Friday, October 14, 2011

အငြိမ်းစားဝန်ထမ်းအချို့မှာ တိုးမြှင့်ပင်စင်လစာအပေါ် အကျိုးခံစားခွင့်မရရှိသေး

 
အောင်ကိုကိုလတ် (မြစ်မခ)အောက်တိုဘာ ၁၄၊ ရန်ကုန်မြို့

နိုင်ငံဝန်ထမ်းပင်စင်လစာတိုးမြှင့်ပေးမူကို ဇူလိုင်လ ၁ ရက်နေ့မှ စ၍ ခံစားခွင့်ပြုခဲ့သော်လည်း အငြိမ်းစားဝန်ထမ်းအချို့မှာ တိုးမြှင့်ပင်စင်လစာအပေါ် အကျိုးခံစားခွင့်မရရှိသေးသောကြောင့် တိုးမြှင့်ပင်စင်လစာ ထုတ်ယူနိုင်ရန် မျှော်လင့်နေရ ကြောင်းသိရသည်။

`ပင်စင်တိုးတယ်ဆိုတာ ဒီလရောဆိုရင် သုံးလရှိပြီ။ အခုတော့ ဘယ်လောက်တိုးလို့ ဘယ်လောက်ရတယ်ဆိုတာတော့ သိပြီ။ ဒါပေမယ့် ထုတ်လို့တော့မရသေးဘူး´ ဟု တိုးမြှင့်ပင်စင်လစာ ထုတ်ယူနိုင်ရန်စောင့်မျှော်နေသော ဒေါ်စံပယ် ကပြောသည်။

နိုင်ငံဝန်ထမ်းများအနေဖြင့် အငြိမ်စားယူခဲ့သည့် နှစ်မှစ၍ ၂၀၁၁ ခုနှစ်၊ ဇွန်လကုန်ပိုင်းထိ ထုတ်ယူရရှိသော ပင်စင်လစာ အပေါ်တွင်လည်း ကျေနပ်ပိတိဖြစ်ကာ ပင်စင်လစာနည်းသော်လည်း လစဉ်ထုတ်ယူနိုင်ခဲ့ပြီး ယခုအခါတွင် တိုးမြှင့်ပင်စင်လ စာထုတ်ယူရန်အငြိမ်းစားဝန်ထမ်းများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

`ကျွန်တော်တို့ ဌာနကို ပင်စင်စာအုပ်သွားတင်ထားတယ်လေ။ ဒါပေမယ့် စာအုပ်က ပင်စင်ရုံးကို ရောက်သွားလို့ဆိုပြီး စောင့်နေခဲ့ရတယ်။ အခုပင်စင်စာအုပ်ပြန်ရတော့လည်း တိုးပေးတဲ့ လစာတော့ သိရတယ်။ အခုထိထုတ်လို့မရသေးဘူး။ ကြော်ငြာပြီးကတည်က ခုထိဆိုတော့ ၄ လလောက်ဖြစ်နေပြီ ကိုယ့်ပင်စင်လစာ မြင်လည်းမမြင်ရသေးဘူး။ အရင်က ရတာလေးကမှ ရတာနည်းပေမယ့် တစ်လတစ်ခါထုတ်လုပ်လို့ရတယ်´ဟု ၁၉၈၆ ခုနှစ်တွင်းဆေးပင်စင်ယူုခဲ့ သူတစ်ဦး ကပြောသည်။

တိုးမြှင့်ပင်စင်လစာများအားမည်သို့မည်မျှခံရမည်ကို ပင်စင်စာအုပ်တွင် မြင်တွေ့ရသော်လည်း  နိုင်ငံဝန်ထမ်းပင်စင်စားများ မှာယခုကဲ့သို့ မြင့်တက်လျက်ရှိသော ကုန်ဈေးနူန်းများကိုပင် စိုးရိမ်လျက်ရှိကြောင်း သိရသည်။

“ပင်စင်စာအုပ်မှာ တိုးတဲ့ လစာစရင်းလေးတွေ့ရပါပြီ။ ဒါပေမယ့် ကုန်ဈေးနူန်းကလိုက်မြင့်နေတော့ ဘာမှမထူးလောက် ပါဘူး။ ကျန်မာရေးအတွက်တော့ အဆင်ပြေသွားတာပေါ့” ဟု အငြိမ်းစားဝန်ထမ်းတစ်ဦး ကပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ သဘောဆန္ဒဖြစ်သော  ဧရာဝတီ ရေကာတည်ဆောက်ရေးစီမံကိန်းအား ရပ်ဆိုင်းပေးခြင်း၊ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများပြုလုပ်ပေးနေခြင်းတို့ကြောင့် အငြိမ်းစား ပင်စင်စားများအနေဖြင့်လည်း တိုးမြှင့်ပင်စင်လစာများအား အမြန်ဆုံးရရှိနိုင်ရန်မျှော်လင့်နေကြကြောင်း နိုင်ငံဝန်ထမ်း ပင်စင်စားများထံမှ သိရသည်။

No comments:

Post a Comment