Wednesday, February 2, 2011

တောင်ဒဂုံ လူငယ် အမျိုးသမီးများ ပေါင်းစုတင်ပြချက်..

.


ရှင်တို့ကို ကျမနည်းနည်း ပြောချင်တယ်၊ ဆရာလုပ်တယ်လို့ မခံစားဘဲ… စာကိုပြီးတဲ့အထိ ဖတ်ပေးဖို့နဲ့ ဒုတိယအတွေး ဖြစ်နိုင်မယ်ဆိုရင်… တွေးပေးပေါ့။ ကျမပြောပြရတာ ရှင်တို့အတွက် အဓိပ္ပါယ်ရှိမယ်လို့ ခံစားရပါတယ်။ ဒါကတော့ သတိဖြစ်စေ အမှတ်ရစေ…စသဖြင့်ပေါ့… ဖြစ်နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။
 
ခက်တယ်ရှင့်… အပြင်မှာနေနေ အတွင်းမှာနေနေ အများအတွက် မလုပ်ချင်တဲ့ မလုပ်လိုတဲ့ မြန်မာနိုင်ငံသားတွေ ဘာကြောင့်များနေတာလဲဆိုတာ အတိုက်အခံအင်အားစုတွေ၊ အပြောင်းအလဲလိုလားသူတွေ၊ စစ်အာဏာရှင်စနစ် ရုပ်သိမ်းလိုသူတွေ၊ ဖယ်ရှားချင်သူတွေ၊ မတရားမှုကို လက်မခံနိုင်သူတွေ၊ ဒီမိုကရက်တစ် ကျင့်စဉ်ကို ဖော်ဆောင် - တည်ဆောက် လိုသူတွေ၊ လူ့အခွင့်အရေးကို အလေးထားသူတွေ၊ ဖိနှိပ်မှုနဲဆင်းရဲမွဲတေမှုကို မနှစ်သက်သူတွေ အားလုံး အရေးကြီးပါတယ်။<


ဘာလိုလဲဆိုတော့… မြန်မာနိုင်ငံမှာ အခြေခံကျကျ နေထိုင်ရတဲ့ နိုင်ငံသားတွေဟာ နေ့စဉ် စား-၀တ်-နေရေး အတော်ကို ရုန်းနေရတဲ့ ကာလဆိုတာ ကျမ အထွေအထူး ရှင်းပြဖို့လိုမယ် မထင်ပါဘူး။ ဒီအတွက် နည်းနည်းဘဲ ပြောပြချင်တယ်။ ဥပမာ - တစ်နေ့လုပ်မှ ညနေပြန်ရင် ထမင်းစားကြရတဲ့ မိသားစုတွေဘ၀မှာ ဘယ်ကလာပြီး အနာဂတ်တို့-လူ့အခွင့်အရေးတို့-ပညာရေး-ကျန်းမာရေး၊ မတရားမှု-ဖိနှိပ်မှု-အနိုင်ကျင့်မှု-စနစ်ဆိုး၊ ချုပ်ကိုင်လွှမ်းမိုး နေခြင်းကို ဘယ်လိုလုပ်ပြီး တွေးတော စဉ်းစား နိုင်မှာလဲ။ ကြိုးပမ်းနေရတာက ကြားတာကို စိတ်ထဲအရောက် ပို့နိုင်ဖို့ အတော်ကို ခက်ခက် ခဲခဲပါဘဲ။ ဒေါသရှိလား ပေါက်ကွဲနေလား မမေးပါနဲ့ သိနေသလိုလိုဆိုတာ သေချာတယ်။ ဒါပေမယ့် တရားခြင်းနဲ မတရားခြင်းကို သေသေချာချာ ခွဲခြား မပြတတ်တာဘဲ ရှိလိမ့်မယ်။ ဒါကလဲ အချိန်ရှိသမျှ တနေကုန် အလုပ်လုပ်မှ မိသားစု မ၀တ၀ ထမင်းစားရမယ့် အခြေအနေ ဖြစ်နေတာ…ကျော်ချင်လား ဒီဒုက္ခတွေကိုလို့ မမေးပါနဲ သေချာတယ်။ ကျော်လို့ရမယ်ဆိုရင်တော့ အမြန်ဆုံးကျော်လွန်ချင်တယ်။ သိနေတာက မကျော်နိုင်တော့ဘူးဆိုတဲ့ အနုတ်ဆောင်တဲ့ အရှုံးပေါ်မယ့် အကြောင်းအရာတွေဘဲ ဘ၀အတွေ့အကြုံနဲ ပတ်ဝန်းကျင်က လေ့ကျင့်ပေး နေတာပါဘဲ။ အပစ်ပြောလဲ ခံရမယ့် အခြေခံ လူထုဘ၀တွေကို ဦးဆောင်ကြအုံး။

ဟောကြည့်အုံးလေ…ကျမပြောမယ်လို့ စိတ်ရှိတဲ့ စာနည်းနည်းရေးမယ်လို့ တွေးထားတဲ့ သူတစ်ယောက်တောင် “ခက်တယ်ရှင်” …ဆိုတာကဘဲ စဖြစ်တယ် မဟုတ်လား။ ဘယ်လောက်များ ကျမတို့ ပတ်ဝန်းကျင်မှာ အပေါင်းမဲ့ အနူတ်ဆောင်တဲ့ အသိုင်းအ၀န်း-အခြေအနေကြီး ဖြစ်နေပြီလဲဆိုတာ ရှင်တို့လို နိုင်ငံနဲလူမျိုး တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဦးဆောင်နေတဲ့ ဖော်ဆောင်နေတဲ့ တာဝန်ယူနေတဲ့ နိုင်ငံသားတွေ- ခေါင်းဆောင်တွေ ဦးဆောင်နိုင်သူတွေ ပိုပြီးခွဲခြမ်းစိတ်ဖြာ စမ်းစစ်လေ့လာကြည့်မယ် နက်နက်နဲနဲဆက်လက်ဖြည့်ဆီး ရှာဖွေမယ်ဆို ပိုမြင်ပြီး ပိုပြင်နိုင်မှာပါ။

ဒီနေ့ခောတ်ကြီးမှာ ကမ္ဘာပြားတာလား၊ လုံးတာလား၊ ထားလိုက်ပါအုံး… နိုင်ငံသားတွေ ဖောင်းနေတာလား၊ စောင်းနေတာလား၊ ပိန်နေတာလား၊ ဂိတ်နေတာလားဆိုတဲ့ အမေးနဲအတွေး အဖြေရှာကြရင်ပိုပြီး မသင့် တော်ဘူးလားရှင်။ မရှာသင့်ဘူးလား။ ဒါကို အဖြေပေးနိုင်ကြမယ့် ဦးဆောင်သူတွေကတော့ လက်တွေ့ကျကျ အဖြေဘဲဖြစ်လာမယ်လို့ ထင်ပါတယ်။

တိုင်းပြည်နဲလူမျိုး တိုးတက်ရေးအတွက် ဘဲဥအစ ရှာမရသလိုမျိုး ပြောဆိုနေကြတာကို အချိန်ပေး နားထောင်နိုင်တဲ့ အခင်းအကျင်း အနေအထားတွေ ယနေ့မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေပါသေးတယ်။ နိုင်ငံရေး စွမ်းဆောင်သူတွေလို့ အမည်ခံထားတဲ့ အင်အားစုတွေ၊ တာဝန်ယူထားပါတယ်လို့ ပြောနေတဲ့ အစုအဖွဲတွေ၊ အုပ်ချုပ်နေပါတယ်လို့ ကြွေးကျော်နေတဲ့ အဖွဲ့အစည်းအသီးသီးမှာ သဘောတရားနဲ လက်တွေ့ယဉ်တွဲ ဖော်ဆောင် အလုပ်လုပ်နေတာ ဘယ်လောက် များများစားစား ရှိနေလဲဆိုတာကို ကျမ မေးချင်ပါတယ်။

လူမျိုးဆိုတဲ့အရာကို နည်းနည်းချဉ်းကပ်ကြည့်ပြီး သူတို့ဘ၀အခြေအနေတွေကို ဘယ်လိုမျိုးပြုပြင် တည်ဆောက်ပေးကြမှာလဲ ဆိုတာကို စဉ်းစားအဖြေရှာ ချဉ်းကပ်ဖော်ဆောင်မှ အများလိုလားတဲ့ အနာဂတ်ဆိုတာ အဓိပ္ပါယ်ရှိရှိ ပေါ်ထွက်မယ်လို့ လက်ခံထားတဲ့ ကျမအနေနဲတော့ တစ်လွှာဆီခွာချပြီး ရလဒ်ကောင်းထွက်ဖို့ထက် အကျင့်လုပ်ပြီး သိချင်စိတ်တစ်ခုကနေ… အဖြေရှာတဲ့ အနေအထားကို လုပ်ကြည့်ပါလား။

လူဘ၀ကျင်လည်မှုကို အခြေခံထား အလေးပေးပြီးတော့ မြန်မာနိုင်ငံတွင်း အပြောင်းအလဲအတွက် လုပ်ဆောင်ရမယ့် အလုပ်တွေ အများကြီးဆိုတာကို မငြင်းသာပါဘူး။ ယနေ့အားလုံး ကြားသိနေတဲ့ “(စစ်) လွှတ်တော်နဲအစိုးရသစ်” ဘာဖြစ်လာမှာလဲ… နေ့စဉ်ရှင်သန်ရေးအတွက် လှုပ်ရှားရုန်းကန်နေကြရတဲ့ နိုင်ငံသားတွေဘ၀နဲ ဘယ်လိုမျိုး တိုက်ရိုက်အချိုးကျနေလဲ။

ဒါကိုရှင်းရှင်း မြင်လာဖို့ မိဒီယာတွေ တာဝန်ကျေကျေ ပြောကြရဲ့လား။ နိုင်ငံသားတွေ ပါဝင်နိုင်မယ့် အခင်းအကျင်းကို မြင်သာထင်သာ ဖြစ်လာအောင် တင်ပြတတ်ရဲ့လား။ မဟုတ်ဘဲ… ရာခိုင်းနှုန်းတွေ အမျိုးမျိုးနဲ သုံးသပ်ချက်တွေ၊ ဆောင်းပါးတွေ၊ စာတမ်းတွေ၊ အစီရင်ခံစာတွေ ဝေေ၀စာစာ ထုတ်နေယုံကတော့ နိုင်ငံတစ်ကာရှိ ဗဟုပြည့် အဖွဲ့အစည်း ပုဂ္ဂိုလ်တွေ နားလည်နိုင်တဲ့ တင်ပြမှုတွေဘဲ လုပ်နေကြလို့ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံသားတွေရဲ့ နှလုံးသား-ဦးနှောက် လန်းဆန်း နှိုးထလာမယ့်လို့ ထင်နေကြလား။

တဘက်မှာလဲ ပြောကြပါသေးတယ်… တိုင်းပြည်ပြဿနာ နိုင်ငံသားတွေ အဓိကဆုံးဖြတ်ကြရမှာဘဲ၊ တာဝန်ယူကြရမှာဘဲ၊ ထိုက်တန်သလောက်ဘဲ၊ ပါဝင်ရမှာဘဲ… စသဖြင့်တွေကို ဘယ်လို သိရှိမြင်သာလာအောင် ကြိုးပမ်းကြမှာလဲဆိုတာ ပိုလိုများ ဇောင်းမပေး သင့်ဘူးလား။ ဒီလိုဆိုတော့ ကျမအပြစ်သံများတယ်လို့ ဆိုနိုင်ပေမယ့် သတိမမေ့ဘဲ လိုအပ်ချက်ကို မြင်စေဖို့သာ ပြောရတာပါ…။ အပေါ်မှာပြောခဲ့တာကို ပြန်လည်ပြီးတော့ ကျမအပါအ၀င်၊ စာဖတ်သူတွေနဲ ရှင်တို့ဖြေနိုင်မယ်လို့ ခန့်မှန်းထားတဲ့ အဖြေတွေကိုလဲ နည်းနည်းပြောကြည့်မယ်လေ…။

ပြည်ပမှာရှိနေတဲ့ နိုင်ငံ့အရေးလုပ်ဆောင်တဲ့ အင်အားစုတွေက… လုပ်နေကြပါတယ်၊ မြင်သာထင်သာ ရှိသလို၊ လျို့ဝှက်မှုပေါင်း များစွာလဲ ရှိနေမှာပေါ့… အားမလို-အားမရ-စိတ်ပျက်လေသံတွေ၊ အမှားတွေ အားလုံးငါမှာမရှိ၊ ငါတို့အဖွဲ့ တာဝန်မဟုတ်လို့ဆိုတဲ့ သဘောထားတွေကတော့ လျှော့လာပါပြီ (သိပ်ကောင်းတဲ့ တိုးတက်မှုပေါ့)။ ထဲထဲဝင်ဝင် လုပ်နေသူတွေကို ပြည်ပရောက် မြန်မာပြည်ဖွား တိုင်းရင်းသားမိဘ၊ ညီအကိုမောင်နှမတွေက ချဉ်းကပ်မှု အမျိုးမျိုးနဲ တတ်စွမ်းနိုင်သမျှ ပါဝင်နိုင်ဖို့ သိသိသာသာ ထိစပ်တိုးတက် လာတာကို တွေမြင်နေရ ပါတယ်။

ဘာလဲဆိုတော့ လူပုဂ္ဂိုလ်ယုံကြည်မှု အဆင့်နဲဘဲ လုပ်လို့ ရသေးတယ်။ ဘာကြောင့်လဲဆိုတော့ အများစုဟာ စစ်အာဏာရှင် စနစ်အောက်မှာ နှစ်(၅၀)ကျော် ရှင်သန်ခဲ့ရတဲ့ အကျင့်စရိုက်တွေ ဖျောက်လို့ မရသေးလို့ပါ။ တဖြေးဖြေးနဲတော့ အဖွဲ့အစည်းတွေရှိရမယ် ရည်ရွယ်ချက်-ရည်မှန်းချက်-လုပ်ငန်းစဉ်နဲ လူပုဂ္ဂိုလ်ခွဲခြား လေ့လာပိုင်းခြားနိုင်တဲ့ အစွမ်းအစ-အရည်အချင်းတွေ တိုးတက်လာနိုင်တယ်။ (စိတ်)အနာ ဖြစ်နေတဲ့ ပတ်ဝန်းကျင်တွေတော့ ရှိနေသေးတာပေါ့…ဖြစ်နိုင်တာတွေကတော့ တာဝန်ယူဖို့ မသိတာ ရှိနိုင်သလို၊ ယူချင်သော်လဲ တာဝန်မပေးတတ်တာ ရှိနိုင်ပါတယ်။ နောက်တမျိုးက… တာဝန်ယူရမှာ သိပေမယ့် စိတ်အနာ မပျောက်ကြ-အကျင့်စရိုက်မဖျောက်နိုင် မပြောင်းလဲနိုင်လို့ ရှောင်နေတာတွေလဲ ရှိနိုင်တာပေါ့။

ဒါတွေကို ဖြေးဖြေးနဲ ပုဂ္ဂိုလ်ရေးယုံကြည်မှုကနေ အဖွဲ့အစည်းတည်ဆောက်တတ်လာပြီး ယုံကြည်လုပ်ကိုင် လာဖို့တော့ ဆက်လက် ကြိုးပမ်းနေရမှာပါ။ စိတ်မပျက်ဘဲ ခိုင်ခိုင်မာမာ ဟန်ချက်ညီညီ ကြိုးပမ်းနိုင်မယ်ဆိုရင် ပြည်ပမှာရှိနေတဲ့ အင်အားစုတွေ ပိုမိုထိရောက်တဲ့ ကူညီတည်ဆောက် လေ့ကျင့်မှုများ မြန်မာ့အရေးအတွက် တိုးမြှင့်ဆောင်ရွက် လာနိုင်မှာပါ။ ပြည်တွင်းမှာလဲ တူတာတွေရှိသလို ပိုမိုထင်သာတာကတော့ ပြည်သူလူထုကြားဝင်ရောက် တည်ဆောက်မှ လေကျင့်ပေးမှ အနာဂတ် အာမခံနိုင်မယ်ဆိုတဲ့ လူငယ်-ကျောင်းသားတွေ နှလုံးသားဦးနှောက်ကြားမှာ သက်ဝင် ယုံကြည် ဖော်ဆောင်လာတာကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပြီး နောက်ပိုင်း တိုးမြှင့်လာတယ်။ ဒါကလဲ ဦးဆောင်သူယုံကြည်အားကိုးတဲ့ စိတ်ကြောင့်ပေါ့… ဒါကိုဖြေးဖြေး လေကျင့်သွားနိုင်ရင် လက်ရှိလူထုကူညီဆောင်ရှောက်ရေး စိတ်ဝင်တစားလုပ်ဆောင်နေတဲ့ အနုပညာရှင်တွေနဲ ပြည်သူလူထုဟာ တသားတည်းကျပြီး ဦးဆောင်နိုင်တဲ့ နိုင်ငံသားတွေ၊ တာဝန်ယူတတ်တဲ့ တာဝန်ယူနိုင်တဲ့ ပြည်သူလူထု ဖြစ်လာမှာကို တွေနေရပါပြီ။ အားနည်းတာတွေရှိနေပေမယ့်… ယုံကြည်ချက်တွေ ပြန်လည်ထမြောက် မွေးဖွားတဲ့ လူငယ်-ကျောင်းသား-ရဟန်းသံဃာတွေ၊ အလုပ်သမား-လယ်သမားတွေ၊ တိုင်းရင်းသား မိဘပြည်သူတွေ၊ အမျိုးသမီးတွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစုတွေ၊ မိဒီယာ အင်အားစုတွေကြားမှာ စုဖွဲ့မှုတွေနဲ ယုံကြည်လုပ်ဆောင်နိုင်တဲ့ အသိကနေ လက်တွေ့အခင်းအကျင်းတွေ တစပြီးတစ ပေါ်လာပါတယ်။

တိုင်းရင်းသား အင်အားစုတွေကြားမှာလဲ စကားလုံးအရမဟုတ်ဘဲ အနှစ်သာရရှိတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေနဲ့ အတ္တ-မာန-ကြောက်စိတ်တွေ ဘေးချပြီး… ဘာလိုလို့၊ ဘာလုပ်နေရတာလဲဆိုတဲ့ ဆွေးနွေးဖလှယ်မှုတွေကို လူငယ်-လူကြီး မျိုးဆက်တွေကြားမှာ ကျယ်ကျယ်လောင်လောင် ပြောကြသလို၊ အုပ်စုတွေကြားမှာလဲ ပွင့်လင်းမြင်သာစွာ ဖလှယ်နေတာကိုတွေ့ရတော့ ကျမစိတ်ထဲ သြော် ဒီနေရကဘဲစပြီး သွားလို့ရပါတယ်။ အနူတ်တွေနည်းလာပြီဆိုရင်တော့ ရှင်တို့အားလုံး အပေါင်းဆောင်တဲ့ ဒေါင့်ကနေ တည်ဆောက် လေ့ကျင်နိုင်ရင် ကျမတို့-ရှင်တို့ မြင်ချင်တဲ့ နိုင်ငံ-လူမျိုးအနာဂတ် ပုံပေါ်လာမှာပေါ့… ကျမတို့ အားသာချက်တွေကြည့်လေ။ တပ်မတော်ဆိုတာ ဘာလဲလို့ နားလည်လာအောင် တပ်မတော်သားတွေနဲ ဦးဆောင်သူတွေကို လေ့ကျင်ကြည့်ပေါ့… စားစရာမရှိလို့ ရုန်းနေရတဲ့ သူတွေ ဟုတ်-မဟုတ် ဆန်းစစ်တဲ့ လေ့လာရေး အသင်းတွေ၊ စုံစမ်းစပ်စုလိုသူများ အင်အားစုတွေ များလာမယ်။

လူ့ပုဂ္ဂိုလ်ယုံကြည်မှုကနေ အဖွဲ့အစည်း-ဥပဒေသ-ပြဌါန်းမှု အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အားလုံးရင်ထဲမှာရှိပြီး ဦးနှောက်က လက်တွေ့ ဖော်ဆောင်လာမယ်ဆိုရင်… မကြာတဲ့ ကာလမှာ မြန်မာနိုင်ငံသားတွေဟာ အင်အားအပြည့် ဖြစ်လာနိုင်တာပေါ့။ ယနေ့ခောတ်ကြီးပြင်းတဲ့ လူငယ်တွေဟာ ပေါ့သေးသေးမဟုတ်၊ ကျမတို့ခတ်ညံညံမဟုတ်ဆိုတာကို လက်တွေ့ တာဝန်ကျေကျေ ပြဌါန်းနိုင်ဖို့ ရှင်တို့မှာလဲ ပြုပြင်သင့်တာ ပြုပြင်ကြဖို့လိုပါတယ်။ အပြစ်တင်တဲ့ ခောတ်ကုန်သွားပါပြီ။ ကြိုးပမ်းတယ် ဖော်ဆောင်တယ် စွမ်းဆောင်တယ် အကောင်အထည် ဖော်တဲ့အရာတွေဟာ နိုင်ငံသားတွေ လက်ထဲမှာဆိုတာ မြင်သထက်မြင်လာပြီး ၀င်သထက်ဝင်လာကြပြီဆိုတာ ရှင်းစေချင်တယ်။ ခောတ်ကသင်ပေးတယ်လေ… သေချာ နားမထောင်နိုင်၊ စာမဖတ်နိုင်တဲ့ နိုင်ငံသားတွေကိုယ်စား စာဖတ်နိုင်တဲ့ ငါတို့က တဆင့်ရှင်းပြနေကြတယ်။ စာမရေးနိုင်တဲ့ နိုင်ငံသားတွေကိုယ်စား စာရေးပြီးတင်ပြနေကြတဲ့ စာရေးဆရာတွေ ရှိသလို၊ ခရီးဆောင်နှင်းပေးနေတဲ့ ဆိုက်က္ကားဆရာ၊ ၀န်ဆောင်မှုပေးနေတဲ့ ဆံသဆရာ၊ သင်ပြပေးနေတဲ့ ကျောင်းဆရာ…ဒီလိုနဲ ဆရာများတဲ့ ငါတို့နိုင်ငံ ဘာလို့ဆိုတာကို စဉ်းစားမိတော့။

သင်ဆရာ-မြင်ဆရာ ကြားဆရာဆိုတာ ဘ၀တစ်သက်တာလုံး တွေနေရ သင်နေရ မှာဘဲ။ ဒါကိုအနူတ်ဆောင်တဲ့ အမြင်နဲကြည့်ရင် မှားသွားမှာပေါ့။ မတူညီတဲ့ ရည်ရွယ်ချက်-ရည်မှန်းချက်အတွက် ကွဲလွဲတာကို လက်ခံပေမယ့် တူညီတဲ့ ရည်ရွယ်ချက်အတွက် ရည်မှန်းချက်-ချဉ်းကပ်ပုံ မတူညီကြဘူးဆိုရင်…ဘာလို့ ကွဲတယ်ဆိုပြီး ဘာသာပြန် အဓိပ္ပါယ်ဖွင့် အဆိုးမြင် အနူတ်ဆောင် ပြောကြရမှာလဲ။ မတူတဲ့ချဉ်းကပ်မှု အလုပ်တွေအတွက် အဖွဲ့အစည်းတွေ အမျိုးမျိုးတည်ထောင် ရပ်တည်ကြခြင်းက အပစ်မဟုတ်သလို၊ ဆိုးကျိုးဖြစ်စေတယ်ဆိုတဲ့ အမြင်လဲ မရှိကြတော့ပါဘူး။

အပေါင်းဆောင်တဲ့ ခောတ်သွားနေကြတဲ့ ကျမတို့-ရှင်တို့ နားလည်တာကို မတူဘူးလို့ မခံစားသွားစေချင်ဘူး၊ တူနေကြပါတယ်။ အခြေအနေ မပေးသေးတာကြောင့် မဆွေးနွေးကြလို့ သေချာမတင်ပြ မပြောကြသေးလို့ မတူဘူးလို့ ထင်နေတာပါ။ လွဲမှားတဲ့ အထင်မထားဘဲ ကျမတို့ မျိုးဆက်တွေ ဖွင့်ပြီးဆွေးနွေး ရှင်းလင်းတတ် နေပြီဆိုတာကို သိတော့ အချို့ပိတ်နေသူတွေ၊ အပြောင်းအလဲကို လက်မခံလိုတဲ့ အသိ-လုပ်ရပ်-အမြင်ကတော့ ရန်သူဖြစ်နေအုံးမယ်ဆိုတာ ရှင်းသွားရင်…ဘာလဲ၊ ဘယ်လဲဆိုတာ ဘဲဥအစရှာမရသလို မဖြစ်ဘဲ။ အလုပ်-တာဝန်ယူမှုနဲ သက်သေပြတတ်တဲ့ သက်သေပြနိုင်တဲ့ မျိုးဆက်ယှက်နွယ်မှုတွေ တစတစပေါ်လာမယ်။ ပေါ်လာဖို့ ကြိုးပမ်းနေတယ်။ ရှင်တို့လဲ ကြိုးပမ်းကြပြီး အပြောလျှော့ထားရင်… အနာဂတ်လှလှ ကျမတို့ မြင်ရမယ်။ အားလုံးဖတ်မှတ်သတိရ ပြုပြင် ပါဝင်ယူတတ်စေဖို့ ကျမပြောချင်တာကို ရေးလိုက်တာပါ။

အမှားရှိမယ်…ဆွေးနွေးလိုရင် ပြန်ပြီး ပွင့်ပွင့် လင်းလင်း ဖွင့်ဟပြောပါ။
၂၀၁၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက်နေ့ --- တောင်ဒဂုံ --- လူငယ်အမျိုးသမီးများပေါင်းစု တင်ပြသည်။
ဒီမိုဝေယံဘလော့မှပြန်လည်ကူးယူဖော်ပြသည်။


No comments:

Post a Comment