Monday, October 10, 2011

လူတွေအကုန်လုံးဟာ ထမင်းစားဖို့သက်သက် နေနေတာ မဟုတ်ဘူး ဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံခြင်း

 
ဆရာ့ရဲ့လူငယ်ဘဝဖြတ်သန်းမှုထဲက အမှတ်တရဖြစ်ခဲ့တာသိချင်ပါတယ်။

လူငယ်ဘဝဖြတ်သန်းမှုကို ပြောရမယ်ဆိုရင် ကျွန်တော်တို့အချိန်တုန်းကတော့ အမှန်အတိုင်းပြောရရင် လူငယ်မို့လို့ လူငယ်လှုပ်ရှားမှု တွေရှိတယ်။ လူကြီးမို့လို့လူကြီးလှုပ် ရှားမှုတွေရှိတယ်လို့ အဲလိုသဘော မျိုးမဟုတ်ဘူးဗျ။ ဥပမာဆိုကြပါတော့။ လူငယ်တွေက အခုစုမိတွဲ မိတဲ့သူတွေတွဲလုပ်တယ်။ လူကြီး တွေနဲ့တွဲလုပ်တဲ့သူတွေရှိတယ်။ ကျွန်တော်တို့တုန်းက လူငယ်ဆိုတဲ့လူတွေက ကျောင်းသားသမဂ္ဂ ဆိုတာလည်း ရှိတာကိုး။ ကျောင်းသားသမဂ္ဂတွေမှာ ပါဝင်လှုပ်ရှားတဲ့သူ။ ဒါတစ်ချက်ပေါ့။ နောက်တစ် ချက်ကလည်း ပတ်ဝန်းကျင်မှာ နိုင်ငံရေးပါတီတွေ ဘာတွေဆိုတာ မြို့နယ်တွေမှာများကြီးရှိတာကိုး။ အဲတော့ အဲဒီနိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အ စည်းတွေရဲ့ သြဇာလွှမ်းမိုးခြင်းက တစ်ချက်ပေါ့ဗျာ။ နောက်တစ်ခုက အပေါင်းအသင်းပဲခေါ်ရမလား။ ဆက်ဆံနေတဲ့ ကိုယ့်ရဲ့မိသားစုအသိုင်းအ0ိုင်းက နိုင်ငံရေးသမားတို့၊ စာပေသမား တို့ အဲဒီဟာတွေနဲ့ဆက်စပ်ပြီးတော့ အဲဒီလူတွေရဲ့သြဇာညောင်းမှု၊ အဲဒီအပေါ်မှာထပ်ပြီးတော့ ကျွန်တော်တို့ရဲ့ဘဝတွေက ရွေ့လျားတာပဲလို့ အဲလိုပဲပြောလို့ရတယ်။ ကျွန်တော့်အတွေ့အကြုံကို ခပ်တိုတိုပြောရမယ်ဆိုရင် ကျွန်တော်က ရန်ကုန်မှာတစ်လျှောက်လုံးနေလာပြီးတော့ စစ်ဖြစ်တော့မှ ကျွန်တော့်အဘွားတွေရှိတဲ့ ကြို့ပင် ကောက်မြို့ကို ပြန်တယ်။ နောက်တစ်ခါဂျပန်ခေတ်မှာလည်း ရန်ကုန်ထဲမှာပဲနေတယ်။ ဒါပေမယ့် ဂျပန်တော်လှန်ရေး လုပ်တဲ့အချိန်ကျတော့ ကြို့ပင်ကောက်ကို ပြန်ရောက်တယ်။ ဂျပန်ခေတ် တော်လှန်ရေးအပြီးမှာ စာမေးပွဲဖြေ။ အဲဒီအခါကျမှ တက္ကသိုလ်ရောက်တာ။

အဲတော့တက္ကသိုလ်မရောက် ခင်အစောပိုင်း အခြားမှာဘာဖြစ်လဲဆိုတော့ ကျွန်တော်စောစောက ပြောသလို ပတ်ဝန်းကျင်အခြေအနေကလည်း ကျွန်တော်နေတဲ့မြို့မှာရှိ တယ်။ အဲဒီတုန်းက ကျွန်တော်တို့ မြို့မှာနိုင်ငံရေးအဖွဲ့အစည်းတွေရှိတယ်။ တို့ဗမာအစည်းအရုံး သခင်လှုပ်ရှားမှုတွေ အများကြီးရှိနေတယ်။ နောက် ဖ.ဆ.ပ.လ လှုပ်ရှားမှု ကလည်း အကြီးအကျယ်ရှိခဲ့တယ်။ နောက်တစ်ဖက်က အလုပ်သမားအဖွဲ့အစည်း သခင်တွေရှိခဲ့တယ်။ အဲဒီလူတွေနဲ့ ကျွန်တော်တို့လှုပ်ရှားမှု တွေရှိတယ်။ အဲဒီလှုပ်ရှားမှု တွေက ကျွန်တော်တို့အပေါ် ဂယက်ရိုက်တယ်ဗျ။ ကွန်မြူနစ်ပါတီလိုဟာမျိုး၊ ဖ.ဆ.ပ.လလိုဟာမျိုး ကြားရတာပေါ့။ ပြည်သူ့ရဲဘော်နဲ့လူငယ် အဖွဲ့အစည်းတွေကလည်း ကျွန် တော်တို့ကို ဂယက်ရိုက်တယ်။ ကျွန်တော်တို့ရဲ့ မိသားစုဆက်ဆံရေးကလည်း ဂယက်ရိုက်တာပါပဲ။ ကျွန်တော်က ကျွန်တော့်ဦးလေး တွေဘာတွေက ရဲဘော်သုံးကျိပ် ဗိုလ်မင်းခေါင်ဆိုတော့။ နောက်ဂျပန် ခေတ်ဒုတိယ ပတ်ဗိုလ်သင်တန်းမှာ တက်ခဲ့တဲ့သူတွေ။ နိုင်ငံရေးအသိုင်း အဝိုင်းပေါ့။ သူတို့ရဲ့လှုပ်ရှားမှုတွေ။ အဲဒီလူတွေ နဲ့သြဇာက ကျွန်တော်တို့အပေါ်မှာ ရှိတယ်။ နောက် ကျွန်တော်တို့အချင်းချင်း သူငယ်ချင်း အပေါင်းအသင်းတွေကျတော့လည်း တချို့သူငယ်ချင်းတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်ထဲဝင် ကြ။ ဒီသူငယ်ချင်းတွေက စစ်ထဲကနေမြို့ကို ပြန်လာကြဆိုတော့ အဲဒီလိုရှိတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်တော်တို့တွေလည်း ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့်ပေါ့။ လူငယ်မို့ လူငယ်လှုပ်ရှားမှုတွေ ဘာတွေဆိုတာမျိုး အဲသလိုတော့မရှိဘူး။ အဲဒီအချိန်က ဘေးပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုပေါ့။ ပတ်ဝန်းကျင်က အရေးအကြီးဆုံးပဲ။

ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဆိုသော်ငြားလည်း စာဖတ်မှုဆိုတာတော့ ကျွန်တော်တို့မြို့ က တောမြို့လေးဖြစ်တယ်။ စာအုပ်pာတမ်းတွေလည်း သိပ်မရောက်ဘူး။ ပတ်ဝန်းကျင်ဆိုတဲ့နေရာမှာ လူဝန်းကျင်ဆိုတာရှိတယ်။ စာအုပ်ပတ်ဝန်းကျင် ဆိုတာတော့သိပ်မရှိဘူး။ လူပတ်ဝန်းကျင်က ရိုက်ခတ်မှုပိုတာပေါ့။ အဲဒီကနေရန်ကုန် တက္ကသိုလ် နောက်တော့အခုနက ပြောသလို လူပတ်ဝန်းကျင်က ရိုက်ခတ်မှုနဲ့ ကျွန်တော်တို့ရဲ့နိုးကြား တက်ကြွတဲ့စိတ်တွေ ပေါ်သလိုပဲ။ စာအုပ်စာပေတွေရဲ့ ရိုက်ခတ်မှုက ပေါ်လာတာပေါ့။ တက္ကသိုလ် ရောက်တဲ့အခါကျတော့ နိုင်ငံရေးစာပေတွေဖတ်ဖို့ အခြေအနေတွေ ပေးလာတယ်။ နိုင်ငံရေးပါတီတွေကလည်း ရှိနေတယ်ဆိုတော့ အဲသလိုနဲ့ပဲ။

ဆရာ့ရဲ့လူငယ်ဘဝမှာ ဖြစ်ချင်ခဲ့တဲ့ဘဝက ဘာလဲ။

ကျွန်တော်က ဒီလိုဗျာ။ ပြန်ပြောရတာတော့ နည်းနည်းခက်တယ်။ ကျွန်တော်ဖြစ်ချင်တဲ့ဘဝရယ်လို့ သီးခြားတော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အချိန်တုန်း က စံနမူနာထားလောက်စရာက သိပ်မရှိဘူးဗျ။ ဗိုလ်ချုပ်အောင်ဆန်းတို့ပဲ ရှိတာဗျ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ရှိတဲ့အခါကျတော့ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို အားကျရတာပေါ့။ ကျွန်တော်တို့ တောမြို့လေးမှာ စာအုပ်စာပေတွေ မရောက်တောင် ဗိုလ်ချုပ်အောင်ဆန်းနာမည်နဲ့ သူ့အကြောင်းက ကြားနေရတာပဲ။ သူ့သီချင်းတွေနဲ့ ဆိုတော့ ငယ်ငယ်ကတည်းက သူ့သြဇာအောက် ရောက်တယ်လို့ ဆိုလို့ရတာပေါ့။ ကျွန်တော်တို့ကတော့ ဒီလိုနဲ့ကြီးပြင်းလာရတာပဲ။

သတင်းစာဆရာ ဘဝကိုကျတော့ရော ရည်ရွယ်ချက်ရှိရှိနဲ့ ရွေးခဲ့တာလား။

သတင်းစာကျတော့ ကျွန်တော်စောစောကပြောသလို ကျွန်တော်တို့မှာ ရည်ရွယ်ချက်တို့ ဘာတို့မရှိဘူးဆိုပေမယ့်လို့ ၁၉၄၈ တက္ကသိုလ်ရောက်တဲ့အခါကျတော့ အဲဒီ မရောက်ခင် ၁၉၄၇ ကတည်းက ရန်ကုန်ရောက်နေတာဆိုတော့ ကျွန်တော့်ဦးလေးတွေနဲ့ လိုက်နေတာကိုး။ စာအုပ်တွေဖတ်ပေါ့။ စာအုပ်တွေ ဖတ်ရင်းနဲ့ထူးခြားမှုတစ်ခုက ဂျာ နယ်ကျော်ဒေါ်မမလေးရဲ့ ဦးချစ်မောင်အကြောင်းရေးတဲ့ ‘သူလိုလူ’ ပေါ့။ သူလိုလူက ၁၉၄၇ မှာပဲ ထွက်တာ။ တက္ကသိုလ်မရောက်ခင်မှာ သူလိုလူကိုဖတ်ရတာ။ သူလို လူက သိပ်သြဇာညောင်းတယ်။ ဒေါ်မမလေး စာရေးကောင်းတာလည်း တစ်ပိုင်းပါတယ်ပေါ့။ ဦးချစ်မောင်ရဲ့ နေထိုင်ကျင့်ကြံမှု (သို့မဟုတ်) အားထုတ်မှုပေါ့ဗျာ။ အဲဒါက လည်း ကျွန်တော်တို့ကိုသြဇာ ညောင်းတာ။ နောက်တစ်ကြောင်းကလည်း ကျွန်တော်တို့မြို့နဲ့ နီးတယ်ဗျ။ ကျွန်တော်က သာယာဝတီခရိုင် ကြို့ပင်ကောက်။ သူက သာယာ ဝတီခရိုင် အုတ်ဖိုမြို့။ သူတို့မြို့နဲ့ ကျွန်တော်တို့မြို့က ခုနှစ်မိုင်လောက်ပဲဝေးတာ။ ကိုယ့်မြို့ကိုယ့်ရွာသားဆိုတော့ ကြားဖူးနားဝနဲ့ အားကျတာပေါ့ဗျာ။ စာကောင်းပေကောင်း ဖတ်ချင်တဲ့ကျွန်တော်တို့နဲ့ စာရေးကောင်းတဲ့ဒေါ်မမလေး အရေးအသားကြောင့် ကျွန်တော်တို့အပေါ် သူ့သြဇာတွေ လွှမ်းမိုးတာပေါ့ဗျာ။ သူ့သြဇာလွှမ်းမိုးတော့ ကျွန်တော် တို့ကို ဘယ်ဆွဲခေါ်သွားလဲဆိုတော့ သတင်းစာဆရာဘက်ကို ဆွဲခေါ်သွားတာ။ အဲတော့ ကျွန်တော်က ဒေါ်မမလေးကို ဖတ်တယ်။ ဒေါ်မမလေးစာထဲကနေ ဦးချစ်မောင်ကို သိတယ်။ ဦးချစ်မောင်ကို သိခြင်းအားဖြင့် ဦးချစ်မောင်ရဲ့သတင်းစာဆရာဘဝကို လိုချင်တယ်။

ဒါဆိုဆရာက သတင်းစာဆရာ တစ်ယောက်ဖြစ်ဖို့အတွက် သူလိုလူကိုဖတ်ခြင်းအားဖြင့် နောက်ပြီး သတင်းစာသမားတွေနဲ့ ထိတွေ့ခြင်းအားဖြင့် အဲဒါ ကြောင့်လို့ ပြောလို့ ရမှာပေါ့။

အဲသလိုပဲပြောရမှာပေါ့။ ဒါပေမဲ့လို့ လုပ်ရတယ်ဗျ။ အားကျရုံနဲ့မပြီးဘူး။ အားကျရုံကျနေရင် အားကျတာပဲရှိမှာ။ ဦးချစ်မောင် အားကျရင်း စာရေးဝင်လုပ်မယ်ဆို လည်း စာရေးပဲဖြစ်သွားမှာပဲ။ ကျွန်တော်က ဘာလုပ်ရသလဲဆိုတော့ အဲဒီခေတ်တုန်းကရှိတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းမှာလုပ်ဖို့ကြိုးစားရတယ်။ ကျွန်တော်ဆိုရင် ၁၉၄၆ လောက်ကတည်းက သတင်းတွေ၊ ဆောင်းပါးတွေ ရေးတယ်ပေါ့ဗျာ။ ရှိနေတဲ့သတင်းဂျာနယ်တွေမျာ မဂ္ဂဇင်းတွေမှာ သတင်းထောက်လုပ်ပြီး ရေးရတာပေါ့။ နောက် ကျွန်တော်ကိုယ်တိုင်ကလည်း ကဗျာတွေရေးတယ်။ သွေးသောက်ခေတ်ပေါ့။ ကိုယ့်ရဲ့ကြိုးပမ်းမှုတွေ၊ တိုးဝင်မှုတွေ ကလည်းလုပ်ရတာပေါ့။ ကျွန်တော်က ကံကောင်းတာ က ဘာကံကောင်း လဲဆိုတော့ ကျွန်တော်ငယ်ငယ် အချိန်မှာပဲ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာတွေနဲ့ ချိတ်ဆက်မိဖို့အခြေအနေ ဖန်တီးလာတယ်ပေါ့။ ၁၉၄၇ ခုနှစ်မှာ ကျွန်တော်ကဘာ လုပ်ချင်လာလဲဆိုတော့ ဂျာနယ်၊ မဂ္ဂဇင်းတစ်ခုမှာ ဝင်လုပ်ချင်တယ်။ တက္ကသိုလ်အောင်စာရင်းတွေ မထွက် ခင်မှာ တစ်ခုခုတော့ ဝင်လုပ်မယ် ဆိုပြီးတော့ ရန်ကုန်မှာရောက်နေတာကိုး။ မီးသတ်မှာရှိတဲ့ ဦးလေးတစ်ယောက်နဲ့နေတာ။ ဆူးလေလမ်း မီးသတ်ဘေးမှာပဲ အကျိုးဆောင်ဂျာနယ်နဲ့ သံတော်ဆင့် လုပ်နေတဲ့ တစ်ယောက်ရှိတယ်။ အဲဒီမှာ အကျိုးဆောင်မှာ ဝင်လုပ်ဖြစ်တာ။ တက္ကသိုလ်ဖွင့်တော့ ကျောင်းသွားတက်လိုက်ပေါ့။ အဲဒါ ၁၉၄၈ နောက်ပိုင်း ၁၉၄၉ ပေါ့ဗျာ။ ရန်ကုန်ကအကုန်လုံး ပိတ်မိနေတဲ့အချိန် ဘယ်မှသွားလို့မရဘူး။ အဲဒီမှာကျွန်တော်တို့လည်း တခြားလုပ်စရာမရှိဘူး။ ကျောင်းကလည်း ပိတ်ချလိုက်တဲ့အခါကျတော့ ကျောင်းသားတွေမထား တော့ဘူး။ အဲဒီမှာမြို့လယ်ခေါင်မီး သတ်လာပြီး သတင်းစာဝင်လုပ်ဖြစ် တာပေါ့။ ပိုလုပ်ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ၁၉၄၉ ထဲမှာပဲ ကျွန်တော် လုပ်တဲ့ ဂျာနယ်ကပိတ်သွား၊ အခြားသတင်းစာတွေကလည်း သတင်းစာကို မထုတ်နိုင်ကြဘူး။ နာမည်ကြီးတဲ့ ဂျာနယ်တွေလောက်ပဲ ထုတ်နိုင်တာ။ အဲဒီမှာ ကျွန်တော်လည်း အလုပ်ပြုတ်သွားတာပေါ့ဗျာ။ ၁၉၅ဝ မှာတော့ တက္ကသိုလ်ပြန်ရောက်ပေါ့။ အဲဒါဟာကျွန်တော့်ရဲ့ သတင်းစာသမားဘဝပေါ့ဗျာ။

လူငယ်တစ်ယောက်ရဲ့ဘဝကို ခေတ်ရဲ့ရိုက်ခတ်မှုက ဘယ်လောက် အရေးပါတယ်ထင်လဲ။

အရေးပါတယ်ဆိုတာတော့ ကျွန်တော်ကတော့ အခုခေတ်က ပိုအရေးပါတယ်လို့ထင် တယ်ဗျာ။ ခေတ်ဆိုပေမယ့်လို့ ခင်ဗျားတို့ခေတ်က အင်မတန်ကျယ်ပြန့်တဲ့ခေတ်။ ခေတ်ဆို တာတောင်မှ ခေတ်ဆိုတဲ့ Particular ဖြစ်ခြင်းကိုပြောဖို့ သိပ်လွယ်တာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့က ဂလိုဘယ်လိုက်ဇေးရှင်းကိုး။ ခင်ဗျားတို့က ခေတ်လို့သာပြောတယ်။ ခင်ဗျားတို့ပတ်ဝန်းကျင်က ထိုင်းနဲ့လည်းတူ ရင်တူနေမယ်။ ဥရောပနိုင်ငံတစ်ခုနဲ့ တူရင်တူနေမယ်။ Paticularing ကိုပြောလို့မရဘူး။ အကုန်လုံး ကျယ်ပြန့်နေတာပဲ။ ရိုက်ခတ်နေတာပဲ။ အကုန်လုံးအတူတူ ဆက်စပ်နေတာပဲ။ ဂလိုဘယ်လိုက်ဇေးရှင်း ပုံစံပေါ့ဗျာ။ အဲသလိုပဲပြောပါစို့။ ကျွန်တော်တို့ကျတော့ ခေတ်လို့ ပြောနိုင်တဲ့ အနေအထားရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဖြစ်နေတာနဲ့ ထိုင်းမှာဖြစ်နေတာနဲ့မတူဘူးဗျ။ နေရေး၊ ထိုင်ရေး၊ စားရေး၊သောက်ရေး ကလည်း မတူဘူး။ လူတွေရဲ့ဘဝ လှုပ်ရှားမှုတွေလည်း မတူဘူး။ ကျွန်တော် တို့ရဲ့ နိုင်ငံရေးပတ်ဝန်းကျင်နဲ့ အခြားနိုင်ငံတွေနဲ့ မတူဘူး။ ခေတ် လို့ပိုင်းခြားသတ်မှတ်တဲ့အခါမှာ ကျွန် တော်တို့က ခင်ဗျားခေတ် ဘယ်ခေတ်လဲ။ မြန်မာပြည်မှာဆို ၁၉၅ဝ တစ်ဝိုက်ခေတ်။ စစ်ပြီးကာစ ခေတ်ပေါ့။ အဲဒီခေတ်ဆိုရင် ကျွန်တော်တို့က ခေတ်လို့ပြောရတယ် မတူဘူးလေ။ ခင်ဗျားတို့နဲ့ မတူဘူး။ သီးခြားလိုဖြစ်နေတာ။ အဲဒီတော့ သီးခြားဖြစ်နေတဲ့ခေတ်က ကျွန်တော်တို့ကို ရိုက်ခတ်တာပေါ့ဗျာ။ အဲဒီသီးခြား ခေတ်ဆိုတာက ဘာလဲဆိုတော့ ကိုလိုနီဆန့်ကျင်ရေးခေတ်ကြီးမှာ ရှိတဲ့လှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေ ဗိုလ်ချုပ်အောင်ဆန်းတို့ဘာတို့ပေါ့။ ဒီလိုဟာမျိုးတွေနဲ့ သဘောထားပုံ သဏ္ဌာန်တွေ ရှိတယ်။ နောက်တစ်ခါ မှာအဲဒီခေတ်မှာပဲ ကွန်မြူနစ်တွေ သူပုန်ထတယ်။ ကရင်တွေသူပုန်ထ တာမျိုးဆိုတော့ အဲဒီဟာတွေက ဒါတွေကလည်း သီးခြားကိုရှိနေ တာပဲ။ အလားတူပဲ အဲဒီအချိန်တိုင်းပြည်မှာ ဘယ်သူတွေလဲဆိုတော့ ဂျပန်ခေတ်တစ်ခေတ်လုံး တိုင်းပြည်မှာ ငတ်ပြတ်ဆင်းရဲပြီးတော့ လယ်သမားတွေရဲ့ဒုက္ခတွေ ရှိတယ်။ စားစရာမရှိ ငတ်ပြတ်နေတာရှိတယ်။ ဒီမှာ အလံနီလိုပါတီမျိုး ကနေပြီးတော့ လယ်သမားကို စည်းရုံးပြီးတော့ ဆန်လုပွဲတွေလည်းရှိတယ်။ ဒါတွေကလည်း ခေတ်လို့ ပြောရမယ်။ နောက်တစ်ခါ ကျွန်တော်တို့တိုင်းပြည်မှာ အဲဒီအချိန်မှာပဲ ကိုလိုနီအောက်ကနေပြီးတော့ ရုန်းကန်လှုပ်ရှားတဲ့ ပုံသဏ္ဍာန်တွေကိုမျှော်နေတာ။ ရုန်းကန် လှုပ်ရှားမှုတွေကနေပြီးတော့ လွတ်လပ်ရေးခေတ်ပေါ့ဗျာ။ လွတ်လပ်ရေးခေတ် ပေါ်လာလို့လည်း လွတ်လပ်လာပြီဆိုပြီးတော့ ပိုင်းပိုင်းခြားခြားကြီးမနေ့တုန်းက ကိုလို နီခေတ်။ ဒီနေ့ဟာလွတ်လပ်ရေး ခေတ်ဆိုပြီး ပြောလို့မရဘူး။ ဒီဂယက်ဟာ ဒီဘက်ဆက်ပါနေတာ ပဲ။ လွတ်လပ်ရေးခေတ်ရောက် တော့လည်း သူပုန်ထတဲ့သူက သူပုန် ထနေတာပဲ ဆိုတဲ့အခါကျတော့ ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ ခေတ်ရဲ့ရိုက်ခတ်မှုဟာ ကျွန်တော်တို့မှာ အကြီးကြီးရှိတယ်ဗျ။ သီးခြားဖြစ်နေတဲ့အတွက် အဲဒီ ပတ်ဝန်းကျင် အဲဒီအနေအထားတွေနဲ့ လူမှုရေး၊ နိုင်ငံရေး အကုန်လုံးရဲ့ရိုက်ခတ်မှုဟာ လူငယ်တွေ ကြုံရတာပဲ။

လူငယ်တစ်ယောက်ဟာ ကိုယ်ဖြစ်ချင်တာဖြစ်ဖို့အတွက် ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်လဲ။ ဘယ်လိုကျော်လွှား သင့်ပါသလဲ။

စိန်ခေါ်မှုဆိုတာကတော့ အခြေအနေအပေါ်မှာပဲ မူတည်မှာပဲဗျာ။ အတိအကျပိုင်းခြားပြောလို့ မရဘူးဗျ။ ပြောလို့မရဘူးဆိုတာက စိန်ခေါ်မှုဆိုတာကြုံတွေ့နေရတာကိုး။ ဒီကနေ့ ခင်ဗျားတို့အနေအထားနဲ့ ခင်ဗျားတို့ကြုံတွေ့နေရတယ်။ ကျွန်တော်တို့အနေအထားနဲ့ ကျွန်တော်တို့ ကြုံတွေ့နေရတယ်။ စိန်ခေါ်မှုဆိုတာ တူချင်မှတူမှာပေါ့။ စိန်ခေါ်မှုကတော့ ကျွန်တော်ကသိပ်မပြောချင်ဘူး။ အဲဒါတွေကျော်လွှားမှုနဲ့ ပတ်သက်လို့တော့ နည်းနည်း ပြောချင်တာပေါ့။ ကျော်လွှားမှုဟာ ဘယ်လိုပြောရမလဲဆိုရင် ခင်ဗျား ဘယ်လိုတုံ့ပြန်သလဲ ဆိုတဲ့အပေါ် မှာမူတည်သွားမှာပဲ။ နို
င်ငံရေးစိတ်ဝင်စားရင် နိုင်ငံရေးမှာခင်ဗျား ပါဝင်ပတ်သက်မယ်။ နိုင်ငံရေးလုပ်ငန်းတွေလုပ်မယ်။ နိုင်ငံရေး အယူအဆတွေကိုင်စွဲမယ်။ အဲဒါတွေနဲ့ ခင်ဗျားကြုံတွေ့နေတဲ့ ဒီစိန်ခေါ်မှုပေါ့ဗျာ။ ခင်ဗျားကျော်လွှားသွားမှာပဲ။ သို့မဟုတ် ခင်ဗျားစီးပွားရေးပဲ လုပ်တော့မယ်ဆိုရင်လည်း အဲဒီရဲ့ အရှိန်အဝါနဲ့ ခင်ဗျားရဲ့စိန်ခေါ်မှုတွေကို ကျော်လွှားမယ်။ ဒီလိုပါပဲ။ အဲဒါကတော့ စိန်ခေါ်မှုဆိုတာ တူချင်မှတူမှာပေါ့ဗျာ။ တစ်ခေတ်နဲ့တစ် ခေတ်လည်းမတူနိုင်ဘူး။ အသက်အရွယ် အပိုင်းအခြားနဲ့လည်း မတူနိုင်ဘူး။ သို့သော် တုန့်ပြန်မှုကတော့ ဒီကိုယ့်ဆီမှာရှိတဲ့အခုနက ကျွန်တော်ပြောတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတစ်ခုခုနဲ့ ခင်ဗျား ချိတ်ဆက်ပြီးတုံ့ပြန်မှာပဲ။ ဟုတ်တယ်မဟုတ်လား။ ဒီခေတ်လည်း ဒီအတိုင်းပါပဲ။ မထူးပါဘူး။ စာပေအနုပညာယဉ်ကျေးမှု ဘာပဲဖြစ်ဖြစ်တစ်ခုခုပေါ့။ အဲဒီရေစီး ကြောင်းထဲ ဝင်ပြီးလှုပ်ရှားတယ်။ စုပေါင်းပြီး ရုန်းကန်တယ်။ အဲဒီအရှိန်အဝါနဲ့ စိန်ခေါ်မှုတွေကို ကျော်ရတာ။

ဆရာအခုနကပြောသွားတာရှိတယ်။ ဆရာတို့ခေတ်တုန်းက ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်မို့ ပြင်းပြင်း ထန်ထန် ရင်ဆိုင်ရတာရှိတယ်။ ဒီခေတ်ကျ တော့ နည်းနည်း ကျယ်ပြန့်တယ်လို့ ဆရာထပ်ပြောတယ်လေ။ အဲတော့ဒီလိုခေတ် အခြေအနေကို လက်ရှိလူငယ်တွေအနေနဲ့ ဘယ်လို ကျော်လွှားရင်ဆိုင် ရမလဲ ပြောပြပါဦး။

အဲဒါက ဒီလိုဗျ။ ပြောင်းလဲလာတယ်ဆိုတာက ပြောင်းလဲလာတာပဲ။ ခေတ်ကခုနကပြောသလို ပိုင်းခြားပြီးပြောနေရတာပဲ။ ကျွန်တော်ခုနကပြောတာက ကျယ်ပြန့်သွားပြီး တော့လို့ ဟိုတုန်းကနည်းနည်း တိုတာပေါ့ဗျာ။ ကိုလိုနီခေတ်တို့ လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်တို့ ဆိုတာတိုတယ်လေ။ ဒီဘက်ပိုင်းကျတော့ မြန်မာအစိုးရပဲဖြစ်သွား ပြီလေ။ ဒီမိုကရေစီခေတ်လိုဟာမျိုး။ ပြီးတော့ မ.ဆ.လခေတ်။ နောက်ပိုင်းကျတော့ အာဏာရှင်ခေတ်ပေါ့။ သူ့ဟာနဲ့သူပိုင်းခြားပြီး ရှိနေတာပဲ။ အဲဒီခေတ်တွေကို ကျော်လွှားဖို့ ဆိုတာတော့ ကိုယ်တိုင်ကလည်း အားထုတ်ရတာပဲလေ။ ကိုလိုနီခေတ်မှာ ကျော်လွှားတာနဲ့ ခင်ဗျားတို့ဒီခေတ်မှာ ကျော်လွှားတာ သိပ်တော့မထူးပါဘူး။ ဘာလို့လဲဆိုတော့ ဒီခေတ်မှာတွေ့ရတဲ့ နိုင်ငံရေး၊ လူမှုရေးရဲ့အခြေအနေနဲ့ကြည့်ပြီး ကျော်လွှားသွားရတာပဲ။

ဆရာတို့လူငယ်ဘဝကသတ်မှတ် ထားတဲ့တန်ဖိုးတွေ၊ စံတွေကို ပြောပြပါဦးဆရာ။

အဲဒါတွေပြောတော့လည်း အခုနကပြောသလို သိပ်တော့သီးခြားကြီး မဟုတ်ပါဘူးဗျာ။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ခေတ်နဲ့ ကျွန်တော်တို့ခေတ်နဲ့လူ့စံတွေက သိပ်မကွာခြားဘူးဗျ။ အဲဒါဘယ်အပေါ်မှာ သွားမူတည်လဲဆိုတော့ နှစ်ပိုင်းရှိတယ်လို့ထင်တယ်။ တစ်ပိုင်းကဘာလဲဆိုတော့ အမြဲတမ်းရှိနေတဲ့ သြဇာတွေပေါ့ဗျာ။ ဘာသာ ရေး လိုဟာမျိုးပေါ့ဗျာ။ အလွန်ကို ထင်ရှားကျော်ကြားပြီး ဖြစ်နေတဲ့ပုဂ္ဂိုလ်များရဲ့ စကားတွေ၊ အမူအကျင့်တွေ၊ ဘဝစံနှုန်းတွေ၊ ဒါတစ်ခုပေါ့။ သို့မဟုတ်လည်း ဘာသာရေး ဆိုတဲ့ သိမ်းကျုံးပြီး သြဇာကြီးတာတွေပေါ့ဗျာ။ အဲဒါကြီးနဲ့ သွားတွဲပြီးတော့ လုပ်တာပါပဲ။ ဒါကကျွန်တော်တို့ရဲ့ ဖွားစံနှုန်းတွေကို သြဇာညောင်းတဲ့ဟာ။ ထင်ရှားတဲ့ လူပုဂ္ဂိုလ် ဆိုတာလည်း သမိုင်းထဲ ရောက်သွားတဲ့သူတွေပေါ့။ ဘာသာရေးလိုနှစ်ပေါင်း ၂၅ဝဝ၊ နှစ်ပေါင်း ၅ဝဝဝ အဲသလို မဟုတ်သော်လည်း လူပုဂ္ဂိုလ်တွေက ကွယ်လွန်ကုန်ကြ ပြီ။ ထင်ရှားတဲ့ ပုဂ္ဂိုလ်ဆိုတော့ အပြော၊ အဆို၊ အမိန့်တွေကို လုပ်တာပေါ့။ ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းကတော့ ခေတ်ပြိုင်တွေပေါ့ဗျာ၊ ခေတ်ပြိုင်မှာ ကိုယ့်ထက်တော် တဲ့ သူတွေရှိမယ်။ ကိုယ့်ထက်အောင်မြင်တဲ့ သူတွေရှိတယ်ဗျာ။ အဲဒီလူတွေရဲ့သြဇာလည်း ကိုယ့်အပေါ်ညောင်းတာပါပဲ။ အဲဒီတော့ ဘဝစံနှုန်းတွေဆိုတာလည်း ဒီပုံစံနဲ့ပေါ် လာတာပဲ။ ကျွန်တော်တော့ ဒီလိုယူဆတယ်။ ဘယ်သူမှ သီးခြားမွေးကတည်းက ပါလာတာမဟုတ်ဘူး။ မွေးလာတယ်။ အရွယ်ရောက်လာတဲ့အခါမှာ ကိုယ့်ရဲ့ဘဝ စံနှုန်း တွေ ကိုကိုယ်တည်ဆောက် လာ တယ်ပေါ့။ အဲတော့ ကိုယ့်ရဲ့စံနှုန်း တွေပေါ်ပေါက်စေဖို့က ဘာသာရေး လို၊ သမိုင်းဝင်ပုဂ္ဂိုလ်များလိုဟာ မျိုးကတစ်ခု၊ သမိုင်းဝင်ဖြစ်ရပ်များ လိုဟာမျိုးကတစ်ခု။ နောက်တစ်ခု က ခေတ်ပြိုင်တွေရဲ့သြဇာသက် ရောက်မှုကတစ်ခု။ အဲဒါနဲ့ကျွန်တော် တို့ရဲ့ဘဝ စံနှုန်းတွေကရုပ်လုံး ပေါ် လာတာပေါ့။

ဒီနေ့ခေတ်မှာကျတော့ လူ့တန်ဖိုးဆိုတာ သုညဖြစ်သွားပြီး၊ ရုပ်ဝတ္ထုရဲ့အခန်းကဏ္ဍက အလွန်အကျွံလွှမ်းမိုးသွားတယ်လို့ ဆိုကြတယ်။ ဆရာရောဘယ်လိုမြင် လဲ။

ဒီဟာကပြောရတော့ ခက်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ဝတ္ထုများရဲ့သြဇာဆိုတာကတော့ ဘယ်ခေတ် ဘယ်နေရာဖြစ်ဖြစ်၊ ကမ္ဘာ့ရဲ့အရှေ့ခြမ်း၊ အနောက်ခြမ်း ဆိုတာ တွေဟာ သူ့ဟာသူရှိနေတာပဲ။ အဲဒါတွေရဲ့ အားကောင်းခြင်း၊ မကောင်းခြင်းဆိုတာက လူတွေရဲ့ လိုက်လျောညီထွေ လုပ်ခြင်းပေါ့ဗျာ။ မဟုတ်ရင်လည်း လူတွေကိုယ်တိုင် ကအညံ့ခံခြင်းအပေါ်မှာ သွားတည် တယ်လို့ကျွန်တော်ထင်တယ်ဗျ။ ဆို ပါတော့ဗျာ ရုပ်ဝတ္ထုတွေလွှမ်းမိုး လာ ရင်ရုပ်ဝတ္ထုတွေနောက်လိုက်တော့ မှာပေါ့။ ရုပ်ဝတ္ထုတွေကို လူတွေက စားသုံးနေတာကိုး။ လူတွေရဲ့တုံ့ပြန်မှုတွေရှိတယ်။ လက်ခံမှုတွေရှိတယ်။ တဖြည်းဖြည်း သူ့လွှမ်းမိုးမယ် ကိုယ့်လွှမ်းမိုးမယ်။ အနည်းနဲ့အများဘယ်မှာပဲ ဖြစ်ဖြစ်ရှိနေမှာပဲ။ ဒါကသိပ်ပြီးဆန်းတယ်လို့ မထင်ဘူး။ အဲဒီရုပ်ဝတ္ထုတွေလွှမ်းမိုးနေတဲ့ အဖွဲ့အစည်းမှာကို စာပေတို့၊ အနုပညာ ရှင်တို့၊ ကဗျာဆရာတို့ လူတွေရဲ့ဘဝကို လွှမ်းမိုးနိုင်တဲ့ သြဇာညောင်းတဲ့သူတွေ သပ်သပ်ရှိနေမှာပဲ။ ရုပ်ဝတ္ထု ဘယ်လောက်လွှမ်းမိုး လွှမ်းမိုး ဘယ်ခေတ်ဖြစ်ဖြစ် ရှိနေမှာပဲ။ ဒီလူတွေက သူတို့လုပ်ကိုင်ဆောင်ရွက် မှု၊ ရေးသားမှု၊ သူတို့ရဲ့ဖန်တီးမှု ဒါတွေကိုအကြောင်းကြောင်းကြောင့် ဒီခေတ်ထဲက လူတစ်ယောက်က သွားပြီး ထိစပ်မှုရှိတယ်ဆိုရင် အဲဒါတွေကို သွားကိုင်တွယ်မိမှာပဲ။ သေချာတယ်။ လူတွေအကုန်လုံးဟာ ထမင်းစားဖို့သက်သက် နေနေတာမဟုတ်ဘူး။ ထမင်းစားပြီး ပျော်ပျော်ရွှင်ရွှင်နေမယ်။ တစ်ကြိမ်ကြိမ်မှာ နားမယ်။ စဉ်းစားမယ်။ သူတွေးတောမယ်ဆိုရင် အဲဒီခုနက ပြောတဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ခေတ်အခါထဲမှာရှိတဲ့ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ ဒဿနပညာရှင်တွေ၊ သြဇာကြီးမားတဲ့ စာရေးဆရာတွေ အယူအဆတွေ ရှိတယ်။ တစ်ခုခုနဲ့သွားချိတ်မိရင် ဓာတ်လိုက်သလိုပဲဗျ။ သူကသွားငြိမှာပဲ။ ငြိမိရင် ဒီခေတ်ထဲကနေ ကွာထွက်သွားမှာပဲ။ သူ့ဟာသူ ရုပ်ဝတ္ထုတွေပဲ ဖြစ်ဖြစ် ခေတ်နဲ့တော့ နည်းနည်းကွာသွားမှာပဲ။ အဲလိုသဘောဖြစ်မယ်လို့ ကျွန်တော်တော့ထင်တယ်။

၂၁ ရာစုမှာ ရုပ်ဝတ္ထုတွေရဲ့ ထွန်းကားဖိစီးမှုက များလွန်းတယ်လို့ ဆရာမထင်ဘူးလား။

ကျွန်တော်ထင်တယ်ဗျာ။ တက·္ကနိုလိုဂျီရဲ့ထွန်းကားမှုတွေလည်း ပါတယ်ဗျ။ ဆိုပါတော့ဗျာ။ ၁၈ ရာစုနှစ်က မြန်မာပြည်မှာလည်း အလောင်းဘုရားတို့ခေတ်တွေ ဘာတွေ ပေါ့။ နောက်သီပေါတို့ ခေတ်ပေါ့ ၂ဝ ရာစုကျတော့လည်း သိပ်မထူးလှဘူး။ ၁၈၊ ၁၉ ရာစုလိုခေတ် နောက်သိပ်ဆွဲနေတာ မဟုတ်သော်ငြားလည်း ၂ဝ ရာစုနှစ်မှာ ကိုလို နီ စနစ်တို့၊ နယ်ချဲ့စနစ်တို့ ဒါတွေ လည်း ပေါ်လာတယ်။ လွှမ်းမိုးနေ တယ်ပေါ့ဗျာ။ ဒီဟာတွေကလည်း သိပ်မထူးခြားလှဘူး။ စိတ်ပျက်စရာ ကောင်းတာတွေ၊ စိတ်ညှိုးနွမ်းစရာ ကောင်းတာတွေ လူတွေမလိုက် နာစရာကောင်းတာတွေ ဒါတွေက အပြည့်ပဲရှိနေတာ။ သို့သော် ၂၁ ရာစုကျတော့ တက္ကနိုလိုဂျီကလည်း တိုးတက်လာတယ်။ ရှင်းရှင်းပြော ရရင်လူတွေက ဒီခေတ်တွေကိုစိတ် ကုန်နေပြီဗျ။ ဆင်းရဲခြင်းကိုလည်း စိတ်ကုန်လာတယ်။ ဒါမှမဟုတ် အသိဥာာဏ်ဖြန့်ဖြူးဖို့နေရာမှာ အဟန့်အတားဖြစ်လာရင် စိတ်ကုန် လာတယ်။ သို့မဟုတ်ရင်လည်း အာဏာရှင်တွေဘာတွေကို စိတ်ကုန်လာတယ်ပေါ့။ အဲဒီအချိန်မှာ ကြိုက်လို့ပဲဖြစ်ဖြစ်၊ မကြိုက်လို့ပဲဖြစ်ဖြစ် အချို့သောစနစ်များဟာလည်း ကျဆုံးသွားတယ်ပေါ့ဗျာ။ ကွန်မြူနစ်စနစ်လိုဟာမျိုးက ကျဆုံးသွားတယ်။ မှားတာ၊ မှန်တာဘေးချိတ်ထား။ သူတို့လည်းဒီခေတ်ထဲမှာ ရုန်းကန်ရင်းကျဆုံးသွားတာ ရှိတယ်။ အဲဒီအခါကျတော့ ဘယ်လိုဖြစ်လာလဲဆိုတာ့ ဂလိုဘယ်လိုက်ဇေးရှင်း လိုဟာမျိုးဖြစ်လာတယ်။ ကမ္ဘာ ကြီးတစ်ခုလုံး ဆက်စပ်ရုံတင်မကဘူး ကမ္ဘာကြီးတစ်ခုလုံး ရိုက်ခတ် စေတယ်ပေါ့ဗျာ။ အဲသလိုဖြစ်လာတဲ့ အခါ လူတွေကလည်း မတရားမှု တွေခေါ်ခေါ်၊ ဆင်းရဲနွမ်းပါးမှုတွေ ခေါ်ခေါ် ဒါတွေကိုသိပ်ပြီးစိတ်ကုန် နေတဲ့အခါကျတော့ ရုပ်ဝတ္ထုတွေ အကုန်လုံးများလာပြီး သူ့နောက်ကို ပိုပြီးတော့လိုက်တာ။ ကျန်တဲ့ ခုနကပြောသလို စနစ်တစ်ခုကျသွား ရင် ဒီစနစ်တစ်ခုကို ဖက်တွယ်ထားတဲ့၊ ကိုင်ဦးမယ်ဆိုတဲ့ဟာလည်း ကုန်သွားတယ်။ အလားတူပဲ တိုင်းပြည်တစ်ပြည်မှာ ရှိတဲ့ယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက်တွေဆိုတဲ့ဟာကို ဖက်တွယ်ထားချင်တဲ့ ဟာတွေက လည်း လျော့သွားတယ်။ ခေတ်က ပြောင်းသွားတယ်ပေါ့ဗျာ။ တက္ကနော်လော်ဂျီကလည်း ဒီအထဲမှာ အမျိုးစုံဖြန့်ဖြူးနိုင်တဲ့ဟာတွေ ရှိသွားတယ်။ အဲဒီလိုပြောင်းလဲမှု တွေကြောင့် ချုပ်ပြောရရင် လူတိုင်းမှာရှိတဲ့ အဟောင်းကို ဖက်တွယ်ထားချင်တဲ့ စိတ်တွေဟာ လျော့သွားတယ်။ အဲဒီအချိန်ဟာ အသစ်ဝင်လာတဲ့ဟာကလည်း များတော့ ရုပ်ဝတ္ထုတွေရဲ့ပြောင်းလဲမှုက ပိုပြီးချောင်ချိသွားတာပေါ့ဗျာ။ ကွန်ပျူတာကနေ ဆဲလ်ဖုန်းဖြစ်သွားတာ ဘာမှမကြာဘူး။ အလားတူ ကုန်ထုတ်လုပ်မှုမှာလည်း ဒီလိုပဲ။ ကျွန်တော်တို့ဘယ်လိုမှ ထင်မထားဘူးလေ။ အပြောင်းအလဲတွေ အများကြီးပေါ်တဲ့ ၂၁ ရာစုမှာ လူတွေရဲ့စိတ်တွေကလည်း အပြောင်းအလဲတွေအပေါ်မှာ တိမ်းညွှတ်မှု ဖြစ်တာလို့ ထင်ပါတယ်။

ရုပ်ဝတ္ထုဖြစ်ပေါ်တိုးတက်မှု နောက်ကိုလိုက်ဖို့ငွေလိုလာတယ်။ အဲဒီမှာငွေရှိဖို့လိုပြီ။ ငွေရှိမှဖြစ်မယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ဝိုင်းဝန်း ချေဖျက်သင့် သလား။ ဘယ်လို ချေဖျက်သင့်ပါသလဲ။ ဆရာ့ရဲ့ အိုင်ဒီယာကိုသိချင်ပါ တယ်။

ကျွန်တော်ကတော့ ဒီလိုတောင်တွေးမိတယ်။ ရုပ်ဝတ္ထုတွေ နောက်ကိုလိုက်ချင်တဲ့ စိတ်တွေပေါ်လာတယ်။ ဒါတွေကိုကျွန်တော်တို့ ရှုတ်ချရမယ်ပေါ့ဗျာ။ ရုပ်ဝတ္ထုမှာသာ ယာခြင်းမဟုတ်ရင်လည်း ငွေတို့ဘာတို့မှာ သာယာခြင်းတွေဟာ မှားယွင်းတယ်။ လူတွေရဲ့စာရိတ္တပိုင်းဆိုင်ရာမှာ ပျက်ပြားစေတယ်။ သဘောတူတယ်။ ဒါလုပ်ရမယ်ဆို တာ။ တစ်ဖက်ကပြန်ကြည့်တဲ့ အခါကျတော့အဲလိုတိုက်ဖျက်နေရုံနဲ့ မပြီးသေးဘူးဗျ။ လူတွေကိုစေ့င အောင် စားနိုင်အောင်လည်းလုပ် ပေးရဦးမယ်။ ငွေရှိအောင်လုပ်ပေးရ မယ်ပေါ့ဗျာ။ ငွေရှိအောင်လုပ်ပေးရမယ်ဆိုတာ သူဌေးတစ်ယောက်ကို နောက်ထပ်ငွေထပ်ရှိအောင် လုပ်ပေးရမယ်လို့ ပြောတာမဟုတ်ဘူး။ အဲဒါကို သူဌေးမို့လို့သူဌေးတွေ မင်းတို့ ဟိုတယ်တက် ဇိမ်ခံတယ်။ မကောင်းဘူး။ တရားမရှိဘူး။ စာနာ မှုမရှိဘူး။ ဒါတွေပြောင်းဖို့ချည်းပဲ ပြောနေပြီးတော့ပြောရင် ကျွန် တော်တို့သာ လျှာပြတ်သေမယ်။ ဟိုကောင်တွေကလည်း ပြောင်းမှာမဟုတ်ဘူး။ တစ်ခါတလေတော့ ဘယ်လို စဉ်းစားမိလဲဆိုတော့ ငွေဆိုတဲ့ တန်ဖိုးကိုရုပ်ဝတ္တုတန်ဖိုး ကို လိုက်ဖို့ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ ဒီဟာတွေ မပြည့်စုံတဲ့သူတွေကို ပြည့်စုံအောင် လုပ်ပေးရမှာ။ ဒါကလည်း အရေးကြီးတယ်လို့ တစ်မျိုးမြင်တယ်။ ဘာကြောင့်ဆို ငတ်နေတဲ့သူက အရင်းရှင်တွေ သွားပြီးဆဲနေရုံနဲ့ ငတ်တဲ့သူထမင်းစားရ မှာ မဟုတ်ဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့က ငတ်တဲ့သူတွေ ဘက်ကရပ်ပြီးတော့ မငတ်အောင် စားရအောင် တိုက်ရမယ်လို့ ကျွန်တော်က အဲဒီလိုမြင်လာတယ်။ ဒါကြောင့် တန်ဖိုးတွေကို တွက်တဲ့အခါမှာလည်း အဲဒီတန်ဖိုး ပေါ့ဗျာ။ တစ်ကမ္ဘာလုံးမှာနေတဲ့ လူသားချင်းစာနာမှု သဘောပေါ့။

ဆရာပြောသွားတာ နှစ်ကြောင်းရှိတယ်။ ဆင်းရဲချမ်းသာ ကွာဟမှုကိစ္စ၊ နောက် ရုပ်ဝတ္ထု နောက်လိုက်တဲ့ကိစ္စပေါ့။ ဒီနေ့ခေတ် လူငယ်အများစုဟာ ငွေ နောက်ကိုပဲ လိုက် နေကြတယ် လို့ ဆရာယူဆပါလား။ ဆရာဘယ်လိုထင်လဲ။ အဲဒီလူငယ်တွေကို ဆရာဘာများ အကြံပြုချင်လဲ။

ဒါကတော့ သိပ်ပြီးထူးထူးခြားခြား မဟုတ်ပါဘူးဗျာ။ ဘယ်ခေတ်ဖြစ်ဖြစ် ချမ်းသာမှုပဲခေါ်ခေါ် ကျော်ကြားမှုပဲခေါ်ခေါ်၊ သို့မဟုတ် ပြည့်စုံမှုပဲခေါ်ခေါ်၊ ဒီနောက်ပဲ လိုက်နေ ကြ တဲ့လူတွေ ရှိနေတာပဲလေ။ ခေတ်တစ်ခုမှာ အမြဲတမ်းလွန်ဆွဲနေတဲ့ ပြဿနာကရှိနေတာပဲ။ ခင်ဗျားတို့ ခေတ်အလျောက်လုပ်တဲ့ လုပ်ငန်းနဲ့ အဲဒါကို လွန်ဆွဲတဲ့ဟာနဲ့ အမြဲ ဆန့်ကျင်နေမှာပဲ။ လွန်ဆွဲနေရတာတွေ ရှိနေသမျှကာလပတ်လုံး ခေတ်ဆိုတာဒါပဲ။ ခေတ်ဆိုတာ တစ်မျိုးတည်း တစ်ခေတ်တည်း မဟုတ်ဘူး။ ရုန်းကန်မှုက အမြဲရှိနေ မှာပဲ။ ကွန်မြူနစ်ပဲခေါ်ခေါ်၊ ဆိုရှယ် လစ်ပဲခေါ်ခေါ် ဒါတွေက အခုနက ပြောသလို လူသားချင်းစာနာမှု၊ လူတွေရဲ့ ညီမျှခြင်းဆိုတဲ့ ဟာတွေကို သွားပြီးတော့ အာရုံထားတဲ့ လူတွေပေါ့။ အာရုံထားတဲ့သူတွေ ကလည်းရှိနေမှာပဲ။ ဒီဟာတွေနဲ့ ကိုယ်ကျိုးရှာတဲ့သူတွေနဲ့ ဘာနဲ့ပေါ့။ အောင်မြင်မှု၊ ကျော်ကြားမှု၊ ပြည့် စုံမှုကို လိုက်နေတဲ့သူတွေနဲ့ လွန်ဆွဲမှုက ရှိနေမှာပဲ။ ဒါတွေက မဆန်းဘူး။ ခင်ဗျားတို့ခေတ်က ဆိုရှယ်လစ်မရှိဘူး။ ကွန်မြူနစ်မရှိဘူး ဆိုပေမယ့်အာဏာရှင်တွေရှိနေတာပဲ။ ဒါကြောင့် ရှိနေတဲ့ဟာတွေ ကို ရင်ဆိုင်ရမယ်။ ဖြေရှင်းရမယ်။ တိုက်ရမယ်။ ဒီရုန်းကန်မှုတွေဟာ ခေတ် တိုင်းပဲ။ သမိုင်းခေါ်ခေါ်၊ ရာဇဝင်ခေါ်ခေါ်ရှိနေတာပဲ။ အမည်သညာ တစ်ခုပဲဗျ။ ခေါ်ချင်တဲ့ပုံစံနဲ့ ခေါ်လိမ့်မယ်။ ရုန်းကန်မှုကတော့ ရှိနေမှာပဲ။ တစ်ကမ္ဘာလုံးမှာ မတရားမှုတွေကလည်း ပျောက်မှာမဟုတ်ဘူး။ အဲတော့ လူငယ်တွေရဲ့ တာဝန်ဟာ ခေတ်အဆက်ဆက် ခြားနားချက်တွေ အပေါ်ကြည့်ပြီး ရုန်းကန်လှုပ်ရှားရမှာပဲ။

အနာဂတ်ဝေဝါးနေတဲ့ လူငယ်တွေအပေါ် ဆရာဘာများ ပြောချင်လဲ။

အနာဂတ် ဝေဝါးတယ်ဆိုတာတော့ ပြောစရာသိပ်မရှိပါဘူးဗျ။ ကျွန်တော်တို့ ကိုယ်တိုင်တောင် အနာဂတ်ဆိုတာ သေဖို့ပဲရှိတော့တာ။ အနာဂတ်ဆိုတာ သိပ်ပြောစရာ မရှိဘူး။ ကျွန်တော်ပြောချင်တာ ဘာလဲဆိုတော့ လူတိုင်းဟာ အနာဂတ်ရှိတယ်ဆိုတာကို လက်ခံရမှာ။ အနာဂတ်ဆိုတာ ကျွန်တော်တို့ရဲ့ဘဝတွေကို စိတ်ကူးပြီး ဖန်တီး ထားတဲ့အရာဗျ။ သူ့ဟာသူ တည် နေတာမဟုတ်ဘူး။ အတိတ်ဆိုတာရှိတယ်။ ပစ္စုပ္ပန်ဆိုတာ ရှိတယ်။ အနာဂတ်ဆိုတာ ဘယ်သူမှရှိတယ်လို့ မပြောနိုင်ဘူး။ အဲဒါတွေက ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေ၊ စိတ်ကူးစိတ်သန်းတွေ၊ မျှော်လင့်ချက်တွေ ဒါတွေနဲ့ ဖွဲ့စည်းပြီး ဖန်တီးထားတဲ့ အနာဂတ်ပဲ။ စိတ်ဓါတ်တွေ သဘောဆန္ဒတွေနဲ့ဖွဲ့ပြီး ဖန်တီးထားတာ။ ခင်ဗျားနဲ့ ကျွန်တော်နဲ့ တူချင်မှ တူမယ်။

အလားတူပဲ အခုရှိနေတဲ့ အစုအဖွဲ့ရဲ့တန်ဖိုးနဲ့ နောက်အစုအဖွဲ့ ရဲ့ အနာဂတ်တူချင်မှတူမှာ အနာဂတ်ထဲကို ကိုယ်ကအမြဲတမ်း ဝင်နိုင်အောင်လုပ်မယ်၊ ရုပ်လုံးပေါ်အောင် လုပ်မယ်ဆိုတဲ့ဟာက အရေးအကြီးဆုံးဟာပဲ။ လူငယ်တိုင်းဟာ အနာဂတ်ထဲကို ရဲရဲဝံ့ဝံ့ဝင်မယ်၊ ခြေလှမ်းမယ်ဆိုတာရှိရမယ်။ အနာဂတ်ဆိုတာဘဝတွေပဲ။ ဘိန်းစားလည်း ဝင်ရမှာပဲ။ သူခိုးလည်း ဝင်ရမှာပဲ။ ဒါကြောင့် အနာဂတ်မရှိတဲ့ လူငယ်ဆိုတာမဟုတ်ဘူး။ အနာဂတ်မရှိရင် ပစ္စုပ္ပန်ဆိုတာလည်း မရှိဘူးလေ။

ဆရာက အောင်မြင်တဲ့ စာရေးဆရာတစ်ယောက်၊ ထင်ရှားတဲ့ နိုင်ငံရေးသမား တစ်ယောက်လည်း ဖြစ်တယ်ဆိုတာ့ အခုခေတ်လူငယ်တွေအတွက် မေတ္တာလက်ဆောင် ပါးပေးဖို့ပါ။ အထူးသဖြင့် စာနယ်ဇင်းအဝန်းအဝိုင်းက လူငယ်တွေပေါ့။ နိုင်ငံရေးသမားတစ်ယောက်က ပြောဖူးတယ်။ သတင်းစာ ဆရာဟာ နိုင်ငံရေး လုပ်ဖို့လွယ်တယ်ကွ တဲ့။ဒါပေမဲ့ သဘောသဘာဝချင်းက မတူဘူးတဲ့။ ဆရာဘယ်လို သဘောရလဲ။

သဘောသဘာဝချင်း မတူဘူးဆိုတာကို ကျွန်တော်သဘောတူပါတယ်။ သူပြောသလိုတော့ သတင်းစာဆရာတစ်ယောက်ဟာ နိုင်ငံရေးသမား တစ်ယောက်ဖြစ်ဖို့ မလွယ်ဘူးလို့ ကျွန်တော်ထင်တယ်။ နိုင်ငံရေးသမားတစ်ယောက်ကသာ သတင်းသမားလုပ်ဖို့ လွယ်တယ်လို့ထင်တယ်။ အလုပ်ချင်းကမတူဘူးလေဗျာ။ နိုင်ငံ ရေးသမား ဆိုတာ ပါတီနဲ့လုပ်ရတာ။ သူကသစ္စာခံထားတဲ့သူ၊ ပါတီရဲ့ မူဝါဒတွေ လမ်းကြောင်းတွေအတိုင်း လုပ်သွားဖို့ သူလုပ်နေတာ ပဲ။ အဲတော့ သူ့ရဲ့အလုပ်က နေ့စဉ် ရှိချင်မှရှိမယ်။ သတင်းစာဆရာက နေ့တိုင်းလုပ်နေရတာ။ ကျုပ်လုပ်တဲ့အလုပ်က ဟောဒါပဲ ဆိုတာ နေ့တိုင်း သတင်းစာမှာပြနေရတာ။ အရင်ခေတ်ကလည်းရှိပါတယ်။ ဖ.ဆ.ပ.လ ခေတ်ကဦးချစ်မောင်တို့ မ.ဆ.လ ခေတ်ကျတော့ ဆရာဦးစောဦးတို့ပေါ့။ အခုဒီမိုကရေစီခေတ်လည်း ဒီလိုပဲပေါ့။

ကျွန်တော်ဆို နိုင်ငံရေးသမား၊ နိုင်ငံရေးမှာ မအောင်မြင်ဘူးဗျ။ ဘာကြောင့်ဆို ကျွန်တော်တို့ရဲ့ အကျင့်က လူတွေကိုပြောချင်တယ်။ အချက်အလက်တွေနဲ့ ရှင်းချင်တယ်။ မရှင်းဘဲနဲ့ လိမ်ရမယ့် အလုပ်မလုပ်နိုင်ဘူးဗျာ။ နိုင်ငံရေးက တစ်ခါတလေ လိမ်ရတဲ့ဟာရှိတယ်ဗျ။ လိမ်ရ၊ ဖုံးရတဲ့ အလုပ်ကျွန်တော် က မလုပ်နိုင်ဘူးဗျ။ နိုင်ငံရေးဖွင့် ချတယ်၊ ပြောတယ်၊ လုပ်လို့မရဘူး။ ကျွန်တော် မအောင်မြင်ဘူး။ မကြာခဏကျွန်တော် ဘေးရောက်ရောက်သွားတယ်။ အချို့ဟာတွေကျတော့ သူများက တွန်းထုတ်လိုက် လို့ ဘေးရောက်သွားတာ။ အချို့ဟာတွေက ကျွန်တော့်ဟာ ကျွန်တော် ဘေးလမ်းကနေ ကွေ့သွားရတဲ့ဟာမျိုး။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝချင်းမတူဘူးလေ။ တစ်ခုပဲ ရှိတယ်။ ခွလုပ်မယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ သတင်းစာသမားတစ်ယောက် နိုင်ငံရေးထဲဝင်လုပ်လည်း မအောင်မြင်နိုင်ဘူး။ နိုင်ငံရေးသမား တစ်ယောက်သတင်းစာ ထဲ ဝင်လုပ်လည်း သိပ်မအောင်မြင်နိုင်ဘူး။

မိုးမြင့်မြတ်(Popular New

No comments:

Post a Comment