Sunday, October 30, 2011

မသန္တာအား လူသားချင်းစာနာသောအားဖြင့် အမြန်ဆုံး ပြန်လည်လွှတ်ပေးသင့်နေပါပြီ။



အင်းစိန်ထောင်မှာ နိုင်ငံရေးမှုဖြင့် ထောင်ဒဏ် (၂၉) နှစ် ကျခံနေရသူ မသန္တာနဲ့  သူမရဲ့ ဖခင်ဖြစ်သူ ဦးခင်ညိုတို့  နှစ်ဦးစလုံးဟာ ကျန်းမာရေး အလွန်ထိခိုက်နေကာ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတာကြောင့် မသန္တာအား အမြန်ဆုံးလွှတ်ပေးသင့်ပြီးဖခင်ဖြစ်သူနဲ့ အမြန်ဆုံး ပြန်လည်တွေ့ ဆုံပေးသင့်နေပြီ ဖြစ်ပါတယ်။

အင်းစိန်ထောင်တွင်းမှာ ကျန်းမာရေးချို့ ယွင်းနေတဲ့ မသန္တာဟာ လွန်ခဲ့တဲ့ (၂၇) ရက်နေ့ က အင်းစိန်ဆေးရုံကြီးသို့  အရေးပေါ်ပို့ ဆောင် ကုသမှု ခံယူနေရတယ်လို့  သိရှိရပါတယ်။

အသက် (၄၅) နှစ်ရှိနေပြီဖြစ်တဲ့ မသန္တာဟာ အင်းစိန်ထောင်အတွင်းမှာ နှလုံးသွေးကြောကျဉ်းဝေဒနြာေ
ကာင့် အသက်ရှူကြပ်ပြီး အမောဖောက်မှု မကြာခဏ ဖြစ်ကြောင်းနဲ့  ကျောက်ကပ်ယောင်သောဝေဒနာကိုလည်း ပြင်းထန်စွာခံစားနေရကြောင်း သိရှိရပါတယ်။ ဒီရောဂါဝေဒနာကြီး နှစ်ခုကို ခံစားနေရတဲ့ မသန္တာရဲ့  စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေကြောင့် အင်းစိန်ထောင်တွင်းမှနေ အင်းစိန်ဆေးရုံကြီးသို့  ယခုလို ပြောင်းရွှေ့ လိုက်ရတာ ဖြစ်ပါတယ်။

သမီးဖြစ်သူ မသန္တာ အင်းစိန်ဆေးရုံကြီးမှာ လတ်တလေဆေးကုခံနေရစဉ်မှာ တစ်ဘက်တွင်လည်း ဖခင်ဖြစ်သူ ဦးခင်ညိုဟာ လေဖြတ်ဝေဒနာကြောင့် အတော့်ကို စိုးရိမ်နေရတဲ့ အခြေအနေ ရောက်ရှိနေပါတယ်။

နိုင်ငံရေးမှုဖြင့် ထောင်ဒဏ်ကျခံနေရတဲ့ သမီးဖြစ်သူ မသန္တာကို ထောင်ဝင်စာတွေ့ ရင်း ဖခင်ဖြစ်သူ ဦးခင်ညိုဟာ လွန်ခဲ့သော (၂) နှစ်ကျော်က စပြီး လေဖြတ်ရောဂါဝေဒနာ ခံစားနေခဲ့ရခြင်း ဖြစ်ပါတယ်။

ယခုဆိုရင် ဖခင်ဖြစ်သူ ဦးခင်ညိုဟာလည်း လေဖြတ်ဝေဒနာကြောင့် အိပ်ယာထဲမှာ နှစ်ရှည် လှဲနေရပြီး အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ခြေထောက်များ အမြဲတန်း ယောင်နေရုံစာမက သွေးလည်ပတ်မှုပါ ရပ်ဆိုင်းသလို ဖြစ်နေပါတယ်။ ထို့ အပြင် နှလုံးအမောဖောက်မှုကြောင့် သာမန် အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ ပါရာစီတမောဆေးတောင် သောက်လို့  မရတဲ့ အခြေအနေ ဖြစ်နေကြောင်း သိရှိရပါတယ်။


ယခုလို အင်းစိန်ထောင်မှတစ်ဆင့် အင်းစိန်ဆေးရုံကြီးမှာ နှလုံးရောဂါနဲ့  ကျောက်ကပ်ရောဂါကို ခံစားနေရတဲ့ သမီးဖြစ်သူ မသန္တာနဲ့  နေအိမ်မှာ လေဖြတ်ရောဂါနဲ့  နှလုံးအမောဖောက်မှုဝေဒနာကို သေလုမြောပါး ကြုံတွေ့ နေရတဲ့ ဖခင်ဖြစ်သူ ဦးခင်ညိုတို့  သားအဖနှစ်ဦး ပြန်လည်တွေ့ ဆုံနိုင်ဖို့ အတွက် မသန္တာအား လူသားချင်းစာနာသောအားဖြင့် အမြန်ဆုံး ပြန်လည်လွှတ်ပေးသင့်နေပြီ ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
အစ်ကိုနစ်အားကျေးဇူးတင်ပါသည်.........

No comments:

Post a Comment