skip to main |
skip to sidebar
ရွှေဝါရောင် မေတ္တာ စာအုပ်နှင့် စာရေးသူရဲ့ နှလုံးသား
ဓာတ်ပုံ- Ashin Htavara
ဒီလ ဟာ စက်တင်ဘာလ ဖြစ်တယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ မှာ ဘာတွေ ဖြစ်ခဲ့ဖူးလဲ ???
ပေးဆက်သူတို့၏ ရွှေဝါရောင် နှလုံးသား
အရှင် ထာဝရ
“အော်စကာဆုချီးမြှင့်ပွဲ
ရွှေဝါရောင် သံဃာတော်တွေကို ဖိတ်ကြား ” ဟူသော သတင်းခေါင်းစဉ်ဖြင့် ဖေဖော်ဝါ
ရီလ ၂၄ ရက်နေ့က သတင်းခေါင်းစဉ်တစ်ခုကို တွေ့မြင်မိပြီး စိတ်ဝင်စားစွား
ဖတ်ကြည့်မိသည်။
ထူး ခြားတာကတော့
ဟောလိဝုဒ်ရုပ်ရှင်အော်စကာဆုလျာထားစာရင်းထဲမှာ ၂၀၀၇ က မြန်မာနိုင်ငံ တွင်း
ပြည်သူတွေရဲ့ စား ၀တ်နေရေး အထွေထွေအခက်အခဲတွေအတွက် သံဃာတော်တွေ
ဦးဆောင်ပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက် ဆန္ဒပြပွဲကို
အခြေခံရိုက်ထားတဲ့ Burma VJ မှတ်တမ်းတင်ရုပ်ရှင်ကားကို ထည့်သွင်းထားခြင်း
ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ဖေဖော်ဝါရီလ ၂၃
ရက်နေ့သတင်းတစ်ခုမှာ နောက်ထပ် “ သံဃာတော် များ ဖမ်းဆီးရန်ရှိဟု မယက ပြော ”
ခေါင်းစဉ်နဲ့ သတင်းတစ်ခုကိုပါ တွဲလျက်တွေ့ရပါသည်။
ဒီသတင်းနှစ်ခုကို
ဖတ်ရှုရင်း ကျွန်တော့်အတွက် စဉ်းစားစရာတွေ ဖြစ်လာပါတော့သည်။ ကျွန်တော်သိ
ရသလောက် ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုအတွင်းမှာ သံဃာတော်တွေ၊
သီလရှင်များပါမကျန် မြတ်ဗုဒ္ဓ ၏ သာသနာ့ဝန်ရှင်ရဟန်းများမှာ လမ်းမပေါ်ထွက်
ဆန္ဒပြခဲ့ကြပါသည်။
သူတို့ဟာ ငိုရှိုက်သံ၊ သက်ပြင်း ချသံ တွေကို
နိစ္စဓူဝ ကြားသိမြင်တွေ့နေရတဲ့အပြင်၊ သံဃာတော်တွေကို စစ်မိစ္ဆာလက်ဝေခံတွေက
တိုင်မှာကြိုးတုတ် ရိုက်နှက်၊ ညှင်းဆဲပြီး နှစ်ပေါင်း နှစ် ထောင်ကျော်
ကြာ
အောင် မြင့်မြတ်စွာ တည်တံ့ခိုင်မြဲ အခြေတည်လာတဲ့ ဗုဒ္ဓ၏ သံဃာ့အဖွဲ့
အစည်းကိုပါ စော်ကားလို့ မခံမရပ်နိုင်ဖြစ်ပြီး အဓမ္မတရားတွေကို
ဆန့်ကျင်ပြခဲ့ကြပါသည်။
လောက၌ “ အဓမ္မ ”
မလွှမ်းမိုးနိုင်အောင်ကြိုးပမ်းခြင်းသည် မျိုးချစ်အာဇာနည်တို့၏
လုပ်ငန်းနှင့် သူတို့ ၏ တာဝန်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏
တရားကိုကျင့်ကြံလိုက်နာပွားများနေသော သံဃာတော် အရှင်မြတ်များသည်
နအဖစစ်မိစ္ဆာတို့၏ ဘာသာ၊ သာသနာ၊ လူမျိုးအပေါ် စော်ကားမှုများလာသောအခါ
သူတော်ကောင်းတို့၏ ထုံး နှလုံးမူ ပြီး ငြိမ်းချမ်းစွာမေတ္တာပို့၍
အဓမ္မတရားတွေ ပျံ့နှံ့အောင် ကြိုးစားခဲ့ခြင်းဖြစ်ပါသည်။
ဗုဒ္ဓဒေသနာတော်များ၌
အသာစံခြင်း နှင့် အနာခံခြင်းနှစ်မျိုးတို့တွင် အနာခံခြင်းက အသာစံခြင်းထက်
တန်ဖိုးကြီးကြောင်း တွေ့ရသည်။ အနာခံခြင်းကား မြင့်မြတ်သူများသာ
လုပ်နိုင်သော လုပ်ငန်းဖြစ်၏။
ထိုကဲ့သို့ မြတ်ဗုဒ္ဓ၏ တရားဓမ္မကို
အမှန်တကယ်သက်ဝင်ယုံကြည်သော ရဟန်းသံဃာတော်မြတ်များသည် ၂၀၀၇ စက်
တင်ဘာတော်လှန်ရေးတွင် ကာယအားဖြင့်တသွယ်၊ စိတ်ဓါတ်ပိုင်းဖြင့်တစ်ဖုံ
ပါဝင်ပတ်သတ်ခဲ့ပြီး ဘာသာ၊ သာ သနာ၊ လူမျိုး အကျိုးအတွက် ပေးဆပ်ခဲ့ကြသည်။
ထိုထိုသောများမြောင်လှသည့်
သာသနာ့အာဇာနည်အရှင်မြတ်များထဲမှ ၂၀၀၇ စက်တင်ဘာသံဃာ့ လှုပ်ရှားမှု တွင်
သန္ဓေတည်ပေါက်ဖွားလာခဲ့သော “ မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာ့ကိုယ်စားလှယ်အဖွဲ့ ” ( All Burma Monks Representative Committee )
အကြောင်းကို အကျဉ်းတင်ပြချင်ပါသည်။
၂၀၀၇ စက်တင်ဘာ ၅ ရက်နေ့တွင်
ပခုက္ကူမြို့၌ သံဃာအပါး ၅၀၀ လောက်က မေတ္တာသုတ်များ ရွတ် ဆိုပြီး
လှည့်လည်ခဲ့သည်။ ရည်ရွယ်ချက်မှာ အခြေခံစားသုံးကုန်စည်ဈေးနှုန်းလျော့ချရေး
နှင့် ပြည်သူတို့၏ လူမှု ဘ၀ ပြဿနာများ ပြေလည်အောင်လုပ်ပေးရန်
နအဖအာဏာပိုင်တို့အား တောင်းဆိုခြင်းဖြစ်သည်။ဘုရား၊ တရား၊ သံဃာဂုဏ်
ကျေးဇူးကို မသိနားမလည်သော နအဖလက်ပါးစေများက ဦးပညာစက္က နှင့် ဦးပညာနန္ဒ
ဘွဲ့အမည်ရှိသော ကိုယ်တော်နှစ်ပါးကို ဓာတ်တိုင်ကြိုးတုတ်ပြီး
ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပါသည်။
အဲ့ဒီမှာတင်
ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုလို့ ကမ္ဘာ့သမိုင်း နှင့် မြန်မာ့သမိုင်း အပါအ၀င်
ဘာသာရေးသ မိုင်းမှာပါ မော်ကွန်းဝင်ကမ္မည်းထိုးထိုက်သော
ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီး စခဲ့ပါသည်။ ဆရာတော်၊ သံဃာတော် များက
နအဖစစ်အာဏာပိုင်များအား ကျူးလွန်ခဲ့သည်များကို
ပြန်လည်ဝန်ချတောင်းပန်စေခဲ့ပါသည်။ ဒါပေမယ့် လူသတ်လက်နက် ကိုသာ အားကိုးပြီး
အာဏာမှိုင်းမိနေသော မကောင်းဆိုးဝါးများ ပူးကပ်နေသော နအဖ စစ်အာ ဏာရှင်များဟာ
ဒေ၀ဒတ်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါသည်။
၂၀၀၇ စက်တင်ဘာ ၁၇ မှာ
ရွှေတိဂုံစေတီတော် မြတ်ခြေရင်းမှာ ရဟန်းသံဃာ ၁၀၀၀ ကျော် နှင့် ကျောင်းသား၊
လူထုအပေါင်းတို့ စုဝေးချီတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါသည်။
တစ်ရက်ပြီးတစ်ရက် ဆန္ဒပြမှု အဟုန်ဟာ ကြီးမားလာခဲ့ပါသည်။
မိမိအာဏာတန်ဖိုးကြီးကြောင်း ပြသလိုတဲ့ စစ်အာဏာရှင်တွေဟာ မာရ်နတ် စစ်သည်
တွေ ဗုဒ္ဓမြတ်စွာကို အံတုပြိုင်ခဲ့သလို သံဃာအဖွဲ့အစည်းကို စိန်ခေါ်ခဲ့ကြပါသည်။
စက်တင်ဘာလ
၁၉ ရက်နေ့မှာတော့ သံဃာ့အင်အား ထောင်ပေါင်းများစွာနှင့် ကျောင်းသား၊ ပြည်သူ
လူထုအပေါင်းတို့ဟာ ရွှေတိဂုံစေတီတော်မှသည် ဆူးလေစေတီတော်ကြီးထိတိုင်အောင်
ချီတက်ခဲ့ကြပါသည်။
ထိုနေ့ ညနေ ၄ နာရီအချိန်မှာဘဲ ရဟန်း၊ သံဃာ၊
သီလရှင်၊ ကျောင်းသား၊ ပြည်သူအပေါင်းတို့၏ အားပေး ထောက်ခံ မှုဖြင့် “
ဗမာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့ ” ( All Burma Monks
Representative Committee ” ကို ဆူးလေစေတီတော်ရင်ပြင်ပေါ်မှာဘဲ အောင်မြင်စွာ
ဖွဲ့စည်းနိုင်ခဲ့သည်။
ထိုအဖွဲ့သည် ဓမ္မအတွက် တိုက်ပွဲဝင်ရသော စစ်မြေပြင်တွင်ပွင့်ဖူးသော ပန်းမြတ်တော်ဝင်တစ်ခုပင် ဖြစ်သည်။
အဖွဲ့ဝင်များအဖြစ် -
၁။ အရှင်ကောဝိဒ ( ဥက္ကဌ )
၂။ အရှင်ထာဝရ ( အထွေထွေ အတွင်းရေးမှူး )
၃။ အရှင်နေမိန္ဒ ( သတင်းနှင့်ပြန်ကြားရေး )
၎။ အရှင်စန္ဒီယ ( စည်းရုံးရေး )
၅။ အရှင်သံဝရ ( စည်းရုံးရေး )
၆။ ရှင်ဣန္ဒက ( ဘဏ္ဍာရေးမှူး )
၇။ အရှင်ဇာဂရ ( စည်းကမ်းထိန်းသိမ်းရေး )
၈။ ကေသရိန္ဒ ( ရုံးအကြီးအကဲ )
၉။ အရှင်သာသန ( ရုံးအဖွဲ့ )
၁၀။ အရှင်ရသ ( ရုံးအဖွဲ့ )
၁၁။ အရှင်ဥတ္တမ ( ရုံးအဖွဲ့ )
၁၂။ အရှင်ဓမ္မညာဏ ( ရုံးအဖွဲ့ )
၁၃။ အရှင်ဝိဇယ ( ရုံးအဖွဲ့ )
၁၄။ ရှင်လက္ခဏ ( ရုံးအဖွဲ့ )
၁၅။ ရှင်ထေရ၀ံသ ( ရုံးအဖွဲ့ )
တို့ဖြစ်ပါသည်။
အရှင်ထာဝရဦးဆောင်တဲ့အဖွဲ့ဝင်
၁၅ ပါးဦးဆောင်တဲ့ ဒီအဖွဲ့ကြီးကို သာသနာရေးဝန်ကြီး ဗိုလ်ချုပ်
သူရမြင့်မောင် က သံဃာတု၊ သံဃာယောင်များဖြစ်ကြောင်း မဟာသံဃာ့နာယကအဖွဲ့ ကို
စေလျှောက်တင်ခဲ့ သည် လို့ သိရပါသည်။
ဒါ့အပြင်
ဒီတရားမ၀င်အဖွဲ့ကြီးဟာ ထိုင်းနယ်စပ်မှာ ဖွဲ့ခဲ့တာဖြစ်ပြီး
လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်လုပ်ကိုင်နေပါသည်ဟု
လိမ်လည်တင်ပြခဲ့ပါသည်။
ဒီအဖွဲ့ကြီး ရည်ရွယ်ချက်ကတော့
ဗုဒ္ဓသာသနာအဓွန့်ရှည်ရေး၊ တိုင်းပြည်တွင်း ပြည်သူတို့ခံစားနေရ သော
စားဝတ်နေရေး အဆင်ပြေရေး၊ ငြိမ်းချမ်းသော တိုင်းပြည်ဖြစ်ရေး ….. စတဲ့
လူသားတို့ ဘ၀ သာယာချမ်းမြေ့ရေး အတွက် ရည်ရွယ်ပါသည်။
အဖွဲ့တစ်ခုအဖြစ်
ခိုင်ခိုင်မာမာရပ်တည်နိုင်ပြီဖြစ်လို့ ဒီသံဃာ့ကိုယ်စားလှယ်များအဖွဲ့ကြီးဟာ
မြန်မာနိုင်ငံ လုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု ကဲ့သို့သော
သံဃာ့အဖွဲ့များနှင့်အတူ ဆင်းရဲအတိဒုက္ခရောက်နေကြသော သန်း ၅၀ ကျော်
မြန်မာပြည်သူတို့အတွက် သေနတ်ကိုင်ပြီး ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်များကို
အံတုနိုင်ခဲ့ သည်။
၂၀၀၇ စက်တင်ဘာ ၂၂ မှာဆိုရင်ဖြင့်
သံဃာ့ကိုယ်စားလှယ်များအဖွဲ့ဝင် သံဃာတော်များဟာ အခြား သံဃာတော်များနှင့်အတူ
အကျယ်ချုပ်ခံနေရသော ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိ
ရာသို့ ရဲရဲဝံ့ဝံ့သွားရောက်ပြီး မေတ္တာပို့ဆုမွန်ကောင်းများကို ၁၅
မိနစ်ခန့်ပေးခဲ့သည်။
လူထုခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် ခြံဝထွက်ပြီး သံဃာတော်များကို ဂါရ၀ပြုခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်များအဖွဲ့ဝင်
သံဃာတော်တို့၏ ဓမ္မအတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင် ခဲ့ပုံ၊ လူထုတွေ
ကြုံတွေ့နေရသည့်ဒုက္ခကို စာနာနားလည်ပုံ နှင့် ကယ်တင်လိုစိတ်ကို စက်တင်ဘာ ၂၃
ရက်နေ့ တွင် အထင်အရှားတွေ့မြင်နိုင်သည်။
ဘုရား၊ တရား၊ သံဃာတို့၏
ဂုဏ်ကျေးဇူးထက် သေနတ်ကိုင် အာဏာရှင် စစ်မိစ္ဆာတို့၏ အမိန့်ကိုသာ နာခံ တတ်သော
လက်ပါးစေတို့၏ သေနတ်ပြောင်းဝအောက်တွင် ပြည်သူသန်းပေါင်း များစွာ၏
အသက်အိုးအိမ် အတွက် အမှန်တရားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ရဲသော ရဟန်းအာဇာနည်၊
လူအာဇာနည် တို့၏ စိတ်ဓါတ်ကား အံ့သြဖွယ်ပင်ဖြစ်ပါသည်။
ထိုစက်တင်ဘာ၂၃
ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးနေရာတွင် နေ့လည်
နှစ်နာရီခွဲလောက်မှစပြီး လူထုဟောပြောပွဲကြီး ကျင်းပနိုင်ခဲ့သည်။
ကဗျာဆရာကိုအောင်ဝေး၊ ကျောင်းသား ခေါင်းဆောင် ကျော်ကိုကို တို့လည်း
တတ်ရောက်ဟောပြောခဲ့ပါသည်။
တတိယမြောက်ဟောပြောသူကတော့
သံဃာ့ကိုယ်စားလှယ်များအဖွဲ့မှ အရှင်နေမိန္ဒ (စာရေးသူ။ မှတ်ချက် ယခု ထိုင်း၊
မြန် မာနယ်စပ်တွင် ဆင်းရဲကျပ်တည်းစွာ သတင်းသုံးနေရသူ၊) ဖြစ်သည်။
အရှင်နေမိန္ဒက
ရသန်းရှင်လူကျောင်းသားအပေါင်းတို့အား မိန့်ခွန်းဟောရာတွင် “
ကျောင်းသားများ၊ ပြည်သူများ အားလုံး ညီညီညွတ်ညွတ်ရှိကြပါ။
သဟဇာတရှိရှိနေထိုင်ကြပါ။
တစ်သဘောတည်းထားကြပါ။ ကျောင်းသား နှင့်
ပြည်သူလူထုကြီးအပေါင်းတို့ ဒီလှုပ်ရှားမှုကြီးမှာ တစ်ဦး နဲ့ တစ်ဦး
သွေးမကွဲဘဲ ညီညွတ်စွာ သံဃာ တော်များနှင့်ပူးပေါင်းကြရန် ”
မေတ္တာရပ်ခံဟောကြားခဲ့ပါသည်။
မြတ်ဗုဒ္ဓ၏ သွန်သင်မိန့်ကြားချက်များအတိုင်း ပဋိပတ္တိ၊ ပဋိယတ္တိ၊ ပဋိဝေဒ သုံရပ်ကိုသာ ကျင့်ကြံပွားများ
လေ့လာ
နေကြသော ရဟန်းသံဃာတော်များမှာ ဗုဒ္ဓ၏ ပဌာန်းဒေသနာတော်လာ “ ဥပနိဿပစ္စည်း ” အရ
အားကြီးသော ကျေးဇူးပြုခြင်းဖြင့် ကျေးဇူးပြုသောသဘောအတိုင်း
မြန်မာနိုင်ငံတော်ကြီးကို ကျေးဇူးဆပ်ရန်
သေနတ်ပြောင်း ၀အောက် ရဲရဲဝံ့ဝံ့ ရပ်နိုင်ခဲ့လေပြီ။
ကျေးဇူးရှင်ကို ဤလောကမှ မပျောက်ကွယ်ရလေအောင် ကျေးဇူးဆပ်ရန်မှာ
လူပီသသောလူသားတိုင်း၏ တာဝန်ပင်မဟုတ်ပါလော။ တိုင်းရင်းသားအချင်းချင်း၊
တိုင်းသူ ပြည်သားအချင်းချင်း၊ လူသားတိုင်းအချင်းချင်း ကို သူတော်ကောင်းတို့
ထုံး နှလုံးမူပြီး “ သမ္မ၀ါယ သမ္မန္ဓ ” နည်းအရ စည်းရုံးစေသည်မှာ
မြင့်မြတ်သူတို့၏ အကျင့်မြတ်တစ်ခုပင် ဖြစ်ပါသည်။
မြင့်မြတ်သူဖြစ်လိုလျှင်
အများအတွက် တကယ်လိုအပ်တဲ့အခါမှာ အနစ်နာခံလိုစိတ်ရှိရမည်ဖြစ်သည်။
မြင့်မြတ်သူဖြစ်လိုလျှင် မြင့်မြတ်သောနှလုံးသားရှိရုံမက
လက်တွေ့အားဖြင့်လည်း တာဝန်ယူ လုပ်ကိုင် ရဲရမည် ဖြစ်သည်။
စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ထိုကဲ့သို့စိတ်ထားမြင့်မြတ်ပြီး အများအတွက် အနစ်နာခံရဲသူများ ကိုတွေ့နိုင်ပါသည်။
အရှင်နေမိန္ဒနောက်
သံဃာ့ကိုယ်စားလှယ်အဖွဲ့ အထွေထွေအတွင်းရေးမှူး အရှင်ထာဝရ ( ယ္ခု အိန္ဒိယ
နိုင်ငံတွင် သီတင်းသုံးနေ ) က ဟောပြောခဲ့သည်။ အရှင်ထာဝရက “ ကိုယ်တော်တို့ဟာ
သာသနာ့ဝန်ထမ်း ရှင်ရဟန်း များဖြစ်သည့်အားလျှော်စွာ သွေးထွက်သံယိုဖြစ်မည့်
ပြဿနာမျိုးကို လုံးဝအလိုမရှိပါ။
ငြိမ်းချမ်းစွာ စေ့
စပ်ဆွေးနွေးပြီး အဖြေရှာလိုပါသည်။ ယခုအခါမှာ မိမိပြည်သူတွေ ဘာကို အရေး
တကြီးတောင်း ဆိုနေတယ်ဆို တာကို နအဖအာဏာရှင်အနေနဲ့ ကောင်းကောင်း
နားလည်သဘောက်ပေါက် မယ်လို့ ယုံကြည်ပါတယ်။
ဗမာနိုင်ငံမှာ
မြေပေါ်မြေအောက် သဘာဝသယံဇာတပေါကြွယ်ဝပါတယ်။ တကယ်ဆို ခေတ်မီနိုင်ငံတစ်ခုဖြစ်
ရမှာပါ။ ဒါ ပေမယ့် နအဖအာဏာပိုင်တွေက သူတို့အကျိုးစီးပွားအတွက်ဘဲ
လုပ်နေကြလို့ ကမ္ဘာ့ အဆင်းရဲဆုံး
နိုင်ငံ ဖြစ်နေပါ ပြီ။
လက်တစ်ဆုပ်စာခန့်သာရှိသော စစ်အာဏာပိုင်များ နှင့် အပေါင်းပါလူတစ်စုက
တိုင်းပြည် သယံဇာတတွေကို မတရားလက်ဝါးကြီးအုပ် ခွဲယူသုံးစွဲနေလို့
ပြည်သူတွေမှာ အလွန်ဘဲ ဆင်းရဲနေရပါတယ်။
သူတို့လက်တစ်ဆုပ်စာ ကောင်းစားဖို့ သန်း ၅၀ ကျော်တို့၏ အသက်အိုးအိမ်စည်းစိမ်တွေကို စတေးခံနေရပါ တယ်။ ဒါဟာ လုံးဝ မတရားပါဘူး။
နအဖရဲ့အတွေးအခေါ်နဲ့
ဆင်ခြင်တုံတရားဟာ အလွန်သေးသိမ်ပြီး မင်းကောင်းတို့ရဲ့ စရိုက်လက္ခဏာ နဲ့
လုံးဝမကိုက်ညီပါဘူး။ တကယ်တော့ မြန်မာပြည်သူလူထုအများစုဟာ ဆင်းဆင်းရဲရဲ
နေထိုင်နေရပေမယ့် အ တွေးအခေါ်နဲ့ ဆင်ခြင်တုံတရားမှာ ကမ္ဘာ့အဆင့်မီပါတယ်။
ဒါပေမယ့်
ညံ့ဖျင်းလှတဲ့ အုပ်ချုပ်ရေး ယန္တရားကြောင့် သာ ဒီလိုကြမ္မာဆိုးတွေနဲ့
ကြုံတွေ့နေရပြီး ကမ္ဘာပေါ်မှာ မျက်နှာငယ်နေရတာပါ။ စစ်အုပ်စုအနေနဲ့လည်း ဗမာ
ပြည်တွင်းပြဿနာတွေကို နားလည်သဘောပေါက်ပါ လိမ့်မယ်။ ဒါပေမယ့်
ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို မသိ တာဘဲ ဖြစ်ပါလိမ့်မယ်။
သူတို့တွေဟာ
အဲ့ဒီလိုပြဿနာတွေကို လှည့်ဖြားဖို့ လမ်းပြမြေပုံ ( ၇ )ရပ်ကို ထုတ်ခဲ့တာပါ။
အဲ့ဒီမြေပုံ မှာ ပြည်သူတွေ ကို အကျိုးယုတ်စေမှာဘဲ ဖြစ်ပါတယ်။
မင်းကျင့်တရား
( ၁၀ ) ပါးကို လိုက်နာတဲ့ မင်းကောင်းမင်းမြတ်ကြောင့်သာ
တိုင်းပြည်ငြိမ်းချမ်းသာယာ ပြီး စည်ပင်ဝပြောနိုင်မှာ ဖြစ်ပါတယ်။
အာဏာရှင်ဆန်ဆန်အုပ်ချုပ်ပြီး မင်းကျင့်တရား ( ၁၀ ) ပါးမညီညွတ်တဲ့ မင်းဟာ
ပြည်သူပြည်သားတွေရဲ့ ရိုသေလေးစားမှုကို မရနိုင်ပါဘူး။ ထို့ပြင်
အဲ့ဒီတိုင်းပြည်ဟာ မတည်မငြိမ်ဖြစ် ပြီး ကပ်အမျိုးမျိုးဆိုက်ရောက်မှာ
ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်တော်အနေနဲ့ စစ်အာဏာရှင်တွေကို
တိုက်တွန်းချင်တာကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ဒီမို ကရေစီနည်းကျပြီး
တရားမျှတတဲ့ အစိုးရဖြစ်အောင် လုပ်ကြပါ။ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ သဘောထား
ကြီးစွားထားပြီး ဖြေရှင်းကြပါ။ ကြမ်းတမ်းတဲ့ ဖြိုခွဲရေးနည်းလမ်းကို
မသုံးကြပါနဲ့။ နိုင်ငံရေးနည်း ကို နိုင်ငံရေး နည်း ဖြင့်သာ ဖြေရှင်းကြပါ။
တိုင်းရင်းသားအုပ်စုတွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်အောင်
လုပ်ကြပါ။
နိဂုံးချုပ်ပြောရရင် စစ်အစိုးရအနေနဲ့ ပြဿနာတွေကို
မဖြေရှင်းဘူးဆိုရင် ကိုယ်တော်တို့ သံဃာတော်များ ဟာ ပြည်သူနဲ့ပူးပေါင်းပြီး
မကြောက်မရွံ့ ငြိမ်းချမ်းသောနည်းနဲ့ ဆန္ဒပြသွားမှာ ဖြစ်ပါတယ်။ ”
တစ်ကမ္ဘာလုံးက
အရက်စက်ဆုံးလို့ သတ်မှတ်ထားခံရတဲ့ ဗမာစစ်အာဏာရှင်တို့ကို ယခုလို
ရဲရဲဝံ့ဝံ့၊ ပြတ်ပြတ် သားသား တောင်းဆိုရဲသော သံဃာတော်များ၏ သတ္တိမှာ
အံ့သြချီးကျူးဖွယ်ဖြစ်သည်။ ယမ်းငွေ့ဝေနေ တဲ့ သေနတ်ပြောင်းဝတည့်တည့်မှာ
မိမိတို့ရဲ့ အသက်ခန္ဓာကို ပေးဆပ်ပြီး အများအတွက် အနစ်နာခံရဲတဲ့ အာ
ဇာနည်တွေရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်တွေကို တွေ့နိုင်ပါသည်။
သူရဲကောင်းအစစ်အမှန်များကို
စစ်မြေပြင်မှာသာ တွေ့နိုင်သလို စိတ်ဓါတ်မြင့်မြတ်ပြီး အများအကျိုး
တကယ်ဆောင်ရွက်နေသူများကိုလည်း လူထုကြားမှာသာ တွေ့နိုင်ပါလိမ့်မယ်။
သူတို့သာလျှင် လူထုရဲ့ မျက် ရည်ကို တွေ့နိုင်မယ်။ လူထုရဲ့သက်ပြင်းချသံကို
ကြားနိုင်မှာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သတ်လို့ ဆရာကြီး
ဦးရွှေအောင် ရေးသားပြုစုခဲ့တဲ့ ဗုဒ္ဓ ( သို့ ) လောကသားတို့၏
အနှိုင်းမဲ့ကျေးဇူးရှင် ( စာ - ၂၁ ) မှာ -
နိုင်ငံဖြစ်စေ၊
လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်၊ လူမျိုးအတွက် အနစ်နာခံနိုင်သူများ၊ ဘ၀ကို
စတေးနိုင်သူ များ ပေါများသည်နှင့်အမျှ ထိုနိုင်ငံ၊ ထိုလူမျိုးသည် ကမ္ဘာ၌
ထိပ်တန်းနိုင်ငံ၊ ထိပ်တန်းလူမျိုး ဖြစ်မည်မှာ သေချာ ၏။ ဤနေရာ၌
ထိပ်တန်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၌ ထိပ်တန်းကို
ဆိုလိုသည်မဟုတ်။
အတတ်ပညာပိုင်း ဆိုင်ရာ ပြည့်စုံမှု၌လည်း ထိပ်တန်းကို
ဆိုလိုသည်မဟုတ်၊ ကိုယ်ကျင့်သိက္ခာပိုင်း ဆိုင်ရာ ပြည့်စုံမှု၌သာ ထိပ်တန်း
ကိုဆိုလိုခြင်းဖြစ်၏။ အမှန်အားဖြင့် ရင့်ကျက်သောအမြင်ဖြင့် ကြည့်ပါက
ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများသည်လည်း မြတ်နိုးဖွယ်မဟုတ်။
အတတ်ပညာပိုင်းဆိုင်ရာ
ပြည့်စုံမှုများသည်လည်း မြတ်နိုးဖွယ်မဟုတ်။ တကယ်တမ်း မြတ် နိုးဖွယ်ကား “
ကိုယ်ကျင့်သိက္ခာ နှင့် ပြည့်စုံမှု ” သာ ဖြစ်၏။ ဤနေရာတွင် အောက်ပါ
ဓမ္မပဒဂါထာ၏ အဆိုအ မိန့်သည် များစွာ မှတ်သားဖွယ် ကောင်း၏။
မှတ်သားဖွယ်ကောင်းသည့် အလျောက်လည်း လိုက်နာကျင့်ကြံနိုင် အောင်
ကြိုးပမ်းဖို့ ကောင်း၏။
ဂါမေ ၀ါယဒိ ယဒိ ၀ါ’ ရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။
ယတၱ အရဟေႏၱာ ၀ိဟရႏၲိ၊ တံ ဘူမိ ရာမေဏယ်ကံ။
( ဓမၼပဒဂါထာ - ၉၈ )
“
ဒေသတစ်ခုသည် “ ရွာ ” ဖြစ်ချင်ဖြစ်မည်။ “ တော ” ဖြစ်ချင်ဖြစ်မည်။ “
ချိုင့်ဝှမ်း ” ဖြစ်ချင်ဖြစ်မည်။ “ ကြည်ကုန်း ” ဖြစ်ချင်ဖြစ်မည်။
သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင်များ နေထိုင်ရာ ဖြစ်ရိုးမှန်ပါက
ထိုနေ ရာ၊ ထိုဒေသသည် ကမ္ဘာ့မြေအပြင်တွင် မွေ့လျှော်ဖွယ် အကောင်းဆုံး
ဖြစ်၏။ဟုဆိုထားပါသည်။ ဆင်ခြင် သတိမှုရာပင်ဖြစ်သည်။ ”
ယခု အချိန်မှာ
ဆိုရင် စစ်အာဏာရှင်များဟာ သူတို့ အာဏာတည်းမြဲရေးအတွက် ပြည်သူတွေ မျက်ရည်
တစ်ဖြိုင်ဖြိုင်ကျနေတဲ့ ကာလမှပင် ဆန္ဒခံယူပွဲကို အတင်အားဓမ္မလုပ်ခဲ့ပါတယ်။
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အပါဝင် တိုင်းရင်းသားခေါင်းဆောင်၊
ကျောင်းသားခေါင်းများနှင့် အမှန်းတရားအတွက် တိုက်ပွဲ့ဝင်နေကြသူ
ထောင်ပေါင်းများစွာကို ဖမ်းဆီနှိပ်စက် အပြစ်ပေးထားပါတယ်။
ကမ္ဘာနှင့်
မြန်မာပြည်သူများကို နည်းလမ်းပေါင်းစုံးဖြင့် သတ်ဖြတ် ညှင်ဆဲပြီး ဘာသာ
သာသနာ ကို စော်ကားနေသော ဒီ နအဖ စစ်အာဏာရှင်များကို သူတော်ကောင်းတို့၏
စိတ်နှလုံးသားရှိသူတိုင် နစ်နာခံ တွန်းလှန်းဖယ်ရှားဖြစ်ရပါမယ်။ ထို့မှာသာ
ဘာသာ သာသနာနှင့် လူမျိုးဂုဏ်တင့်တယ်မှာပါသော်သည်။
ရေးသားသူ။
Dhammawira (HDAK) ပြည်ပရောက်
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ ၂ နှစ်မြောက် အထိမ်းအမှတ်
ဂုဏ်ပြုရေးဖွဲ့ပါသည်။
စာရေးသူ အရှင်ထာဝရ၏ ဖေ့စ်ဘုတ်စာမျက်နှာ။http://blog.irrawaddy.org/2012/09/blog-post_4056.html
No comments:
Post a Comment