Monday, October 17, 2011

ပိုင်ရှင်အလိုရှိသည်





လွန်ခဲ့သော ၂၀၀၉ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော် ရဲဖက်၊ လက်တွဲဖော် လက်တွဲဖက်ထူးခြားသောမိတ်ဆွေကြီးတစ်ဦး၏ မိခင်ဖြစ်သူဒေါ်လှကြည် (ခ) စာရေးဆရာမဒေါ်ကြည်ဦးအသက် (၈၄)နှစ်သည် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားပါသဖြင့် ကျွန်ုပ်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အင်တိုက်အားတိုက် စည်းလုံးညီညွတ်စွာဖြင့် နောက်ဆုံးခရီးအားအဆင်ပြေချောမွတ်စွာဖြင့်စည်ကားသိုက်မြိုက်စွာပို့ဆောင်ကူညီသင်္ဂြိုလ်ပေးခဲ့ရသည်။

          အမေဒေါ်ကြည်ဦး၏ သားဖြစ်သူကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးမှာ ပြင်ပလောကနှင့် ဝေးကွာအဆက်ပြတ်နေသော မြစ်ကြီးနားအကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် လူမှုရေးလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ပေးမှုကြောင့် ပြစ်ဒဏ် (၅၉)နှစ်အကျဉ်းကျခံနေရသူဖြစ်သည်။ ထို့ကြောင့် ထူးခြားသောမိတ်ဆွေကြီးမှာမိခင်ဖြစ်သူ၏ နောက်ဆုံးခရီးအားလိုက်ပါပို့ဆောင်ခွင့် မရခဲ့ချေ။ထိုစဉ်ကထူးခြားသောမိတ်ဆွေကြီးနှင့် အလားတူကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်သည်လည်းနေအိမ်အကျယ်ချုပ်ဖြင့် ပြင်ပလောကသို့ ထွက်ခွာခွင့် မရရှိသေးချေ။ သို့သော် အမေစုသည် လူမှုရေးစိတ်ဓါတ် ပြည့်ဝစွာဖြင့် လူသားချင်းစာနာစိတ်ဖြင့် ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီး၏ မိခင်ဈာပနအခမ်းအနားတွင် “ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း” စာတမ်းပါ နှင်းဆီပန်းခြင်းအားဖဲကြိုးအနက်ရောင်ဖြင့် ကျွန်ုပ်ထံသို့ လူကြုံတစ်ဦးဖြင့် မရောက်ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် ထိုလူကြုံမှ ကျွန်ုပ်အား “အမေကမှာလိုက်တယ်။

ဒီပန်းခြင်းကိုကာယကံရှင်ထံအရောက်ပို့ပေးပါ” တဲ့။ ကာယကံရှင်မှာကျန်ရစ်သူထူးခြားသောမိတ်ဆွေကြီး၏ ဖခင်နှင့် အကိုများသာ ရှိတော့သည်။ ကျွန်ုပ်ယုံကြည်မှုတစ်ခုရှိသည်။ ကျွန်ုပ်မသေခင် ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးသည် အကြောင်းအမျိုးမျိုးကြောင့် ပြင်ပသို့ ပြန်လည်ရောက်ရှိကာကျွန်ုပ်နှင့် ပြန်လည်တွေ့ဆုံလိမ့်မည်ဟုယုံကြည်ထားသည်။ အမေဆိုလိုသောကာယကံရှင်ဟုဆိုရာ၌ ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးသာဖြစ်တော့သည်။ထို့ကြောင့် အမေ့၏မှာကြားချက်အား တာဝန် ကျေစွာထမ်းဆောင်နိုင်ရန်အတွက် ကျွန်ုပ်ဆုံးဖြတ်လိုက်သည်။

          ဤတွင် မိခင်ကြီးဒေါ်ကြည်ဦး၏ ဈာပနအခမ်းအနားသို့ ကျွန်ုပ်ကိုယ်တိုင် နိဗ္ဗာန်မော်တော် ယာဉ်ပေါ်တင်ဆောင်၍ ရေဝေးသုဿန် ဈာပနအခမ်းအနားပြီးဆုံးသည့် အချိန်အထိကျွန်ုပ်၏ လက်မှ အောက်သို့မချပဲကိုင်ဆောင်ထားခဲ့သည်။ အခမ်းအနားပြီးဆုံးသည်နှင့် ကျွန်ုပ်သည် ဤလွမ်းသူပန်းခြင်းအားကျွန်ုပ်၏နေအိမ်သို့ သယ်ဆောင်ထားခဲ့သည်မှာယခုဆိုလျှင် (၂) နှစ်နှင့် (၇)လခန့် ရှိခဲ့ပြီ ဖြစ်သည်။

          ယခုအချိန်တွင် ထူးခြားသောမိတ်ဆွေကြီးသည်လည်းလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြင်ပသို့ လွတ်မြောက်လာပြီ ဖြစ်သည်။ သို့သော် ယခုအချိန်အထိထူးခြားသောမိတ်ဆွေကြီးနှင့် တွေ့ဆုံခွင့်မရသေး။ ကျွန်ုပ်တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း (၂) ကြိမ်ခန့် လေလှိုင်းထဲမှ စကားပြောခွင့်သာရခဲ့သည်။ လူကိုယ်တိုင် တွေ့ဆုံခွင့်ကားမရသေးချေ။ ကျွန်ုပ်တို့၏ နာရေးကူညီမှု အသင်း(ရန်ကုန်)သည် တရားဝင်မှတ်ပုံတင် မကျသေး၍ ကျွန်ုပ်တို့၏ အသင်းသို့ ထူးခြားသောမိတ်ဆွေကြီးသည် မလာရောက်ခြင်းတော့ မဖြစ်နိုင်။

ထူးခြားသောမိတ်ဆွေကြီးမှာအလုပ်အလွန် များပြားလွန်းလှသောကြောင့်ပင် ဖြစ်မည်ဟုကျွန်ုပ်ယုံကြည်သည်။ ထို့ကြောင့် ဤစာကိုထူးခြားသောမိတ်ဆွေကြီးဖတ်မိသည့်အချိန်၌ ကျွန်ုပ်ထံသို့ အလျင်အမြန်ရောက်ရှိလာမည်ဟုမျှော်လင့်မိပါသည်။


* ယင်းလွမ်းသူ့ပန်းခြင်း၏ ထူးခြားချက် * 
-      ၂၀၀၉ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှစ၍ ကိုးရက်တိုင်တိုင် မတ်လ (၂၉) ရက်နေ့အထိ နှင်းဆီပန်းပွင့်များသည် ညှိုးနွမ်းသွားခြင်း လုံးဝမရှိ။
-     ယနေ့တိုင် ညှိုးနွမ်းသွားသော နှင်းဆီပန်းခြောက်များသည် ကြွေကျသွားခြင်း လုံးဝမရှိ။


(ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးဆိုသူမှာ မည်သူမည်ဝါဖြစ်သည်ဟုဖော်ပြရန်လိုအပ်မည်မထင်ချေ။)





















No comments:

Post a Comment