Wednesday, March 2, 2011

အင်းစိန်မြို့နယ်မှာ ဗုံးပေါက်ကွဲမှုနှင့် ပါတ်သတ်ပြီး အလုံမြို့နယ်မှ ချင်းအမျိုးသားတစ်ဦးအား မှားယွင်းဖမ်းဆီးခဲ့ပြီးမှ ပြန်လွတ်ပေးခဲ့..

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ရန်ကုန် အင်းစိန်မြို့နယ်မှာ ဗုံးပေါက်ကွဲမှုနှင့် ပါတ်သတ်ပြီး အလုံမြို့နယ်မှ ချင်းအမျိုးသားတစ်ဦးအား မှားယွင်းဖမ်းဆီးခဲ့ပြီး မိသားစုမှ သွားရောက်ရှင်းလင်း ပြောဆိုရာမှ နောက်တနေ့မှာ ပြန်လွတ်ပေးခဲ့ကြောင်း သိရှိရပါတယ်..။

အဆိုပါ ဗုံးပေါက်ကွဲတဲ နေ့ညသန်းခေါင် အချိန်က အလုံမြို့နယ် စောရန်ပိုင် အနောက်ရပ်ကွက်  နှင်းဆီကုန်းလမ်း အိမ်အမှတ် ၃၁ နေ စာရေးဆရာ ဆလိုင်းရွှေလင်းအား စရဖမှ ဦးဆောင်ပြီး အာဏာပိုင်များ မြို့နယ်ရဲများဖြင့် ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်..။ ဆလိုင်းရွှေလင်းမှာ ချင်းတိုင်းရင်းသားဖြစ်ပြီး ချင်းပါတီတခု၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်.။

ဆလိုင်းရွှေလင်းဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဓမ္မစာပေများကို ဓမ္မဒါနဖြန့်ပေးနေသူ တစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီး တနလာင်္နေ့ညက အာဏာပိုင်များမှ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ သိရှိရပါတယ်.။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တစ်ဦးဖြစ်ပြီး အကြမ်းမဖက် အမျိုးသားလှုပ်ရှားနေသူ တစ်ဦး ဖြစ်တဲ့ ကိုလူမော်လတ်မှ မိသားစုအား သွားရောက် တွေ့ဆုံမေးမြန်းရာမှာ မနေ့ည သန်းခေါင်ယံက ပြန်လည် လွတ်မြောက်လာကြောင်း မိသားစုမှ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ 

ယခုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ကိုလူမော်လတ်အား ဆက်သွယ် မေးမြန်းခဲ့ရာမှာ မြို့နယ်တွင်းမှာ အခုလို ထင်သလို မှားယွင်းဖမ်းဆီးနေသည့် ထူးခြားမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျွန်တော်တို့ အလုံNLDကနေ ရန်ကုန်တိုင်း NLDကို မှတ်တမ်းပေးပို့ သွားမှာပါ..။ ပြန်လွှတ်ပေးတော့ တော်သေးတယ်။ ဒီလိုပဲ ထင်ရာဆိုင်း ဖမ်းထည့် ပြီးရင် အမှုတွေဆင် တရားစွဲ ဘာမှ အထောက်အထားမပါပဲ နှစ်ကြီးတွေချတော့ မတရား မဆီမဆိုင်ခံရသူတွေ နစ်နာတယ်။ ဒါမျိုးတွေ မရှိစေချင်တော့ဘူး။ မလိုအပ်ပဲ စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးတာတွေ ဘယ်သူကိုမှ မခံစားစေချင်ဘူး။ မဟုတ်ဘဲ မတရားစွပ်စွဲ အဖမ်းဆီးခံရတာ အရမ်းသနားဖို့၊ ရင်နာဖို့ကောင်းပါတယ်။ ကိုယ်ကိုယ်တိုင်ကော မတရား မဟုတ်မမှန် စွပ်စွဲအဖမ်းခံရရင် ဘယ်လိုနေမလဲ.. ကိုယ်ချင်းစာကြည့်ပါ..။ လုံခြုံရေးအားနည်းလို့ ဖြစ်တဲ့ကိစ္စမှာ ဘယ်ကဗုံးမှန်းမသိပဲ အထက်က ဖိအားပေးတော့ ရတဲ့သတင်း အခြေခံပြီး မှန်မမှန် မစဉ်းစားတော့ပဲ ရရာ ဆွဲဖမ်းတော့တာပဲ။ ဖမ်းခံရတဲ့ ကာယကံရှင်တွေ တကယ်လည်းမလုပ်ရပဲ ထောင်ထဲမှာ ဘဝတွေပေးဆပ်ရတာပါ။ ဒီလိုကိစ္စတွေကို ရပ်တန်းကရပ်သင့်ပါပြီ။ အခုထိ ဘယ်သူမှန်း သူတို့ကောင်းကောင်း မဖော်ထုတ်နိုင်သေးဘူး။ အမှုဆင် တရားစွဲရင် ရှင်းရခက်တယ်။ အမှုမဆင်ခင် သက်ဆိုင်ရာလူကြီးတွေကို ပြောနိုင်မှ တော်ကာကြမယ်.. မဆိုင်သူတွေ မနစ်နာရအောင်ပါဟု အလုံအဖွဲ့ချုပ် လူငယ်တစ်ဦးဖြစ်ပြီး အကြမ်းမဖက် အမျိုးသားလှုပ်ရှားနေသူ တစ်ဦးလည်းဖြစ်တဲ့ ကိုလူမော်လတ်မှ ပြောပါတယ်..။

မြန်မာနိုင်ငံ၌ အာဏာပိုင်များမှ တရားခံ အစစ်အား ဖမ်းဆီးနိုင်ခြင်း မရှိပဲ အမှုနှင့် ပတ်သက်မှု မရှိသည့် သူများအား မတရားဖမ်းဆီး ထောင်ချမှုများ အဆက်မပြတ် ဖြစ်ပေါ်လျှက်ရှိတဲ့ အတွက်ကြောင့် မဆိုင်သူများမှာ အင်မတန်မှ နစ်နာလှပါတယ်။ အထူးသဖြင့် ရပ်ကွက်အတွင်းမှ စွမ်းအားရှင်၊ ကြံဖွံ့ အစရှိသည့် သတင်းပေးများမှ မိမိနှင့် အဆင်မပြေသူများအား မထင်လျှင် မထင်သလို မတရားစွပ်စွဲ သတင်းပေးခြင်းများ ပြုလုပ်လျှက်ရှိပါတယ်။ သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များမှလည်း အမှုမှန်ထက် မိမိ အာဏာ ရာထူးတည်မြဲရေးအတွက် မတရား ညှင်းဆဲ နှိပ်စက်ခြင်း၊ ဖြောင့်ချက်ပေးခိုင်းပြီး ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်နေပါတယ်..။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ကလည်း ရန်ကုန် သင်္ကြန်မဏ္ဍပ် X2O ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး သံသယဖြစ် ဖမ်းဆီးခံရသူ လူငယ်(၅)ဦးအား နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပါတယ်..။

သတင်း... ဒီမိုဝေယံ 
အကို ဒီမိုဝေယံအားကျေးဇူးတင်ပါသည်။

No comments:

Post a Comment