Sunday, January 31, 2010
စစ်အာဏာရှင်များမှာ မြန်မာပြည်ရောင်းနေသည် (ပုံ - နအဖ)။
မြန်မာပြည်ရောင်းရန်ရှိသည် (ပုံ - နအဖ)။
လာပြန်ပြီ။ “နိုင်ငံပိုင် (ဆိပ်ကမ်းများ) ပုဂ္ဂလိကသို့  လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်” တဲ့။
စာသားလေးကတော့ မသိရင် တိုင်းပြည်တိုးတက်ဖို့ အတွက် ပုဂ္ဂလိကလုပ်ငန်းတွေ အားပေးတယ်လို့  ထင်ကြမှာဘဲ။ နအဖက အားပေးနေပါတယ် ပုဂ္ဂလိကလုပ်ငန်းတွေလေ … နအဖသန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများ အပေါင်းအပါတစ်သိုက်ရဲ့ ဆွေမျိုးသားချင်းတွေ ကပ်ဖားယက်ဖား စီးပွားရေးသမားကြီးတွေ မောင်ပိုင်စီးလုပ်ကိုင်နေကြတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေပါ။ နအဖက သူတို့ လူတွေဘဲ ကြီးစိုးချယ်လှယ်လုပ်ကိုင်နေတဲ့ စီးပွားရေးအတ္တသမားကြီးတွေ လက်ထဲ လွှဲပြောင်းလုပ်ခိုင်းလိုက်တာကိုဘဲ လိမ်ဆင်ကြီးနဲ့  စကားလုံးအလှလေးတွေနဲ့ ဖေါ်ပြနေလေရဲ့ ။
အခြားနိုင်ငံတွေမှာတော့ တိုင်းပြည်ရဲ့  အဓိကအရေးကြီးတဲ့ လုပ်ငန်းတွေကို နိုင်ငံပိုင်အနေနဲ့  နိုင်ငံကို အုပ်ချူပ်နေတဲ့ ပြည်သူ့ ကိုယ်စားပြု ပြည်သူ့ အစိုးရကိုယ်တိုင်က ထိန်းသိမ်းကြီးကြပ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မြှင့်မားအောင် လုပ်ကိုင်နေပေမယ့် ကျွန်တော်တို့  မြန်မာနိုင်ငံမှာတော့ မတရားကြီးစိုးနေတဲ့ နအဖက တိုင်းပြည်ပိုင်တွေ နိုင်ငံပိုင်အဆောက်အဦးတွေ သယံဇာတတွေ လုပ်ငန်းကြီးတွေ ရေမြေတောတောင်သဘ၀တွေကို ထင်ရာစိုင်းပြီး ရောင်းစားလို့ နေပါတော့တယ်။
အခုလို ၂၀၁၀ ခုနှစ်ကာလအတွင်းမှာ သန်းရွှေတို့  နအဖတွေ ပြည်သူပိုင်ပစ္စည်းတွေကို ကသုတ်ကရက်နဲ့  ခပ်မြန်မြန်ရောင်းစားနေကြတာ အင်မတန် မရိုးသားသော မိုက်ရိုင်းသော လုပ်ရပ်ဖြစ်ပါတယ်။ သန်းရွှေတို့ ရဲ့  ယုတ်မာပက်စက်မှု ဖြစ်ပါတယ်။ တန်ဖိုးရှိလှတဲ့ သမိုင်းဝင်မြေနေရာတွေ အဆောက်အဦးတွေ၊ တိုင်းပြည်တစ်ခုရဲ့  ၀င်ငွေအတွက် အဓိကအရေးကြီး အခရာကျလှတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ကြွယ်ဝလှတဲ့ သယံဇာတပစ္စည်းတွေ၊ ရေမြေအောက်က ပေါများလှတဲ့ ကျောက်မျက်ရတနာတွေ သဘာဝဓါတ်ငွေ့ တွေ လောင်စာဆီတွေ အကုန်လုံးကို ယူနီဖောင်းအရေခြုံထားကြတဲ့ နအဖ သန်းရွှေနဲ့ နအဖဗိုလ်ချူပ်ကြီးတွေက ပုဂ္ဂလိကအမည်ခံ သူတို့ ရဲ့  သားသမီးတွေ ဆွေမျိုးသားချင်းတွေ စီးပွားရေးလုပ်ဖော်ကိုင်ဘက်တွေလက်ထဲ အခုကတည်းက ရောက်နေအောင် ပိုင်ဆိုင်နေအောင် လုပ်နေကြပါတယ်။ နောင် မြန်မာပြည်ကို သူတို့ ဘဲ ဆက်အုပ်ချူပ်လို့ ဘဲဖြစ်ဖြစ် အခြားသူတွေ အုပ်ချူပ်လို့ ဘဲဖြစ်ဖြစ် သူတို့ လက်ထဲရောက်နှင့်နေပြီးသားဖြစ်အောင် မိုက်မိုက်ရိုင်းရိုင်းနဲ့  နိုင်ငံပိုင်တွေကို အနုနည်းနဲ့  မောင်ပိုင်စီးထားတာ ဖြစ်ပါတော့တယ်။
နောင်ဆိုရင် နိုင်ငံပိုင်ဆိုတာ ခပ်ရှားရှားနဲ့ ဖြစ်ပြီး ရှိမယ့်နိုင်ငံပိုင်ဆိုတာကလည်း အရေးမပါ အရာမရောက်တဲ့ လုပ်ငန်းလေးတွေနဲ့  နောင်တက်မယ့်အစိုးရကို အမည်သာခံထားစေပြီး တိုင်းပြည်ရဲ့  အရေးကြီးသောစီးပွားရေးလုပ်ငန်းကြီးတွေအားလုံးနီးပါး အခု နအဖရဲ့  လူတွေက ဆုပ်ကိုင်ချယ်လှယ်ထားတော့မှာပါ။ နအဖဟာ တိုင်းပြည်နဲ့  လူမျိုးကို လက်နက်အာဏာနဲ့  ကြာကြာအုပ်စိုးထားဖို့ မလွယ်တော့တဲ့အခြေအနေမှာ အနာဂတ်မြန်မာပြည်ရဲ့  စီးပွားရေးကို ချယ်လှယ်ချုပ်ကိုင်ထားဖို့  သန်းရွှေတို့ ရဲ့  ယုတ်မာပက်စက်သော ခြေလှမ်းဖြစ်ပါတော့တယ်။ မြန်မာပြည်သူပြည်သားတွေကို အာဏာကျွန် စစ်ကျွန်အဖြစ်နဲ့  သွတ်သွင်းခဲ့ရုံအားမရသေး ငွေကျွန်အဖြစ်ပါ တစ်သက်လုံး သားစဉ်မြေးဆက် နလန်မထူနိုင်ဘဲ ဆက်ခံနေရအောင် လုပ်တာဖြစ်ပါတယ်။
နအဖဟာ မြန်မာ့မြေရော ရေရော ရောင်းနေတာ အတော့်ကုန်နေပြီမို့  မြန်မာ့လေပါ ရောင်းလို့ ရ ရောင်းဦးမှာပါ။ မြန်မာပြည်သူပြည်သားတွေ စက္ကန့် တိုင်း ရှူနေရတဲ့ လေတောင် ရောင်းစားလို့ ရရင် ရောင်းစားဦးမယ့် နအဖပါ။
နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများ) သို့  လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်” တဲ့။
ဒီတော့ ကျွန်တော်တို့  ပြည်သူပြည်သားတွေ ဘာလုပ်ကြမလည်း။ ကျွန်တော်တို့  နိုင်ငံပိုင်ပစ္စည်းတွေကို ကာကွယ်ကြရမှာပါ။ ပြည်သူပိုင်ပစ္စည်းတွေကို နအဖပုဂ္ဂုလိကလက်ထဲ မရောက်ဖို့  အတတ်နိုင်ဆုံး ကာကွယ်ကြရမှာပါ။ ရောက်နေတဲ့ လုပ်ငန်းစီးပွားများနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်ကျိုးအတ္တစီးပွားရေးသမားကြီးတွေ ဆက်လက်ကြီးပွားမနေတော့အောင် ပြည်သူ့ အတိုင်းအတာအင်အားနဲ့  သပိတ်မှောက်ကြရမှာပါ။ ဒီနအဖမိသားစုတွေရဲ့  စီးပွားရေးလုပ်ငန်းကြီးတွေကို အားမပေးကြဘဲ အမျိုးသားတော်လှန်ရေးတစ်ရပ်အနေနဲ့  သူတို့ စီးပွားရေးလုပ်ငန်းတွေကို ဖျက်ဆီးပစ်ကြရမှာ ဖြစ်ပါတယ်။
တိုင်းသူပြည်သားတွေကို ဂုတ်ခွထိုင်ပြီး ညဉ်းပမ်းနှိပ်စက်နေရုံသာမက တိုင်းပြည်ရဲ့  အသွေးအသားအနှစ်တွေကို ဂုတ်သွေးစုတ်နေတဲ့၊ တိုင်းပြည်ပိုင် နိုင်ငံပိုင်တွေကို မောင်ပိုင်စီးနေတဲ့သူတွေကို တော်လှန်ကြပါ။
နအဖက ပေါ်တင်ဗြောင်ပြောနေပြီ။ နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများထံ) သို့  လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်” တဲ့။
မြန်မာပြည်သူပြည်သားများအားလုံးကနေ အမြန်လုပ်ဆောင်ရမယ့် အမျိုးသားရေးတာဝန်ကတော့ နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများ) ထံ မရောက်ကြစေဖို့ ၊ ပုဂ္ဂလိက (နအဖလူများ) လက်ထဲ မတရား ရောက်ရှိနေသော နိုင်ငံပိုင် (ပြည်သူပိုင်) လုပ်ငန်းများကို ပြည်သူပိုင်ပြန်သိမ်းနိုင်ဖို့ အတွက် နအဖအာဏာရူးတွေကို ခြေမှုန်းကြဖို့ ပါဘဲခင်ဗျာ။ ကိုနစ်အားကျေးဇူးတင်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment