Monday, September 2, 2013

၂၀၀၇ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား သာသနာရေးဝန်ကြီးဌာန ဗိုလ်မှူးချူပ် သူရမြင့်မောင်၏သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားလွှာ

 
၆နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးသို့ သမိုင်းအား လိမ်ညှာခဲ့သော မြန်မာနိုင်ငံ အာဏာရှင်အစိုး၏သူတို့စကားနှင့် သူတို့လုပ်ရပ်များ။

၂၀၀၇ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား သာသနာရေးဝန်ကြီးဌာန ဗိုလ်မှူးချူပ် သူရမြင့်မောင်၏သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားလွှာ

ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များဘုရား………

ဆရာတော် သံဃာတော်ကြီးများအား ကျန်းကျန်းမာမာဖြင့် စုံညီစွာ ဖူးမြင်ပူဇော်ခွင့်ရပြီး ပူဇော်လျှောက်ထားခွင့် ရသဖြင့် ဝမ်းမြောက်ရပါသည် ဘုရား။

ဘုရားတပည့်တော်အား မြန်မာနိုင်ငံတွင် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သံဃာထုအား စည်းရုံးလှုံ့ဆော် ကြိုးကိုင်ခဲ့သော သံဃာအရေခြုံ သံဃာတု၊ သံဃာယောင်များနှင့်၎င်းတို့၏ နောက်ကြောင်း ဖြစ်ရပ်အမှန်များကို ဆရာတော်ကြီးများ သိရှိနိုင်စေရန် လျှောက်ထားခွင့်ပြုတော်မူပါဘုရား။ အမှန်တော့ တပည့်တော်တို့ အနေနဲ့ သံဃာနဲ့သက်ဆိုင်တဲ့ ဒီလိုဖြစ်ရပ်မှန်တွေ ဖော်ပြလျှောက်ထားရတာမျိုးကို လုံးဝမလိုလားပါဘူး ဘုရား။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်များပီပီ ဗုဒ္ဓဘုရား သာသနာတော်ကို ကြည်ညိုလေးမြတ်စွာနဲ့ သာသနာအရှည် တည်တံ့ပြန်ပွားစေရေးနဲ့ သာသနာအကျိုးကို ရည်မျှော်ကိုးပြီး ဘယ်လိုမှမတတ်သာလို့ ဒီလိုသာသနာကို ဖျက်မယ့် ကိစ္စအကြောင်းရပ်တွေကို ဝမ်းနည်းစွာ၊ စိတ်မကောင်းစွာ၊ ရှက်ရွံ့စွာနဲ့ပဲ အခုလို လျှောက်ထားခြင်းဖြစ်ပါတယ် ဘုရား။

အမှန်တော့ သာသနာရေးဆိုတာ အနှိုင်းမဲ့ အတုမရှိလွန်စွာမှပင် အထက်တန်းကျ မြင့်မြတ်လှပြီး ကြည်လင်သန့်ရှင်းသော ရေကြည် ရေပေါက်များနှင့် တူညီလှပါတယ် ဘုရား။ အဲဒီကြည်လင်သန့်ရှင်းသော တရားရေအေးများကို သောက်သုံးရခြင်းဖြင့် လောကီနယ်ပယ်တွင် ပူလောင်ရှုပ်ထွေးနေတဲ့ ဒါယကာ၊ ဒါယိကာမများရဲ့ ရင်ကို အေးမြချမ်းသာစေပါတယ် ဘုရား။ သို့သော် မကြားသေးမီအချိန်က ဖြစ်ပျက်သွားတဲ့ ပြဿနာရပ်များကို ကြည့်ရှုမည်ဆိုပါက ကြည်လင်သန့်ရှင်း မွန်မြတ်လှသော ရေကြည်ရေသန့်အားမရိုးသားမဖြောင့်မတ်သောအဖျက်သမားတစ်စုကဝင်ရောက်အရောင်ဆိုးပေးလိုက်တဲ့အတွက်ခေတ္တခဏအနည်းငယ်မျှသောသံဃာတစ်စုအတွင်းနောက်ကျိညစ်နွမ်းသွားရခြင်းပဲ ဖြစ်ပါတယ် ဘုရား။

ဆရာတော်ကြီးများသိပြီးဖြစ်သည့်အတိုင်းပြည်တွင်းပြည်ပရှိအဖျက်သမားအမှောင့်လုပ်ဆောင်နေကြတဲ့ မသာမာသူ လူတစ်စုရဲ့စဉ်စက်မပြတ်သွေးထိုးလှုံ့ဆော်မှု လုပ်ရပ်များကြောင့် ၂၀၀၇ ခုနှစ်သြဂုတ်လနှင့်စက်တင်ဘာလများအတွင်းမှာ သံဃာဆူပူဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့ရပါတယ် ဘုရား။ ဒီသံဃာလှုပ်ရှားမှု မဖြစ်ပေါ်မီကတည်းကပင် သံဃာအရေခြုံထားတဲ့ ထောင်ထွက် သံဃာအတုအယောင်များဟာ အဲဒီလုပ်ရှားမှုများ ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်စီမံစိုင်းပြင်းခဲ့ကြတာကို တပည့်တော်တို့စစ်ဆေးတွေ့ရှိပါတယ် ဘုရား။

ဖြစ်ပေါ်ခဲ့တဲ့ သံဃာဆူပူလှုပ်ရှားမှုများရဲ့ ကနဦး ဦးဆောင်အဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂအဖွဲ့ချုပ်ကို ၂၀၀၇ ခုနှစ် ဇွန်လမှာ သံဃာခုနှစ်ပါးနဲ့ ဖွဲ့စည်းခဲ့ပါတယ် ဘုရား။ အဲဒီ သံဃာတွေကတော့မဂ္ဂင်ကျောင်းသင်္ဃာန်းကျွန်းမှ ဦးပညာဇောတ၊ (ခ) နတ်စော - ဥက္ကဌ၊ ပဲခူးကျောင်း မင်္ဂလာတောင်ညွန့်မှ ဦးဝိသုဒ္ဒစာရ - အတွင်းရေးမှူးဖြစ်ပြီး အဖွဲ့ဝင်များမှာ နဂါးရုံကျောင်း၊ ကမ္ဘာဦးကျောင်းမှ ဦးဥတ္တရ (ခ) နဂါး၊ ညောင်တုန်းကျောင်း ပုဇွန်တောင်မှ ဦးစန္ဒိမာ (ခ) အပုလေး၊ ပဏ္ဍိတာရာမကျောင်းတိုက် မန္တလေးမှ ဦးဂမ္ဘီရ(ခ) ဦးစန္ဒောဘာသ(ခ) လှိုင်ဘွား (ခ) ညီညီလွင်၊ ဦးကေသရ (ခ) ဦးကေ (ကျောင်းတိုက်စုံစမ်းဆဲ)၊ ဦးသြဘာသ၊ ဦးပါမောက္ခ (ကျောင်းတိုက်စုံစမ်းဆဲ) တို့ဖြစ်ကြပါတယ် ဘုရား။ ဖော်ပြပါ နတ်စော၊ နဂါး၊ အပုလေးဆိုတဲ့ အမည်တွေဟာ ၎င်းတို့ထောင်ကျစဉ်က ထောင်ထဲမှာ အချင်းချင်း မှည့်ခေါ်ကြတဲ့ အမည်ဝှက် (အမည်ပြောင်)များသာဖြစ်ပြီး အဲဒီအကြောင်းများကို နောက်ပိုင်းမှာ တပည့်တော် အသေးစိတ်လျှောက်ထားရှင်းလင်းသွားမှာဖြစ်ပါတယ် ဘုရား။ အဲဒီ ရဟန်းပျိုများ သမဂ္ဂရဲ့စည်းရုံးလှုံ့ဆော်မှုနဲ့ သြဂုတ် ၂၈ ရက်မှာ စစ်တွေမြို့၌ သံဃာတော်အပါး ၁၄၀ ခန့်က ကုန်ဈေးနှုန်း ကျဆင်းရေးဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြမှု၊ စက်တင်ဘာ (၅) ရက် (၆) ရက်များတွင်  ပခုက္ကူမြို့၌ သံဃာတော်အပါး ၆၀ ခန့်က လမ်းရှောက်ပရိတ်ရွတ် မေတ္တာပို့သည်ဆိုသော အနုနည်း ဆန့်ကျင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါတယ် ဘုရား။

ဆက်လက်၍ ပုခုက္ကူမြို့သံဃာများ စီတန်းလမ်းလျှောက် ဆန္ဒပြမှုမှာ လုံခြုံရေးတပ်ဖွဲ့များရဲ့ အရေးယူဆောင်ရွက်မှုတွေအပေါ် မကျေနပ်ကြောင်း အကြောင်းပြုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အမည်ခံအဖွဲ့က (၁) တာဝန်ရှိသူများက ဝန်ချတောင်းပန်မှုပြုရေး၊ (၂) ပြည်သူများ စားဝတ်နေရေး ပြေလည်ရေး၊ (၃) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ (၄) အမျိုးသားပြန်လည်သင့်မြတ်ရေးစတဲ့ အချက်လေးချက်ကို တောင်းဆိုခဲ့ကြပါတယ်။ ဒါအပြင် အဲဒီ တောင်းဆိုချက်တွေအပေါ် တာဝန်ရှိသူများက မလိုက်လျောပါက စက်တင်ဘာ ၁၈ ရက်မှာ ကံဆောင်မှုပြုလုပ်မည်ဖြစ်ကြောင်း မီဒီယာများမှ တစ်ဆင့် ကြိုတင်အချက်ပေးလှုံဆော်မှုများ ပြုလုပ်ခဲ့ပါတယ် ဘုရား။



ဆက်လက်ဖော်ပြပေးပါမည်။အရှင်ထာဝရ

No comments:

Post a Comment