Thursday, January 13, 2011

သက္ကရာဇ် ၂၁၀၀ တွင် မူလတန်းသင်ရိုးမှာ ပြဌာန်းလိုက်သောကဗျာ ဖိုး သိကြား

သက္ကရာဇ် ၂၁၀၀ တွင် မူလတန်းသင်ရိုးမှာ ပြဌာန်းလိုက်သောကဗျာ

မောင်ရင်ငယ်သွေး နာဘိသေးလော့

ရှေးသရောအခါ ပြည်မြန်မာဝယ်

ဒေါ်လာသန်းနှစ်ထောင် ကြွယ်ဝဆောင်သော

လူပေါလူမိုက် ဒုစရိုက်များ

ကန်ထရိုက်ဆွဲ လက်ကိုင်မြဲသည့်

မင်းဆိုးမင်းညစ် မင်းယုတ်တပါး

ထင်ရှားဖူးသည်။

ဗုဒ္ဓဘာသာ ခံယူပါလျက်

ရက်စက်တာက အံ့လောက်ဖွယ်ရာ

သံဃာတော်သတ် ဖမ်းနှိပ်စက်၍

ဒေ၀ဒတ်ထုံး နှလုံးမူကာ

ပြုမူဆက်ဆံ ယုတ်မာပြန်လို့

သံဃာတို့သွေး မြေသို့ပေးအပ်

ဆင်းသက်ခဲ့သည်။

တိုင်းပြည်ဘဏ္ဍာ ပြည့်ဥစ္စာကို

အုပ်ကာစိုးမိုး ခိုးထုတ်တဖုံ

ဆိုးယုတ်ပုံက ပေါ်တင်တလီ

အဓ္ဓမတသွယ် သိမ်းပိုက်လွယ်လို့

ကုဋေကြွယ်စေ ဒေါ်လာငွေသုံး

မြေးတော်ပြုံးရန် မန်ယူကိုဖန်

ဝယ်ဖို့ကြံသည်။

မင်းကျင့်တရား ၁၀ပါးမညီ

အုပ်ချုပ်သည်မို့ ထိုတိုင်းပြည်မှာ

ရာသီမမှန် မုန်တိုင်းဒဏ်သင့်

ဘေးရန်နင့်လို့ ပြည်သူအပေါင်း

ထောင်းထောင်းကိုယ်စိတ် ကွဲကြေရိပ်အောက်

ကျရောက်ခံစား ဒုက္ခများပြီး

သုခရှားခဲ့ကြရသည်။

တိုင်းသူပြည်သား အများဆန္ဒ

မှန်သမျှအား အလေးမမူ

ပြုမူသည်ကား မိန်းမယောက်ျား

အားလုံးခေါ်ထုတ် မလုပ်မရ

ထမ်းရွက်ကြဟု စစ်တပ်အတွင်း

သွပ်သွင်းကာသာ အာဏာမြဲရေး

ဦးစားပေးသည်။

ထိုမင်းလက်ထက် တိုင်းပြည်ပျက်သို့

အဖက်ဖက်မှာ ဆုတ်ယုတ်သော်ငြား

ထုတ်ဖော်ကြားသည့် စကားမတော်

လျော်ကန်မသင့် ပြောဆိုဝံ့တာ

အံ့သြစရာကား..

သူရဲ့တိုင်းပြည် တိုးတက်ပြီတဲ့

ရှက်ဖွယ်လိလိ ထိုထိုစကား

ပြောဆိုကြားသော ဘုရင်ကြီးအား

မောင်တို့မှတ်သား ဆင်ခြင်သွားလော့

ထိုသို့ဆင်ခြင် သုံးသပ်မြင်လို့

မောင်တို့တိုင်းပြည် တိုးတက်အောင်ပြု

ကောင်ကျိုးမှုနဲ့ တည်ထောင်သွားလေ

မောင်တို့သမိုင်း မရိုင်းရအောင်ဆောင်ကြလေ...။


အထက်ပါကဗျာမှ ဘုရင်ကြီးမှာ မည်သူဆိုသည်ကိုတော့ မရေးပြတော့ပါ..။
အားလုံးကိုချစ်ခင်လေးစားသော..ဖိုးသိကြား(၁၃-၁၁-၁၀)

အာဏာရှင်စနစ်ကျဆုံးပါစေ...
မြန်မာပြည်သူများ စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ပါစေ...။ ဖိုး သိကြား

No comments:

Post a Comment