စမ်းကြီးဝရပ်ကွက်နေ ဒေါ်သန်းအသက် (၇၃)နှစ် ကွယ်လွန်အနိစ္စရောက်ရှိ သွားပါသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မင်္ဂလာဒုံမြို့နယ်ရှိ ပုညကာရီ (အခမဲ့) နာရေးကုသိုလ်ပြု အသင်းမှ ဆက်သွယ်အကူအညီတောင်းခံခဲ့သည်။

          မင်္ဂလာဒုံမြို့နယ်၏ ပုညကာရီ (အခမဲ့) နာရေးကုသိုလ်ပြုအသင်းသည် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ တွင် စတင်တည်ထောင်ခဲ့ပြီးကုသိုလ်ဖြစ်အများပြည်သူအတွက် ပြုလုပ်ပေးရာ၌ သေစာရင်း၊ သင်္ဂြိုလ်ခွင့်ပြုလက်မှတ်ရရှိရန် အသင်းမှ ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ နာရေးဖိတ်စာရိုက်ပေးခြင်း၊ မဏ္ဍာပ်ဆောက်လုပ်ပေးခြင်း၊ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးခြင်း၊ ဓမ္မစကြာဝတ်ရွတ်အသင်းဖြင့် ဆောင်ရွက်ပေးခြင်းစသည့်နာရေးကိစ္စရပ်များကို (အခမဲ့) ပြုလုပ်ပေးခဲ့ရာ နာရေးပို့ဆောင်ရန် နိဗ္ဗာန်ယာဉ် အခက်အခဲကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အားအကူအညီတဆင့်တောင်းခံခဲ့ပါသည်။ ထိုသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးစိတ်ဓါတ် ပြည့်ဝစွာ လူသားချင်းစာနာစိတ်မွေးဖွားကာ ဗြဟ္မစိုရ်တရားလေးပါးအားလက်ကိုင်ပြု၍ လူမှုရေးအသင်းအဖွဲ့ အချင်းချင်းကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ခြင်းသည် ယခု ၂.၁၀.၂၀၁၁ ရက်နေ့တွင် ကွယ်လွန်သူဦးရေပေါင်း (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

          ထို့ကြောင့် ပုညကာရီ (အခမဲ့) နာရေးကုသိုလ်ပြုအသင်းမှ အထူးအစီအစဉ်အဖြစ် ပြုလုပ်လိုကြောင်း ပြောကြားလာသည့်အတွက် မင်္ဂလာဒုံမြို့နယ်တွင် ၂.၁၀.၂၀၁၁ ရက်နေ့ နာရေးလမ်းကြောင်း (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် အထူးနိဗ္ဗာန်ယာဉ်ကြီးဖြင့်၎င်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သား (၃၀) ကျော်ဖြင့်၎င်း၊ ရှေ့ပြေးမော်တော်ယာဉ်ဖြင့်၎င်း စည်ကားသိုက်မြိုက်စွာ နောက်ဆုံးခရီးအားပို့ဆောင်ပေးခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကွယ်လွန်သူဒေါ်သန်းအသက် (၇၃) နှစ်၏ ကျန်ရစ်သူမိသားစုတို့အား သင်္ကန်းပရိက္ခရာနှင့်၊ အလှူငွေ (၅၀၀၀၀) ကျပ်၊ ဦးကျော်သူ+ဒေါ်ရွှေဇီးကွက် (မိသားစု)မှ အလှူငွေ (၁၀၀၀၀) ကျပ်၊ ပုညကာရီ (အခမဲ့) နာရေးကုသိုလ်ပြုအသင်းမှ အလှူငွေ (၁) သိန်းကျပ် တို့ကိုပေးအပ်လှူဒါန်းခဲ့သည်။

          ယင်းအခမ်းအနားတွင် လှူဒါန်းမှုများပြုလုပ်ပြီးနောက် ပုညကာရီ (အခမဲ့) နာရေးကုသိုလ်ပြု အသင်း၏ အသင်းသားများတို့မှ ကွယ်လွန်သူဒေါ်သန်း၏ ရုပ်အလောင်းအားထမ်းပိုးကာ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အသင်းသူများထံသို့ လွဲအပ်ထမ်းပိုးပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများထံသို့ ပို့ဆောင်ကာနိဗ္ဗာန်ယာဉ်ပေါ်သို့ တင်ဆောင်ပြီး ရေဝေးသုဿန်သို့ ပို့ဆောင်ကူညီသင်္ဂြိုလ်ပေးခဲ့သည်။

          ထိုသို့ လူမှုရေးအသင်းအဖွဲ့များ၏ ရိုးရှင်းသောပူးပေါင်းဆောင်ရွက်ပေးမှုများသည် နာရေးရှင်များအဖို့ မမျှော်လင့်ထားသော အပူမီးများ ငြိမ်းအေးစေသလို၊ လူမှုရေးသမားများအတွက်လည်းမထင်မှတ် သောပီတိများကို ရရှိစေခဲ့သည်။
http://www.facebook.com/notes/kyaw-thu 

No comments:

Post a Comment