Wednesday, February 10, 2010

ကိုညီညီအောင် ထောင်သုံးနှစ်

ချင်းမိုင်(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ အလည်ပတ် သွားရောက်ခဲ့သော
အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုညီညီအောင်ကို အင်းစိန်ထောင်တွင်း
တရားရုံးက ထောင်ဒဏ် ၃ နှစ် ယနေ့ချမှတ်လိုက်သည်။

ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင် (၄ဝ နှစ်) အား အင်းစိန်ထောင်တွင်း
တောင်ပိုင်းခရိုင် တရားရုံးက ယနေ့နံနက်က ပြုလုပ်သော တရားခွင်တွင်
မှတ်ပုံတင်အတု ကိုင်ဆောင်မှု ပုဒ်မ ၄၆၈၊ နိုင်ငံခြားငွေ လဲလှယ်မှု ပုဒ်မ ၂၄
(၁) ၊ မှတ်ပုံတင် ဥပဒေ ၆ (၃) တို့ဖြင့် စီရင်ချက်ချလိုက်ခြင်း ဖြစ်သည
တပါးသူတဦး၏ မှတ်ပုံတင်တွင် ဓာတ်ပုံ ပြောင်းလဲကပ်သည်ဆိုသော ပုဒ်မ ၄၆၈
အမှုအရ ထောင် ၃ နှစ် ချလိုက်ပြီး ကျန်အမှုများကို ၁ နှစ်စီ ချမှတ်ခဲ့သည်။
သို့သော် တပေါင်းတည်း ကျခံရမည်ဟု တရားသူကြီးက ဆုံးဖြတ်ပေးခဲ့သည်။

“ပြစ်ဒဏ်တွေကို တပေါင်းတည်းကျခံရမယ်လို့ အမိန့်ထဲမှာပါတယ်။ အဲဒါကြောင့် ၃
နှစ်ဘဲကျခံရမယ်” ကိုညီညီအောင်၏ ရှေ့နေ ဦးဥာဏ်ဝင်းကဟု ပြောသည်။

တရားရုံးချိန်းသို့ ရန်ကုန်ရှိ အမေရိကန် ကောင်စစ်ဝန် အပါအဝင်
နှစ်ဦးတို့လည်း တက်ရောက် နားထောင်ခဲ့သည်။

တောခို ကျောင်းသားဟောင်း ကိုညီညီအောင်အား ပြစ်ဒဏ် ၃ နှစ်
ချမှတ်လိုက်သည့်အပေါ် ဥပဒေအရ အကာအကွယ် အပြည့်အဝရသည်ဟု မယူဆကြောင်း ရှေ့နေ
ဦးဥာဏ်ဝင်းက သုံးသပ်ပြီး အယူခံတက်မည်ဟု ပြောသည်။

“ဥပဒေအရ အကာအကွယ် အပြည့်အဝ ရတယ်လို့ မယူဆဘူး။ ဥပဒေအရတော့ အယူခံ
တက်ဦးမှာပါ။ ပြစ်ဒဏ် အနေနဲ့တော့ ပေးတာ တရားမျှတမှုရှိတယ်။ ဒါပေမဲ့လို့
ပြစ်ဒဏ်ပေးဖို့ သုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး ဥပဒေအရ လက်မခံနိုင်တာတွေ
ရှိတယ်။ အသေးစိတ်ကိုတော့ အယူခံတင်မှ ပြောနိုင်မယ်” ဟု သူက ပြောသည်။

ထောင်တွင်း လူသားဆန်စွာ ပြုမူဆက်ဆံရေး အစာငတ်ခံ ဆန္ဒပြသဖြင့်
တိုက်ပိတ်ခြင်းခံရသော်လည်း ကိုညီညီအောင်သည် ကျန်းမာရေးနှင့်
စိတ်ဓါတ်ရေးရာလည်း ကောင်းမွန်သည်ဟု သိရသည်။

No comments:

Post a Comment