
နာရေးကူညီမှုအသင်း(ရန်ကုန်)  အသင်းသူ/သားများ၊ ၀န်ထမ်းများသည် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်  ဆရာတော်ကြီး၏ အကျွတ်အလွတ် အဓိဋ္ဌာန်ကျင့်စဉ်အား ၄.၁၀.၂၀၁၁ ရက်နေ့မှ  ၁၂.၁၀.၂၀၁၁ သီတင်းကျွတ်လပြည့်နေ့အထိ (၉) ရက်တိုင်တိုင်  အားထုတ်ကျင့်ကြံမှုများကျင်းပပြီးစီးသွားပြီဖြစ်ပါ၍ ၁၄.၁၀.၂၀၁၁ သောကြာနေ့  ညနေ (၆း၀၀) နာရီအချိန်တွင် ပြည်မြို့မှ ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တ  သောမစာရကိုယ်တိုင်ကြွရောက်လာပြီးနာရေးကူညီမှုအသင်း(ရန်ကုန်)၌ ညအိပ်  သီတင်းသုံးကာ ၁၅.၁၀.၂၀၁၁ စနေနေ့ နံနက် (၅း၃၀) နာရီအချိန်တွင်  မြတ်စွာဘုရားရှင်အားရည်စူး၍ သစ်သီး၊ ရေချမ်း၊ ဆီမီး၊ ပန်း၊ နံ့သာတို့ဖြင့်  ပူဇော် ဆက်ကပ်ကာအရပ် (၁၀) မျက်နှာတို့အားမေတ္တာပို့သခြင်းကို  ပြုလုပ်ပြီးနောက် ရွှေပေါက်ပင် ဆရာတော်ကြီးအားအာရုံဆွမ်းဆက်ကပ်ခဲ့သည်။
           နံနက် (၈း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ  နိဗ္ဗာန်မော်တော်ယာဉ် များအား အန္တရာယ်ကင်းမေတ္တာပို့ဆုတောင်းခြင်းကို  ပြုလုပ်ပေးကာ ရွှေပေါက်ပင်ဆရာတော်ကြီးအားအသင်းသူ/သားများ၊ ၀န်ထမ်းများ၊  သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသကြသောလူနာများ၊ လူနာရှင်များနှင့်  ဆရာတော်ကြီး၏ တပည့် ဒါယကာဒါယကာမများမှ သက်သတ်လွတ် အကျွတ်အလွတ်  ဆွမ်းလောင်းလှူပွဲအားစည်ကားစွာကျင်းပခဲ့သည်။ လောင်းလှူထားသောသက်သတ်လွတ်  ဆွမ်းများအားဆရာတော်ကြီးမှ မြတ်စွာဘုရားရှင်အားဆက်ကပ်လှူဒါန်းပြီးနောက်  ဆရာတော်ကြီးအားဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက်  ကြွရောက်လာကြသောဧည့်ပရိသတ်အပေါင်းတို့ကိုဆရာတော်ကြီးမှ သက်သတ်လွတ်  ဆွမ်းပေါင်းဖြင့် ကိုယ်တိုင်ခူးခတ် ကာကျွေးမွေးခြင်းနှင့်  လှူဒါန်းထားသောသစ်သီးများ၊ မုန့်များတို့အား အန္တရာယ်ကင်းကုသိုလ်ဖြစ် တဆင့်  ပြန်လည်ဝေငှခဲ့ပါသည်။
           နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ယခုကဲ့သို့ ကုသိုလ်ကောင်းမှုပွဲတော်များ၊  အခမ်းအနားများ၊ စာပေဟောပြောပွဲများ၊ ဂုဏ်ပြုပွဲများစသည့်  လှုပ်ရှားမှုတိုင်းတွင် လုပ်အားပေးအသင်းသူ/သားများ၊  ၀န်ထမ်းများမှ မခိုမကပ်  အင်တိုက်အားတိုက် စည်းလုံးညီညွတ်စွာလာရောက် ပေးဆပ်မှုများသည်  လူမှုရေးပရဟိတလောကအတွက် အလားအလာကောင်းသော၊ မင်္ဂလာရှိသောအတိတ်နိမိတ်များပင်  ဖြစ်တော့သည်။
























No comments:
Post a Comment