Thursday, March 18, 2010

ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်ခွဲတစ်ခု မြန်မာနိုင်ငံ၌ ဧပြီလတွင် ဖွင့်လှစ်ရန်စီစဉ်

ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်ခွဲတစ်ခု မြန်မာနိုင်ငံ၌ ဧပြီလတွင် ဖွင့်လှစ်ရန်စီစဉ်




ဘဏ်ခွဲဖွင့်လှစ်မည့် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ အဆောက်အအုံကို တွေ့ရစဉ်

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဘဏ်တစ်ခုဖြစ်သော ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ် (BIDV) မှ ဘဏ်ခွဲတစ်ခု မြန်မာနိုင်ငံ၌ ဧပြီလတွင် ဖွင့်လှစ်ရန်စီစဉ်နေကြောင်း သတင်းရရှိပါသည်။


အဆိုပါဘဏ်ခွဲကို အင်းလျားကန်ပေါင်အနီး ပြည်လမ်းမပေါ်ရှိ အဆောက်အအုံတစ်ခုအား ငှားရမ်းဖွင့်လှစ်ရန် စီစဉ်နေပြီး ယခုအခါ အတွင်းပိုင်းပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း သိရသည်။


ဘဏ်လုပ်ငန်းဆိုင်ရာ ဆုတံဆိပ်များရရှိထားသော အဆိုပါ ဘဏ်သည် ဗီယက်နမ်နိုင်ငံ၌ ၁၉၅၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အစိုးရပိုင်ဖြစ်ကာ ဘဏ်ခွဲ ပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထားသော ဘဏ်ဖြစ်ကြောင်းသိရသည်။


အဆိုပါဘဏ်သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဘဏ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်လာရေးကို အထောက်အကူ ဖြစ်စေနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။


မတ်လ ၂ ရက်နေ့တွင် စတင်ခဲ့သည့် ရန်ကုန်-ဟနွိုင်း တိုက်ရိုက် လေကြောင်းလိုင်းဖွင့်လှစ်ပြီးနောက် တွင် Bank for Investment and Development of Vietnam အနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး နှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ဘဏ်ခွဲတစ်ခုကို မြန်မာပြည်အခြေစိုက် အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


မြန်မာနှင့် ဗီယက်နမ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ အသာစီးရနေကြောင်းနှင့် နှစ်နိုင်ငံကုန် သွယ်မှုပမာဏမှာ ယခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၂၀၀ ထိ ရှိလာရန် ခန့်မှန်းထားကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံရုံးတာဝန်ရှိသူတစ်ဦး က ရန်ကုန်မြို့၌ မတ်လ ၂ ရက်နေ့တွင် ပြောကြားထားသည်။


နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၀၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၇ သန်းကျော်၊ ၂၀၀၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၇ သန်းနှင့် ၂၀၀၈ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၈ သန်း ကျော်ရှိခဲ့ကြောင်း သိရသည်။


ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကပို့ကုန်တင်ပို့ နေသော နိုင်ငံများတွင် အဆင့် ၁၆ ၌ ရှိနေ ပြီး သွင်းကုန်တွင်မူ အဆင့် ၁၁ ၌ ရှိနေကြောင်း သိရသည်။


မြန်မာနိုင်ငံမှ ဗီယက်နမ် နိုင်ငံသို့ သစ်တောထွက်ပစ္စည်း၊ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ကုန် ပစ္စည်းများ တင်ပို့နေပြီး ဗီယက်နမ်နိုင်ငံမှ စတီး၊ လျပ်စစ် ပစ္စည်း၊ ဆေးဝါး၊ စက်ရုံသုံးပစ္စည်း၊ ဓာတုထုတ်ကုန်ပစ္စည်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း၊ အလှကုန် တို့ကိုတင်သွင်းနေကြောင်း သိရသည်။

အီမေလ်သို့ပေးလာချင်းကို ဖော်ပြပါသည်........

No comments:

Post a Comment