Thursday, February 3, 2011

မြန်မာစစ်အာဏာရှင်များက နိုင်ငံတော်သမတအဖြစ် ဦးသိန်းစိန်နှင့် အပေါင်းအပါများကို ကြိုတင် ရွေးချယ်ထားပြီးဖြစ်ကြောင်း သတင်းရရှိ...

သမ္မတတဲ့..... ဓာတ်ပုံ AP

စစ်အာဏာရှင်တွေကတော့ ဘရုတ်ဘရက် ထင်တိုင်းကြဲပြီး အတုအယောင် လွှတ်တော်နဲ့ ပြည်သူတွေကို စော်ကားနေပါပြီ...။ ယခုလက်ရှိ ပြည်တွင်းမှ ပေးပို့လာတဲ့ သတင်းအရ နိုင်ငံတော်သမ္မတက ဦးသိန်းစိန်၊ ဒုသမ္မတနှစ်ဦးက သီဟသူရ တင်အောင်မြင့်ဦး နဲ့ ဒေါက်တာစိုင်းမောဝ်ခမ်း၊ တပ်ချုပ်ကြီးက ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ဆက်လက်တည်ရှိနေပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ဒုချုပ်အနေနဲ့ပဲ ဆက်လက်တည်ရှိ နေမယ်လို့ ပေးပို့လာပါတယ်.. ။ တရားဝင်သတင်းထုတ်ပြန်မှု မရှိသေးပေမယ့် မနက်ဖြန်မှာ သတင်းထုတ်ပြန်မယ်လို့ အဆိုပါ စစ်တပ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူမှ ဆိုပါတယ်..။ ဟုတ်မဟုတ်ကိုတော့ မနက်ဖြန်မှာ စောင့်ကြည့်ရမှာပါ.. ။ နအဖအာဏာရှင်တွေကလည်း သူတို့ တစ်သက်တာ အာဏာတည်မြဲရေးအတွက် သူတို့အလုပ် သူတို့လုပ်နေတယ်..။ နွားကလည်း နွားအလုပ် နွားလုပ်.. လူကလည်း လူအလုပ် လူလုပ်ကြတာပေါ့..။ ကျွန်တော်တို့ ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီအရေး လှုပ်ရှားသူများမှလည်း ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ပြီး ဆက်လက်ပြီး ရတဲ့နည်းနဲ့ တိုက်ပွဲ ဝင်ကြရအောင်လားဗျာ...။

မြန်မာစစ်အာဏာရှင်များက နိုင်ငံတော်သမတအဖြစ် ဦးသိန်းစိန်ကို ရွေးချယ်


ကိုညီ၊ ဒီမို။ ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၁၁

မြန်မာစစ်အာဏာရှင်များဟာ သူတို့စိတ်ကြိုက် ကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်အရ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကနေ နိုင်ငံတော် သမတအဖြစ် ဦးသိန်းစိန်၊ ဒု သမတများအဖြစ် သီဟသူရ တင်အောင်မြင့်ဦးနဲ့ ဒေါက်တာစိုင်းမောဝ်ခမ်းတို့ကို ရွေးချယ်ရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက် တာဝန်ယူထားပြီး ဗိုလ်ချုပ်မောင်အေးက ဒု ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

မြန်မာစစ်အစိုးရဟာ ဇန်န၀ါရီ ၃၁ ရက်နေ့က စတင်ပြီး မီဒီယာသမားများကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ကာ လွှတ်တော်အစည်းအဝေးများ ကျင်းပနေပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရရှိပြီးကာလက ပါလီမန်သတင်းများ၊ လွှတ်တော်အမတ်များရဲ့သတင်းများကို မီဒီယာများ လွတ်လွတ်လပ်လပ် သတင်းရယူနိုင်ပေမယ့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ စနစ်ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနဲ့အတူ ပြောင်းလဲနေတဲ့ အခုအချိန်မှာ အာဏာပိုင်တွေအနေနဲ့ ပြည်သူ့ထံမှ မဲများကို အဓမ္မ ရယူခဲ့ပေမယ့် ပြည်သူ့ထံသို့ ပေးရမယ့် သတင်းအချက်အလက်များကိုတော့ လွတ်လွတ်လပ်လပ် ပေးဖို့ စိတ်ဝင်စားခြင်း မရှိသေးပါဘူး။

ဒီကနေ့ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးများနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က အာဏာရှင်တွေနဲ့ နီးစပ်တဲ့ ပုဂ္ဂလိကကုမ္ပဏီတခုရဲ့ အဆင့်မြင့်ဝန်ထမ်းတဦးက “အခု ကျင်းပတဲ့ လွှတ်တော်ကို စိတ် မ၀င်စားပါဘူး။ မျှော်လင့်ထားသလို မဟုတ်ပေမယ့် ပြောင်းလဲမှုအနည်းငယ်တော့ ဖြစ်နိုင်ပါတယ်။ စနစ်တခု ပြောင်းလဲသွားတဲ့ အပြောင်းအလဲ မဖြစ်သေးပါဘူး။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီပုံစံကနေ မတူတဲ့ပုံစံတခုကို သွားကောင်း သွားပါလိမ့်မယ်။ ဖွဲ့စည်းအုပ်ချုပ်တဲ့ ပုံစံကတော့ မပြောင်းပါဘူး။ ကျွန်တော်တို့ ထပ်ပြီး လမ်းစပျောက်နေပြန်ပါပြီ။“ လို့ ယနေ့မြန်မာကို ပြောပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ သမတ ၊ ဒု သမတ ရွေးချယ်လိုက်တဲ့သတင်းကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိပေမယ့် ယနေ့မြန်မာ သတင်းရရှိတဲ့နေရာကတော့ သမတ ၊ ဒု သမတနဲ့ ပတ်သက်တဲ့သတင်းတွေ ဖေဖော်ဝါရီ ၄ ရက်နေ့ကျရင် ကြေညာနိုင်ဘွယ်ရှိကြောင်း၊ စစ်တပ်ရဲ့ ဖွဲ့စည်းပုံကတော့ ပြောင်းလဲမယ်လို့ မမြင်ကြောင်း ပြောပြပါတယ်။ ဆက်စပ်သတင်းများအရ မြန်မာအာဏာရှင်များဟာ နိုင်ငံတော် သမတအဖြစ် ဦးသိန်းစိန်၊ ဒု သမတများအဖြစ် သီဟသူရ တင်အောင်မြင့်ဦးနဲ့ ဒေါက်တာစိုင်းမောဝ်ခမ်းတို့ကို ရွေးချယ်ရန် စီစဉ်ပြီးဖြစ်ကြောင်း သိရပါတယ်။

(သတင်းရင်းမြစ် - ယနေ့မြန်မာ)
အကို ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်။

No comments:

Post a Comment