Tuesday, April 5, 2011

အတွေးဇာတ်ဆောင်ရဲ့ အိပ်မက်ခရီးရှည်

အိပ်မက်တွေနှင့် နေထိုင်ခဲ့ရစဉ်က အနာဂတ်နေ့ရက်တွေဟာ စိတ်လက်သမားရဲ့ အစွမ်းကုန် ခြယ်သမှုအောက်မှာ လှချင်တိုင်းလှခဲ့ပါတယ်။ တမျှော်တခေါ်အဝေးက ဖြစ်တည်လိမ့်မယ်ထင်တဲ့ စိတ်ကူးဗိမာန်မှာ ရင်ခုန်သံ ပန်းမျိုးတရာကလည်း အဖူးအပွင့်ရောင်စုံနဲ့ အတွေးဥယျာဉ်မှူးအလိုကျ ရှင်သန်လို့ပေါ့။ နေ့စဉ်မက်လိုက်ရတဲ့ အိပ်မက်တွေမှာ လိုနေသေးမယ်ထင်တဲ့ ကွက်လပ်၊ ဟာနေသေးတယ်ထင်တဲ့ ထောင့်၊ နိမ့်နေသေးတယ်ထင်တဲ့ ချိုင့်တွေကို တခုမကျန် မွမ်းမံပြင်ဆင်ခဲ့ပါတယ်။ 
UZawana-Irrawaddy
အရှင်ဇဝန
စောင့်ကြိုလိမ့်မယ်ထင်ခဲ့တဲ့ နေရာဟောင်းဆီ စိတ်ကူးထဲက ပုံစံတကျ စီမံထားတဲ့ စီမံကိန်းကြီးကို ပို့လွှတ်လို့ပေါ့။ ဒီစိတ်ကူးတွေ၊ ဒီမျှော်လင့်ချက်တွေဟာ ရက်ပေါင်းများစွာ တည်ဆောက်ပြီး စိတ်ထဲမှာ ခိုင်မာခဲ့တာပါ။ ဒါပေမယ့် အကောင်အထည်ဖော်ဖို့ မြေကိုစတင် တူးဆွလိုက်စဉ်မှာပဲ ဘယ်လိုမှ စိုက်မရ ပျိုးမရ တည်ဆောက်မရတဲ့၊ ခက်မာလှတဲ့ ကျောက်သားပြင်ကြီးဆိုတာကို တွေ့လိုက်ရတော့ ကာလရှည်စွာ မက်ခဲ့တဲ့အိမ်မက်တွေကို သောကအရောင်တွေ ဆိုးလိုက်ရပါတော့တယ်။

မကြာမီက ထောင်ကလွတ်လာတဲ့ ဦးပဉ္ဇင်းနှစ်ပါးကို  နေရာဟောင်းက ငြင်းဆန်လိုက်ကြောင်း ကြားသိလိုက်ရတဲ့အချိန်မှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက တခုစီပြန်ပေါ်လာပါတယ်။ ပိတ်ထားတဲ့ တံခါးတွေကြောင့် အပြန်လမ်းက အဆောက်အဦးကို ကျောခိုင်းလိုက်ရတော့မယ်ဆိုတာ သေချာတဲ့အချိန်မှာ အဲဒီဦးပဉ္ဇင်းနှစ်ပါး ဘယ်လိုများ ခံစားရလေမလဲလို့ တခြားသူတွေထက်ပိုလို့ ကိုယ်နဲ့ထပ်တူ  ခံစားမိရင်း ဒီစာသားတွေကို ပုံဖော်နေမိတာပါ။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ (ICRC) ထောင်တွေထဲ ဝင်ခွင့်ရပြီးနောက်ပိုင်း ထောင်ထဲမှာ စာအုပ်စာပေတွေကို ဖောဖောသီသီကို ဖတ်ခွင့်ရခဲ့ပါတယ်။ ကိုယ်နဲ့အတူ နေထိုင်ဖြစ်တည်မယ့် လောကကြီးအတွက် လိုအပ်ချက်တွေ၊ ကွက်လပ်တွေကို တထောင့်တနေရာက  ဖြည်းဆည်းပေးနိုင်ရမယ်ဆိုတဲ့ မူလအခံစိတ်ကို စာအုပ်စာပေတွေက ပိုပြီး ရင့်မှည့်စေပါတယ်။ ပြင်ပလောကမှာ ဖြစ်ပေါ်လာနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ ပရဟိတကျောင်းတွေက အနာဂတ်အတွေးကို နေရာယူခဲ့ပါတယ်။

မူလနေရာဟောင်းဆိုတာက ကိုယ်တိုင် မ, တည်၊ ကိုယ်တိုင် တည်ဆောက်ခဲ့တာမို့ ကျယ်ဝန်းတဲ့မြေ၊ ကြီးမားတဲ့ အဆောက်အဦးတွေမှာ အတွေးမျိုးစေ့ကို ကြဲချစိုက်ပျိုးလို့ လောကကြီးရဲ့တာဝန်၊ ယိုယွင်းနေတဲ့ လူမှုဘဝတွေရဲ့ ဒုက္ခအထုပ်ကို ကူပြီး ဝင်ထမ်းမယ်ပေါ့။ လူသားတယောက်ရဲ့ ဖြစ်တည်မှုနဲ့ မိမိဖြတ်သန်းဆဲ ခေတ်ကြီးက ပေးအပ်တဲ့တာဝန်ကို ယူချင်စိတ်တွေ ပိုရင့်သန်အောင် စာအုပ်တွေက ကြီးထွားစေခဲ့ပါတယ်။ ဒီအတွေး၊ ဒီစိတ်ကူးတွေကို နေ့စဉ်အချိန် အားတိုင်း (ထောင်ထဲမှာ အချိန်အား ဆိုတာကလည်း အချိန်ပြည့်ပါပဲ) အတွေးကို မွမ်းမံ၊ စိတ်ကူးကို ပြုပြင်ရင်း တနေ့ပြီးတနေ့ ဖြတ်ကျော်ခဲ့ရတာပါ။

အတွေးစိတ်ကူးထဲက အနာဂတ်ဟာ လှပပါတယ်။ အိပ်မက်ရှည်ကြီးထဲကို ကျောခိုင်းထွက်ခွာပြီးနောက် လက်တွေ့ဘဝထဲ အတွေးမျိုးစေ့တွေ ကြဲချစိုက်ပျိုးမည်အလုပ်မှာ ရင်ဆိုင်လိုက်ရတာတွေကတော့ တယောက်နဲ့တယောက် မကွာလှဘူး ထင်ပါတယ်။

ထောင်ထဲက ရဟန်းတော်တွေနဲ့ သီလရှင်တွေကို အပင်ပမ်းခံ ထောင်ဝင်စာတွေ့လို့ရသူတွေကို ထောင်ဝင်စာတွေ့၊ ပါဆယ်ပဲ ပို့လို့ရသူတွေကို ပါဆယ်ပို့ပေးနေတဲ့ ဒကာမကြီးတယောက်နဲ့ စကားပြောဖြစ်တယ်။ သူ့ဆီမှာ အကျဉ်းကျခံ သံဃာ၊သီလရှင်တွေရဲ့ ဇာတ်လမ်းကစုံလှတယ်။ ရက်ပိုင်းလေးကမှ လွတ်လာတဲ့ သီလရှင်တွေဆို နေရာဟောင်းကျောင်းကလည်း လက်မခံဘူး။ ရပ်ကွက်ထဲက အသိတယောက်ရဲ့ နေအိမ်မှာကပ်ပြီးနေနေရတယ်။ သက်ကြီးရွယ်အို သီလရှင်ကြီးတွေရဲ့အကြောင်းကို ထောင်ကအတူလွတ်လာတဲ့ သမီးဖြစ်သူက ရင်နာတဲ့အသံနဲ့ ပြောပြတယ်။

“အမေ့ကစိတ်က ပုံမှန်မဟုတ်လို့ တပည့်တော်နဲ့ပဲ ပြောပါဘုရား” လို့ သမီးဖြစ်သူသီလရှင်ရဲ့ စကားမှာ တောင်းပန်သံတွေ လွှမ်းနေတာကို သတိထားလိုက်မိတယ်။

သတင်းဌာနတခုနဲ့ ချိတ်ပေးပြီး သူတို့ရဲ့ဒုက္ခကို လူတွေသိအောင် ပြောပြဖို့ အကြံပေးတော့ သီလရှင်ဆရာလေးက အကြောက်အကန် ငြင်းတယ်။ နောက်မှသိရတာက လွတ်ခါစမှာ သတင်းဌာနတခုက တယ်လီဖုန်းနဲ့ အမေးအဖြေ ပါလာတယ်။ ဒီမှာတင် သူတို့ကိုလက်ခံထားတဲ့ အိမ်ရှင်က အိမ်မှာမနေစေချင်တဲ့ စကားတွေ ပြောတယ်တဲ့။ ဒီအိမ်မှာမှ မနေရရင် သူတို့ ဘယ်မှာမှ နေစရာ မရှိတော့ဘူး။ ဒုက္ခတွေကို လူတွေသိအောင် ပြောပြချင်စိတ်ရှိပေမယ့် ရလာမယ့် နောက်ဆက်အကျိုးက နေစရာပျောက်မယ်။ ဒီတော့ သတင်းဌာနဆိုတဲ့ အသံကြားတာနဲ့ တုန်လှုပ်ခြောက်ခြားစွာ ငြင်းပယ်လိုက်တယ်ဆိုတာကို သိလိုက်ရတယ်။

“ဟိုတလောက လွတ်လာတဲ့ ဦးပဉ္ဇင်းကြီးတပါး လက်ခံမယ့်ကျောင်းကမရှိ၊ ညအိပ်စရာမရှိတော့ ဘူတာကြီးမှာ သွားအိပ်တယ်။ ရဲကတွေ့တော့ ပြန်ဖမ်းသွားပြန်ပြီ” ဆိုတာမျိုးတွေ ကြားသိနေရပါတယ်။

အခုလွတ်လာတဲ့ ဦးပဉ္ဇင်းတွေ၊ သီလရှင်တွေ အပြင်လောကရောက်တာနဲ့ သူတို့ရဲ့ဘဝကို ဘယ်လို စတင်ပြီး တည်ဆောက်ကြမယ်ဆိုတာ ကိုယ်စီအိမ်မက်တွေ ရှိခဲ့ကြမှာပါ။ အပြင်လောကရောက်တော့ အိပ်မက်တွေဟာ စိုက်ပျိုးမရတဲ့ မျိုးစေ့တွေ ဖြစ်နေခဲ့တော့ သူတို့ရင်ထဲမှာ ရှိနေတဲ့သောကနဲ့ ရင်ဆိုင်ရတဲ့ လက်ငင်းဘဝကို ဘယ်လိုများ တည်ဆောက်ကြမလဲ။

ထောင်ကလွတ်ပြီးစ ရက်တွေက အဖြစ်အပျက်တွေဟာ တခုစီတခုစီ ပြန်ပေါ်လာတယ်။ နေရာဟောင်းရဲ့ ကျောင်းခန်းထဲမှာ  အေးအေးဆေးဆေး စာဖတ်နေတုန်းမှာပဲ မျက်နှာစိမ်းဧည့်သည်တွေ မကြာခဏ ရောက်လာတယ်။ ပြောလိုက်တဲ့ စကားလေးကတော့ တော်တော်နားထောင်ကောင်းတယ်။

“လိုတဲ့အကူအညီရှိ ပြောပါဘုရား” တဲ့။

တနေ့ ၃ ကြိမ်လောက် လာလျှောက်နေတဲ့ ဒီဒကာတွေ ဘုန်းကြီးကို တော်တော်ကြည်ညိုကြတာပဲလို့ ထင်မယ်။ မြို့ထဲသွားလို့ အပြင်က ပြန်ရောက်လာပြီး မိနစ်ပိုင်းအတွင်းမှာပဲ မျက်နှာစိမ်း လူယဉ်ကျေးတွေ ရောက်လာပြန်တယ်။

“အရှင်ဘုရား၊ ဒီနေ့ စမ်းချောင်းမင်းလမ်းက အိမ်နံပါတ် (-) ကို သွားတာမဟုတ်လား ဘုရား။ အဆင်ပြေခဲ့ရဲ့လား ဘုရား”

ဂရုစိုက်လိုက်ကြတာ၊ မျက်လုံးဒေါက်ထောက်ပြီးတော့ကို ဂရုစိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်တင် ဂရုစိုက်တာ မဟုတ်တော့ဘဲ ကိုယ်နဲ့ပတ်သတ်တဲ့သူတွေကိုပါ ဂရုစိုက်လာတယ်။ ဦးပဉ္ဇင်းကို ပုံမှန် ဆွမ်းချိုင့်လာပို့တဲ့ ကျောင်းဆရာမလေးတယောက်က လာလျှောက်တယ်။

“အရှင်ဘုရား၊ ရွှေပြည်သာတမြို့လုံးမှာ တပည့်တော်တို့ ကျောင်းတကျောင်းတည်း လက်မှတ်ထိုးရတယ်ဘုရား” တဲ့။
ဘာတွေ လက်မှတ်ထိုးရတာလဲလို့မေးတော့ -

“နိုင်ငံရေးသမားတွေနဲ့ အဆက်အဆံမရှိကြောင်း၊ တကယ်လို့ နိုင်ငံရေးနဲ့ ပတ်သတ်ခဲ့ရင်လည်း ပြစ်ဒဏ်ပေးခံရမယ်ဆိုတာကို သိရှိကြောင်း လက်မှတ်ထိုးရတယ်ဘုရား” တဲ့။

ဦးပဉ္ဇင်းဆီ လာတဲ့သူများကိုပါ ဂရုတစိုက် ခြိမ်းခြောက်လာတယ်။ ဒါနဲ့ မရပ်ဘူး။ သံဃမဟာနာယက ဆရာတော်တပါးက မေတ္တာနဲ့ စကားတခွန်းပြောလာတယ်။

“အရင် ထောင်ကလွတ်တဲ့ ဘုန်းကြီးတွေတုန်းက ကျောင်းမှာ သင်္ကန်းဝတ်ပြီး မဟန (နိုင်ငံတော် သံဃမဟာနာယကအဖွဲ့) ကို အကြောင်းကြားလိုက်တာနဲ့ ပြီးတယ်။ ကိုယ် သိက္ခာချခဲ့တာမှ မဟုတ်တာဘဲ။ ဘာအဝတ်တွေ ဝတ်ထားဝတ်ထား သိက္ခာမချရင် ရဟန်းက ရဟန်းပဲ မဟုတ်လား။ ဘုရားဥပဒေအရ ခွင့်ပြုပြီးသားကိစ္စကို ဘယ်သူကမှ ပြင်ဆင်ခွင့်မရှိဘူး။ ရဟန်းမဟုတ်ပါဘူးလို့ ဘယ်သူမှ သတ်မှတ်ခွင့်မရှိဘူး။ ရွှေဝါရောင်ပြီးတဲ့နောက်ပိုင်းမှာ ထောင်ကထွက်တဲ့ သံဃာတွေအတွက် သီးသန့် စည်းကမ်းထုတ်တယ်။ အမှုစီရင်ချက်မိတ္တူရယ်၊ သင်္ကန်းပြန်ဝတ်ခွင့် လျှောက်လွှာရယ်နဲ့  မဟနကို တင်ရမယ်။ သူတို့ခွင့်ပြုမှ တရားဝင်တယ်။ ခွင့်မပြုဘဲ သင်္ကန်းဝတ်ထားရင် အချိန်မရွေး ပြန်ဖမ်းခွင့်ရှိတယ်။ ဒါကြောင့် မဟနကို လျှောက်လွှာတင်လိုက်ပါ။ မကြာပါဘူး တပတ်အတွင်း ခွင့်ပြုပါတယ်”

သူတို့ခွင့်ပြုချက်က ခြွင်းချက်နဲ့ ခွင့်ပြုတယ်ဆိုတာ တကယ်လက်တွေ့ လုပ်ကြည့်လိုက်မှ သိလာရတယ်။ သာမန် ၂၉၅ ပုဒ်မနဲ့ အချိန်မတော် ခရီးသွားတာ၊ ရန်ဖြစ်တာ၊ ရထားဂိတ်ကားဂိတ်တွေ အလှူခံတာလောက်နဲ့ ထောင်ကျတဲ့ ရဟန်းတွေ အတွက်သာဖြစ်ပြီး နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်ကျတဲ့ သံဃာတွေကတော့ ဘယ်လိုမှ ခွင့်ပြုချက်မရနိုင်ဘူး။

မူလကျောင်းတွေကလည်း လက်မခံ။ လက်မခံလို့ မဖြစ်လို့ လက်ခံရပြန်ရင်လည်း ကြာရှည်နေလို့မရအောင် နည်းမျိုးစုံနဲ့ ဖယ်ရှားခံရ။ ဒီတော့ နှစ်ရှည်မက်ခဲ့တဲ့ အိပ်မက်မျိုးစေ့တွေဟာ စိုက်ပျိုးခွင့်မရတဲ့ မျိုးစေ့တွေဖြစ်ခဲ့ရတယ်။

အများအကျိုးရွက်ဆောင်တာ ဘယ်နေရာမှာနေနေ ရွက်ဆောင်လို့ရတယ်လို့ ကိုယ့်စိတ်ကို ကိုယ်ပြန်အားပေးရင်း နယ်မြေသစ်မှာ ဥယျာဉ်တခုအဖြစ် မတည်ဆောက်နိုင်ရင်တောင် သစ်တပင်အဖြစ် အားခဲလို့ စိုက်ပျိုးလိုက်ရတယ်။ သစ်တပင်ကောင်း ငှက်တစ်သောင်း နားနိုင်တယ်ဆိုတာထက် သစ်တပင်လန်း ငှက်တစ်သန်း နားရမယ်ဆိုတဲ့ အိပ်မက်တွေဟာ အတ္တကြီးကြီးနဲ့ အာဏာငန်းဖမ်းသူတွေရဲ့ အကြောက်တရားကြောင့် အဝေးကို လွင့်ခဲ့ရတယ်။

ဘယ်လိုပဲလွင့်နေလွင့်နေ ကိုယ်စိုက်ပျိုးလိုက်မယ့် သစ်ပင်မှာ မြန်မာပြည် ဒုက္ခနေပူထဲ ပျံသန်းနေတဲ့ ငှက်ငယ်တွေ အလွယ်တကူနားနိုင်တဲ့ နေရာမှာ စိုက်ပျိုးဖို့ အခွင့်အရေးဟာ စိတ်ဇွဲသန်သူတို့အတွက် ဖြစ်ကိုဖြစ်လာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်နေတုန်း၊ အိပ်မက်မက်လို့နေတုန်းပဲ။

အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး၏ တာဝန်ခံလည်း ဖြစ်ပါသည်။ဧရာဝတီကူးယူပါသသည်..........

No comments:

Post a Comment