Saturday, March 9, 2013

ကျွန်တော့်အတွေးကျွန်တော့်အမြင်

ကျွန်တော့်အတွေးကျွန်တော့်အမြင်
ပြီးခဲ့တဲ့ရက်ပိုင်းကဂျာနယ်တစ်စောင်ကကျနော့်ကိုအင်တာဗျူးတစ်ခုလာလုပ်ပါတယ်သူက…ကိုစည်သူမောင်အနေနဲ့ နိုင်ငံရေးဆိုတာကိုဘယ်လိုခံယူပါသလဲ?ဘယ်လိုနားလည်ပါသလဲ?တဲ့ကျနော်ဖြေလိုက်ပါတယ်…..နိုင်ငံရေးဆိုတာကိုကျနော်တို့မျိုးဆက်အနေနဲ့ကိုယ်ဖြတ်သန်းရတဲ့ခေတ် ပေါ်မူတည်ပြီး ကိုယ်နားလည်ခံယူသလိုအဓိပ္ပာယ်ဖွင့်လိုက်ပါတယ်။အားလုံးသိကြတဲ့အတိုင်း၂၀၀၇ခုနှစ်မှာရွှေဝါရောင်သံဃာလှုပ်ရှားမှုကြီးနဲ့အတူကျနော်တို့တက္ကသိုလ်ကျောင်းသားတွေဟာလည်း ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်ကို ကျနော်တို့မျိုးဆက်လက်ထက်မှာ အမြင့်မားဆုံးပြန်လည်လွင့်ထူရင်း ၁၉၈၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီ ဖြစ်တဲ့စစ်အာဏာရှင် လက်အောက်ကဖိနှိပ်မှုကိုရုန်းကြွတော်လှန်တဲ့စနစ်ပြောင်းတော်လှန်ရေးကိုနိုင်ငံရေးတစ်ရပ်အဖြစ်ခံယူပြီးပါဝင်ခဲ့ကြပါတယ်။တော်လှန်ရေးမျိုးဆက်တစ်ဆက်လဲဖြစ်ခဲ့ရပါတယ်။ယခုခေတ်ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံရေးမှာတည်ဆောက်ရေးမျိုးဆက်အဖြစ် လူငယ်တွေဟာနိုင်ငံရေးမှာ ပါဝင်ပတ်သက်လာကြတာ တွေ့ရသလို မတရားမှုများ ၊ ဖိနှိပ်မှုများ ဥပမာ…ကချင်အရေး လက်ပန်းတောင်းတောင်အရေး နဲ့ အလုပ်သမား လယ်သမားအရေး) များဘက်ကရပ်တည်၍အစဉ်တစိုက် ဆန့်ကျင်နေဆဲဖြစ်တဲ့ နိုင်ငံရေးယာဉ်ကျေးမှုတစ်ရပ် လဲကျနော်တို့နိုင်ငံမှာ ထွန်းကားနေပြီလို့ထင်ပါတယ်။အဲဒီအတွက်ကြောင့် ယခုမျက်မှောက်ခေတ် နိုင်ငံရေးကိုကျနော့်အနေနဲ့ နားလည်ခံယူတာဟာ နှစ်ပေါင်းများစွာ ဆင်းရဲတွင်းထဲရောက်နေတဲ့ ကျနော်တို့နိုင်ငံကို ပြန်လည်နလန်ထကာစ လူမမာတစ်ဦးလိုပြုစုပေးရမယ့် တည်ဆောက်ရေးမျိးဆက် လူငယ်နိုင်ငံရေးသမားများကို တိုင်းပြည်ရဲ့သမိုင်းရေးလိုအပ်ချက်အရ တောင်ဆိုနေပါပြီ။ လူငယ်နိုင်ငံရေးသမားတွေများများ ပေါ်ဖို့လိုအပ်တယ်လို့ ၂လပိုင်း ၂၅ ရက်နေ့က တော်ဝင်နှင်းဆီမှာ(.က.)များဦးစီးကျင်းပတဲ့ ဟောပြောပွဲမှာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးကပြောလာပါတယ်။ ကျနော်တို့ကိုယ်တိုင် တော်လှန်ရေးမျိုးဆက်ဖြစ်ခဲ့ပေမဲ့ ခင်ဗျားတို့ကိုကျနော်တို့ထက်မြင့်တဲ့တည်ဆောက်ရေးမျိုးဆက်များအဖြစ်မြင်လိုကြောင်း……ခင်ဗျားတို့ရဲ့ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်ကို ပိုပြီးရဲရင့်နီးစွေးအောင်ဆေးရောင်ချယ်သဖို့ခင်ဗျားတို့မှာ လဲတာဝန်ရှိပါကြောင်းကိုမင်းကိုနိုင်ကပြောကြားဖူးပါတယ်။ကိုယ့်ကိုကိုယ်နိုင်ငံရေးသမား ပါလို့ရင်ကော့ပြီးထွက်လာမယ့်လူငယ်တွေ ယခုလိုအချိန်မှာများများလိုအပ်ကြောင်းလဲဟောပြောခဲ့ပါတယ်။ယခင်ကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကိုဖြတ်သန်းခဲ့ရဖူးသူတိုင်း မှတ်မိကြပါလိပ့်မည်။နိုင်ငံရေးလုပ်ချင်ရင်လမ်းစဉ်ပါတီထဲဝင်(သို့)ကျောင်းသားဆိုရင်လမ်းစဉ်လူငယ်တေဇလူငယ်စသည်ဖြင့်တစ်လမ်းသွား နိုင်ငံရေးစနစ်တစ်ခုကိုသက်ဝင်ယုံကြည်ခိုင်းပါတယ်။
အဲဒီခေတ်က ရန်ကုန်မြို့ပြင်ဖက်က ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းကြီး ဆိုလားဖွင့်ထားတာ ကြားဖူးပါသည်။ အဲဒီလောက်နိုင်ငံရေးကိုအားပေးတာပါ ဒါပေမဲ့တစ်ပါတီအာဏာရှင်စနစ်ကိုဒေါက်တိုင်လုပ်ပေးမယ့် နိုင်ငံရေးကိုသာခွင့်ပြုပြီး ဆိုရှယ်လစ်နိုင်ငံရေးစနစ် နဲ့သွေဖီလို့ကတော့ထောင်ထဲမှာ စံမြန်းပေတော့ပဲ။အဲဒါ (မဆလ) ခေတ်ကနိုင်ငံရေး။ (န၀တ)… (နအဖ)ခေတ်မှာကျတော့ နိုင်ငံရေးလုပ်ရင်နိုင်ငံတော် သစ္စာဖောက်မှု။အကြည်ညိုပျက်မှု နဲ့ထောင်နှစ်ရှည်လများချ ၊ မိသားစုတွေစီးပွားပျက်တဲ့အထိဒုက္ခပေး ၊ ဘ၀တွေစတေး အသက်တွေပေးခဲ့ရတဲ့နိုင်ငံရေးကိုကျောင်းသာလူငယ်တွေလုပ်ခဲ့ကြတယ်။ဟုတ်ပါတယ်….တစ်ချိန်ကနိုင်ငံရေးဆိုတာအာဏာရှင်စနစ်အောက်မှာလုပ်ခဲ့ရတာဖြစ်တဲ့အတွက်အကျည်းထောင်နှုတ်ခမ်းနင်းပြီးလုပ်ခဲ့ကြရတယ်။ သေနတ်ပြောင်းဝရှေ့မှာ မေတ္တာသုတ်တွေရွတ်ဖတ် ခဲ့ကြရတယ်။ ခေါင်းပေါ် ကျလာတဲ့တုတ်ချက်တွေကိုမေတ္တာပို့ပြီးအသေခံခဲ့ရတယ်။အဲဒီလိုထောင်ကျခံနိုင်ငံရေး လုပ်ခဲ့ရတဲ့အတွက် ကိုယ်အပေါ်မှာ ပတ်ဝန်းကျင်ရဲ့ထူးဆန်းတဲ့မျက်လုံးတွေနဲ့ ဝေဖန်သံတွေကိုလဲ အလူးအလဲခံခဲ့ကြရတယ်။လူငယ်တစ်ယောက်အနေနဲ့ ရပ်ကွက်ထဲက သူလိုကိုယ်လို လူငယ်ဘ၀ ဖြတ်သန်းမှုမျိုးဖြတ်သန်းလို့ရသားပဲဘာကြောင့် သမာရိုးကျဘ၀ထဲက နေခွဲထွက်ခဲ့ကြပါသလဲ? ဖောက်ထွက်ခဲ့ကြပါသလဲ? ရှင်းပါတယ်….ကျနော်တို့ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပါ။ ဘယ်သူကမှ ဖိအားပေးလို့ မြောက်ပေးလို့ လုပ်ခဲ့တာမဟုတ်ပါ။ နံမည်ကြီးချင်လို့ ကြိုးတန်းပေါ်လမ်းလျှောက်ခဲ့ကြတာမဟုတ်ပါ။ဆရာကြီးဗန်းမော်တင်အောင်ရဲ့  စကားကကျနော်တို့ အသိစိတ်ထဲ လာရိုက်ခတ်ခဲ့လို့သာ …ကျနော်တို့ဖြတ်သန်းရတဲ့ခေတ်မှာ ကျနော်တို့ပုခုံးပေါ်ကျလာတဲ့ သမိုင်းပေးတာဝန်ကိုတတ်နိုင်သလောက်ထမ်းရွက်ခဲ့ကြတာသာဖြစ်ပါတယ်။အခုအချိန်အထိ နိုင်ငံရေးလို့ပြောလိုက်တာနဲ့ အာဏာရအစိုးရ ကိုဆန့်ကျင်တဲ့ အလုပ်တစ်ခုလိုပဲမြင်နေကြတဲ့ သူတွေအများကြီးပါ။ နိုင်ငံရေးဆိုတာအဲဒီလိုအာဏာရ အစိုးရကိုဆန့်ကျင်နေတာထက်ပိုတဲ့ လုပ်ငန်းတာဝန်တွေရှိနေတယ်ဆိုတာ မသိတဲ့သူတွေများလေလေ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာနှောင့်နှေးကြန့်ကြာနေလိမ့်ဦးမယ်ထင်ပါတယ်။ကျနော်ဆိုလိုတာကလူတိုင်းလူတိုင်းကို နိုင်ငံရေးလုပ်ရမယ် နိုင်ငံရေးပါတီတွေထဲဝင်ရမယ် လို့ဆိုလိုရင်းမဟုတ်ပါ။ အားလုံးနိုင်ငံရေးအသိ လေးတော့ရှိဖို့လိုပါတယ်။ ကိုယ်နိုင်ငံမှာ ဘာတွေဖြစ်ပေါ် ပြောင်းလဲနေတယ် ဆိုတာကို မျက်ခြေမပျက်ဖို့တော့လိုပါတယ်။ ကျနော်အကျည်းထောင်ထဲရှိနေစဉ် ကာလတုန်းက စာအုပ်တစ်အုပ်ထဲက အဆိုအမိန့် တစ်ခုကိုဖတ်ဖူးပါတယ် …သင်ဟာနိုင်ငံရေး ကိုစိတ်မ၀င်စား ဘူးဆိုရင် သင်မဟုတ်တဲ့အခြားသူတစ်ယောက်ဟာ သင့်ရဲ့အနာဂတ်ကိုလွမ်းမိုးနိုင်တဲ့ ဆုံးဖြတ်ချက် တွေကိုသူကချမှတ်သွားပါလိမ့်မယ်....တဲ့….။ ကဲဘယ်လောက်စဉ်းစားစရာလဲဗျာ……။
ကျနော်တို့မပတ်သက်ချင်ဘဲ နေလို့မရပါ။ကျနော်တို့ပြည်သူတွေရဲ့ အနာဂတ်ကို ပိုလှပအောင် ဆေးရောင်ချယ်ပေးမယ့်သူ နဲ့ကိုယ်ကျိုးရှာမယ့်သူဘယ်သူလဲဆိုတာကိုတော့ကျနော်တို့မှန်မှန်ကန်ကန် ရွေးချယ်တတ်တဲ့ နိုင်ငံရေးအသိလေးတော့ရှိဖို့လိုမယ်ထင်ပါတယ်။ ကျနော် ရန်ကုန်စီးပွားရေး တက္ကသိုလ် မှာ ၂၀၀၄ခုနှစ်ကစတင်တက်ရောက်ခဲ့ပါတယ်။ပထမနှစ်စတင်တက်ရောက်တုန်းကတော့ တက္ကသိုလ်ဘ၀ဆိုတာ ဒါပါလားဆိုပြီး မိန်းမောနေခဲ့ပါတယ်။ စီးမျောနေခဲ့ပါတယ်။ တက်ရတာကမြို့ပြင်မှာ လိုင်းကားစီးရင် ၁နာရီခွဲကြာတယ်။လယ်ကွင်းတွေပေါ်ကဖြတ်တိုက်လာတဲ့ လေပူတွေကိုခံရင်းဒုတိယနှစ်ရောက်တဲ့အခါ ကိုယ်နဲ့ယုံကြည်ချက် ခံယူချက်တူတဲ့သူငယ်ချင်း တချို့နဲ့တွဲမိရာကစပြီး လက်ရှိတက္ကသိုလ်ဘ၀နဲ့ ပညာရေးစနစ်ကိုသုံးသပ်မိလာပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်ကဦးကံဇော်(ယခုအမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၀န်ကြီး)ကအုပ်ချုပ်ပါတယ် ။ အဲဒီအချိန်က ပါချုပ်ဦးကံဇော်ရဲ့သဘောထားက ရှင်းပါတယ် ။ ကျောင်းသားတွေကြားမှာနိုင်ငံရေးတို့ ကျောင်းသားသမဂ္ဂတို့ မကြားချင်ဘူးမမြင်ချင်ဘူး။ သူတာဝန်ယူ အုပ်ချုပ်နေတဲ့အချိန်မှာ သူ့ကိုလူကြီးတွေက(အဘ များက)ငြိုငြင်မှာ စိတ်ကွက်မှာ သိပ်ကြောက်တဲ့သူအဲဒီအချိန်ကတည်းကအခုလိုဝန်ကြီးရာထူး နေရာကိုမှန်းထားတဲ့သူ။ စိတ်ပုလိပ် စိတ်ဓာတ်ရှိသူအဖြစ် အားလုံးကနားလည်ထား တဲ့သူတစ်ယောက်ပေါ့။ စီးပွားရေးတက္ကသိုလ် (ရွှာသာကြီး)မှာအရက်ဆိုင်တွေရှိတယ်။ပြည့်တန်ဆာခန်းအချို့မထင်မရှားရှိတယ်။ဖဲဝိုင်းတွေရှိတယ်။ ရန်ပွဲတွေရှိတယ် ။ …စသည်ဖြင့်ကြိုက်တာကိုရွေးချယ်ခွင့်ရှိတယ် ။ စီးမျှောခွင့်ရှိတယ်…။ ဒါပေမဲ့ကျောင်းထဲမှာယောပုဆိုးနဲ့အင်ကျီအဖြူဝတ်ဆင်ခွင့်မရှိစေရတဲ့…။အဲ…ဘာကြောင့်လဲဆိုတော့ အဲဒါနိုင်ငံရေးအသွေးအရောင် ဆိုပဲ ..။ကျောင်းသားကဒ်တွေဆွဲရမယ် …ကျောင်းဝန်းထဲ လူစိမ်းဝင်မှာ ဆိုးလို့တဲ့ ..။ လူစိမ်းတဲ့…ဘယ်လူစိမ်းလဲတော့မသိပါ စစ်စိမ်းရောင်များတော့ မပါဟုထင်တာပါဘဲ..။စက်တင်ဘာသံဃာအရေးခင်းမဖြစ်ခင် လောင်စာဆီဈေးနှုန်းကြီးမြင့်တုန်းက ကျောင်းသားတွေ ဖယ်ရီခ ဈေးကြီးလို့မကျေနပ်မှန်းလဲသိရောကျောင်းဝင်းထဲမှာကျောင်းသားလှုပ်ရှားမှုကိုဦးဆောင် နိုင်မယ့် ကျောင်းသားမှန်သမျှ စောင့်ကြည့်ဖို့ကျောင်းဝန်းထဲက လေးထပ်ဆောင် ဆင်ဝင် အောက် အထိ အရပ်ဝတ်နဲ့(ကျောင်သားမဟုတ်သောလူစိမ်းများ) စွမ်းအားရှင် ၁၅ယောက်လောက်ကို ၀င်ခွင့်ပေးထားတာ အဲဒီကာလကနေအခုအချိန်ထိ စီးပွားရေးတက္ကသိုလ်မှာတာဝန်ထမ်းဆောင်ဖူးတဲ့ ဆရာဆရာမတိုင်း မှတ်မိကြလိမ့်မယ်ထင်ပါတယ်။အဲဒီလိုခြိမ်းခြောက်မှုတွေ ဖိအားပေးမှုတွေနဲ့ ကျောင်းသားတွေကိုနိုင်ငံရေးနဲ့ ဝေးကွာလာအောင် ကြောက်စရာအဖြစ်မြင်လာအောင်ဖန်တီးခဲ့ရသူကယခုနိုင်ငံအရေးကိုဝန်ကြီးတစ်ပါးအနေနဲ့တာဝန်ထမ်းဆောင်နေပြီဆိုတော့စဉ်းစားကြည့်ပေါ့ဗျာ။
ယခုအချိန်အထိလဲ တက္ကသိုလ်ဝင်ခွင့်ဖောင်များဖြည့်ရတဲ့အခါ ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ရပ်ကွက်ထောက်ခံစာ (သို့) ကိုယ်တိုင်ဝန်ခံချက်လက်မှတ် ထိုးရသတဲ့ဗျာ။ကျနော်တက္ကသိုလ် ဒုတိယနှစ်လဲရောက်ရောပြသနာတက်ပါလေရော…..ဘာလဲဆိုတော့ ဒုတိယနှစ်တက္ကသိုလ် ကျောင်းသားကျောင်းသူတိုင်းကျောင်းပြန်အပ်တဲ့အခါပါချုပ်ဦးကံဇော်ရဲ့ညွန်ကြားချက်ဆိုလား အထက် ညွန်ကြားချက်ဆိုလား မသိပါပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း ၀င်ရမယ်လို့ ကျောင်းသားရေးရာက၀န်ထမ်းတွေက ကျောင်းအပ်ဖို့လာတဲ့ ကျောင်းသားကျောင်းသူတွေကို ပြောလာပါတယ်။တချို့ကဘုမသိဘမသိနဲ့ အသင်းဝင်ဖောင်တွေဖြည့်လိုက်ရပေမဲ့ ကျနော်တို့သူ ငယ်ချင်းတစ်အုပ်စုကတော့ အတိုက်အခံလုပ်ပြီးမိမိဆန္ဒမပါတာကြောင့် မ၀င်လိုကြောင်း ပြောပြီးငြင်းဆန်ခဲ့ပါတယ်။စဉ်းစားမိတာတစ်ခုကအဲဒီအချိန်တုန်းကနိုင်ငံရေးနဲ့မပတ်သက်ရဘူးလို့အမိန့်ထုတ်ထားတဲ့ပါချုပ်ဦးကံဇော်ဟာ ယခုပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတစ်ဖြစ်လဲအဲဒီတုန်းကနိုင်ငံရေးပါတီသန္ဒေတည်အသင်းအဖွဲ့တစ်ခု ကိုကျတော့ ကျောင်းသားတွေ ကိုဝင် ခိုင်းခဲ့ပါတယ်။ ဒါဟာဘာကိုသွားပြီး အမှတ်ရမိစေသလဲဆိုတော့ (မဆလ)ခေတ်မှာနိုင်ငံရေး လုပ်ချင်ရင်လမ်းစဉ်လူငယ်ထဲဝင်ခိုင်းသလို (န၀တ) (နအဖ)ခေတ်မှာနိုင်ငံရေးလုပ်ချင်ရင်ကြံ့ ဖွံ့ အသင်းကြီး(သူတို့အခေါ်ပြည်ခိုင်ဖြိုး)ထဲဝင်ဆိုပြီးနိုင်ငံရေးကိုကိုအားပေးခဲ့ပုံရပါတယ်။ အော် ….နိုင်ငံရေး …နိုင်ငံရေး ယခင်အချိန်ကကြားဖူးနေကြအတိုင်း ယခုလဲကြားနေရဆဲပါ …..နိုင်ငံရေးတွေပါမလာနဲ့တဲ့….ဟိုတလောကလဲ YIECO FAMILY ဆိုတဲ့ groupတစ်ခုကိုစီးပွားရေးတက္ကသိုလ်ကကျောင်းသားတွေပဲထင်ပြီးဝင်ကြည့်မိတဲ့အခါအဖွဲ့ဝင်ဖြစ်လိုသူတိုင်း အောက်ပါစည်းကမ်းများကိုလိုက်နာရမည်ဆိုပြီး …..နိုင်ငံရေးစာသားများနှင့်ညစ်ညမ်းစာသားများကို ရေးသားခြင်းမပြူရ ဆိုပြီးညစ်ညမ်းစာသားဆိုတဲ့စကားရပ်နဲ့ နဲ့နိုင်ငံရေးစာသား ဆိုတဲစကားရပ်နဲ့ အဆင့်တူတွဲပြီးသုံးရလောက်အောင် အသိဥာဏ်နှုံနဲ တဲ့သူတွေရှိနေပါလား လို့စိတ်မကောင်းဖြစ်မိတာအမှန်ပါ။အင်တာနက်ဆိုင်အချို့မှာလဲယခုအချိန်ထိ ညစ်ညမ်း website များနှင့် နိုင်ငံရေး website များကြည့်ရှုခွင့်မပြုဆိုပဲ..။ လူငယ်တစ်စုမဂ္ဂဇင်းစုထုတ်မယ် ကြားတော့စိတ်ဝင်စားပြီး သူတို့မဂ္ဂဇင်း ကော်မတီကော်မတီအစည်းအဝေးကိုသွားလေ့လာကြည့်တဲ့အခါမဂ္ဂဇင်းစာမူများလက်ခံရာမှာ နိုင်ငံရေးအဆိပ်အတောက်ဖြစ်စေမယ့်စာမူများ စာသားများ ဆောင်းပါးများကို ထည့်သွင်းဖော်ပြမည် မဟုတ်ပါတဲ့။ ကျနော်နားမလည်နိုင်ပါ နိုင်ငံရေးအဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့ စာသားကိုဘာမှအတွေ့အကြုံမရှိသေးတဲ့လူငယ်တစ်ယောက်ကဘယ်ပေတံ ဘယ်စံနှုန်းနဲ့တိုင်းတာ အကဲဖြတ်မလဲ မသိပါ အဲဒီမဂ္ဂဇင်းကိုလဲ ကျနော်စိတ်မ၀င်စားတော့တာကြောင့်ရေးထားတဲ့ ဆောင်းပါး တွေမ ပို့ဖြစ် တော့ပါ။ယခုလိုစာပေစီစစ်ရေးမှအနည်းငယ်လွပ်လပ်ခွင့်ရှိလာသောအချိန်အထိ လက်တလောထွက်ရှိနေသောစာအုပ်တိုက်တချို့မှ စာအုပ်များတွင်နိုင်ငံရေးဦးတည်ချက်နှင့်တို့တာဝန်အရေးသုံးပါးကိုမြင်နေရတုန်း ကျနော်တို့နိုင်ငံရေး ဦးတည်ချက်များကို မေ့သွားမှာစိုး၍ ထင်ပါသည်။အမှန်တောနိုင်ငံရေး (political)ဆိုတဲ့စကားလုံးမှာ မူရင်းခေါမဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပာယ်မှာ…လူများစုပေါင်းလုပ်ဆောင်ခြင်း ဟူ၍ဖြစ်ပါသည်။ တနည်းအားဖြင့်နိုင်ငံအရေးကို လူအများစုပေါင်းဆုံးဖြတ်လုပ်ဆောင်ခြင်း ကိုရည်ညွန်းရာမှဆင်းသက်လာသောစကားလုံးဖြစ်ပါတယ်။ရှေးခေတ်ကဂရိပြည်ကြီးတွင် ဘောလုံးကွင်းကဲ့သို့ လူထောင်ပေါင်းများစွာ ဆန့်သောကွင်းပြင်များတွင် လူထုစည်းဝေးပွဲများကျင်းပပြီး နိုင်ငံအရေးအရာ ကိုတိုက်ရိုက်ဒီမိုကရေစီစနစ် ကိုကျင့်သုံးခဲ့ကြတာကို ရည်ညွန်းခဲ့ပုံရပါသည်။ ယခုအချိန်မှာတော့ ကမ္ဘာ့နိုင်ငံအတော်များများတွင် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးပြီး ကိုယ်စားပြုဒီမိုကရေစီစနစ် ကိုဖော်ဆောင်ကာ ရွေးကောက်ပွဲများဖြင့်နိုင်ငံေ၇းစနစ်တစ်ရပ်ကိုပုံဖော်နေပါကြောင်း………
စည်သူမောင်

3rd Year B.Econ (stats) YIE .2007 sep

No comments:

Post a Comment