Monday, January 11, 2010

အသိ.......


ဆရာတော်တို့ -

ဆရာတော်တို့နိုင်ငံမှာ
သူတို့ရဲ့ဝမ်းစာ - တစ်ခွက်တာကို
တစ်ဝက်လှူနေတဲ့ - ဆင်းရဲသားပြည်သူ
အနာဂတ်ပညာရေး - ရင်လေးစရာကောင်းတဲ့
အသိဥာဏ်မကြွယ် - ကလေးသူငယ်တွေ
ဗုဒ္ဓစာပေမပေါက် - အတန်းစာလည်း မမြောက်
သင်ကြားနေစား - ကျောင်းသားများနဲ့
မိဘမဲ့ဆင်းရဲသား - ခိုနားစရာ ရှားတဲ့
လူတွေများပြား စောင့်စားနေတယ်။

ကျောင်းသားတို့ -

ကျောင်းသားတို့ရဲ့နိုင်ငံမှာ
ပညာရေးနိမ့်ကျ - စနစ်တကျ မရှိလှတဲ့
ကျောင်းသင်ခန်းစာ - မရေမရာနဲ့
စာမေးပွဲနီး - ခိုးချပြီးအောင်
လုပ်ထားတဲ့စနစ် - နားလည်သင့်ပြီ
ကမ္ဘာ့ကျောင်းသား - ထိုသူများနဲ့
ပညာအရာယှဉ် - နှိုင်းဆကြည့်ရင်
ကွန်ပျူတာတစ်လုံး - လုံးလုံးမှ မမြင်ဖူးတဲ့
ကျောင်းသားတို့ရဲ့ မမျှတတဲ့ ဘ၀ပါ။

ရဲဘော်တို့ -

ရဲဘော်တို့နိုင်ငံမှာ
ကောက်ကျစ်တဲ့စနစ် - ဗလပျစ်နဲ့
ခင်ဗျားတို့ရဲ့မိဘ - မောင်နှမပြည်သူ
တိုင်းရင်းသားလူထု - မျိုးချစ်လူထုနဲ့
သွေးခွဲရန်တိုက် - စည်းစိမ်ခိုက်နေတဲ့
ပြည်သူတို့ရဲ့ရတနာ - ကုဋေကုဋာကို
မတရားရယူ - အပေးအယူအနေနဲ့
ကျွန်စာတမျှ - ပေးနေကြတဲ့
အာဏာရှင်တစ်စုကို ဆန့်ကျင်ပါ။

ဒါ့ကြောင့် -

နိုင်ငံရေးဆိုတာ ဆွမ်းဒကာ ဆွမ်းအမ အရေးပါ၊
ပညာရေးဆိုတာ သင်တို့ရဲ့ အနာဂတ်ဘ၀ အရေးပါ၊
စစ်သားဆိုတာ အာဏာရှင်တို့ရဲ့ လက်ပါးစေ မဖြစ်သင့်ပါ၊
ဒီသုံးချက်ကို ဦးထိပ်ရွက်မယ်ဆိုရင်
တို့များရဲ့မိဘ မောင်နှမနဲ့
ဆွေမျိုးသားချင်း ညီအစ်ကိုရင်းများ
နောင်တခေတ် မြန်ပြည်ဟာ
ကမ္ဘာ့ရင်ဘောင်တန်းနိုင်ပြီဗျာ။

အရှင်(ရွှေဝါရောင်)Ashin (Saffron)။

ရွှေဝါရောင် သံဃာ-ကျောင်းသား-လူထု ပူပေါင်းလှုပ်ရှားမှု့ အဖွဲ့ (Saffron Monks-Students-People Alliance) (SMSPA)၊

ရွှေဝါရောင်သောတုဇနဘိက္ခူ သံဃာ့အဖွဲ့ ကြီး (Saffron Young Monks Organization) (SYMO)၊

လွတ်လပ်သောစာပေနှင့်အနုပညာအဖွဲ့ (Free Literature and Art Organization) (FLAO) တို့  ပူပေါင်းဖြန့် ဝေသည်။

No comments:

Post a Comment