Wednesday, December 28, 2011

အေဘီအက်ဒီအက်ကိုအမဲစက်စွန်းအောင်လုပ်ခဲ့သူများရဲ့လုပ်ရပ်ကိုဘယ်လိုဖြေရှင်းကြမလဲ?


ရက်ရက်စက်စက်အသတ်ခံခဲ့ရသည့်အထက်ဗမာပြည်ဗကသခေါင်းဆောင်ကိုထွန်းအောင်ကျော်

နိဒါန်း။ အေဘီမြောက်ပိုင်းသတ်ဖြတ်မှုကိုလက်ရှိအေဘီဗဟိုမှအဖွဲ့အစည်းအကျိုးတော်လှန်ရေးအကျိုးအတွက် ဖြေရှင်းသင့်တယ်၊ ဘာကြောင့်လဲဆိုတော့ဒီကိစ္စမှာပါဝင်ပတ်သက်နေသူတွေရဲ့ကိုယ်တွေ့ကြေကွဲဘွယ်ရာကိုယ် တိုင်ရေး ဖြစ် ရပ်များထွက်ပေါ်လာခဲ့လို့ဘဲဖြစ်တယ်။ ယ္ခင်ကတော့အဲဒီတုံးကအေဘီခေါင်းဆောင်တွေ ရဲ့ပြော ကြားဖြေရှင်းချက်ကိုသာကြားသိရပြီးအသတ်ခံရတဲသူတွေဟာရန်သူ့ သူလျှိတွေဖြစ်ကြောင်းတဖက်စကားသာ ကြားသိခဲ့ရတယ်။ အခုအဖြစ်မှန်တွေပေါ်လာပြီ ဒါကြောင့် Cold Case တိမ်မြုပ်အေးခဲနေခဲ့တဲ့အမှုကို လူ့အခွင့် အရေး၊ ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေတဲ့ကျောင်းသားတပ်မတော်လက်ရှိခေါင်းဆောင်တွေက ဖေါ်ထုတ် ပြီးလက်နက်ကိုင်တော်လှန်ရေးအတွင်းကံမကောင်းအကြောင်းမလှစွာနဲ့ကျဆုံးသွားရှာတဲ့အပစ်မဲ့ ကျောင်းသား လူငယ်တွေနဲ့အသက်မသေ ၊ သေတွင်းမှလွတ်လာသူတွေ ၊ သူတို့မိဘ၊ ဆွေမျိုးကျန်ရစ်သူ များ အတွက်စာနာ စိတ်ထားပြီး၊ ဂုဏ်သရေကိုဆယ်ပေး ဘို့အထူးလိုတယ်လို့ယုံကြည်တဲ့အတွက်ဒီစာကိုရေးလိုက်တယ်။ ဘယ်သူမှာအပစ်ရှိတယ်ဘယ်သူမှာဖြင့်မရှိ ဆိုတာအချက်အလက်အထောက်အထား တွေစုံလာတဲ့ အခါဘွား ဘွားပေါ်လာမှာပါ။

ကျွန်တော့်သဘောထား။
ကျွန်တော်နဲ့နံမည်တူကိုထွန်းအောင်ကျော်နဲ့ရဲဘော်၈၀ကျော်ကိုသူလှျှိမှုနဲ့ဖမ်းဆီးပြီးလူ ၃၀ လောက် ကိုလူမဆန်စွာလနဲ့ချီနှိပ်စက်ညှင်းပန်းသူလျှိဖြစ်ပါတယ်လို့ဝန်မခံမခြင်းနှိပ်စက်ပြီးမှတ်တမ်းရေး၊ ဗီဒီယိုရိုက်၊ အချုပ်ခန်းထဲမှာရေချိုးခွင့်မပေးဘဲလနဲ့ချီထားခဲ့တာတွေ၊ နောက်ဆုံး သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်း ဟာခေါင်းဖြတ်သတ်မှုတွေကိုကျူးလွန်တဲ့မင်းမဲ့စရိုက်ဖြစ်တယ်ဆိုပြီးမဆလက အပုတ်ချဝါဒ ဖြန့်ခဲ့တဲ့အတိုင်း၊ တသွေမတိမ်းမြောက်ပိုင်းမှာကျောင်းသားကျောင်းသားချင်းခေါင်းဖြတ်သတ် တဲ့အထိရက်စက်မှုတွေ ကိုကျူး လွန်ပြတာဟာကျောင်းသားကိုကျောင်းသားကသတ်တာထက်၊ ကျောင်းသားကို ထောက်လှန်းရေးကသတ် တာဖြစ်ဘို့်ပိုများတယ်။
ကိုထွန်းအောင်ကျော်ဟာအထက်ဗမာပြည်ဗကသဥက္ကဌဆိုတာသိရက်နဲ့ရက်ရက်စက်စက်နှိပ်စက်သတ်ဖြတ်ခဲ့တာဘာ့ကြောင့်လဲ။ အထက်ဗမာပြည်နဲ့ကျောင်းသားတပ်မတော်ကိုသွေးခွဲတဲ့လုပ်ရပ်ကလွဲလို့အခြားမရှိဘူးလို့ ထင်တယ်၊ အဓိကပါဝင်နေခဲ့တဲ့ကိုရော်နယ်အောင်နိုင်ဟာကိုထွန်းအောင်ကျော်နဲ့ပြည်တွင်းမှာတတွဲတွဲနေခဲ့သူပါ သူဘာကြောင့်ဒီလူသတ်မှုကိုဝင်မတားသလဲ? ဘယ်သူမှသူ့ထက်ကိုထွန်းအောင်ကျော်အကြောင်းကိုမသိနိုင်ဘူး ကိုထွန်းအောင်ကျော်ကိုသတ်ပြီးဥက္ကဌရာထူးကဘယ်လောက်မက်မောစရာကောင်းနေလို့ယူခဲ့တာလဲ? စဉ်းစားစရာတွေအများကြီးရှိနေတယ်။ တချိန်ကရှစ်လေးလုံးကျောင်းသားတွေ “ ပြည်တွင်းမှာဗကသ၊ နယ်စပ်မှာ မကဒတ” လို့ကြွေးကြော်ခဲ့ကြတယ်၊ ဒီလိုသွေးစည်းညီညွတ်ရေးကိုဒီလိုမသမာတဲ့လုပ်ရပ်ကဖြိုခွဲ လိုက်တယ်၊ ဘယ်လောက်ရင်နာစရာကောင်းသလဲ?
ဗကပရဲ့ဖြုတ်ထုတ်သတ်လုပ်ရပ်ကိုပြည်သူတွေမမေ့သေးဘူး၊ အခုလည်းမကဒတမှာဖြစ်ခဲ့တဲ့သမိုင်းကိုလဲမေ့မှာမဟုတ်ပါဘူး။ ရန်သူဟာစံနစ်တကျစီစဉ်ပြီးဒီလိုဖြစ်အောင်ဖန် တီးလိုက်တာဘဲလို့မြင်တယ်၊ ကိုယ့်ထဲမှာလဲအာဏာရူးတွေကပါနေတော့မိုးမီးလောင်ခဲ့တာမဆန်းပါဘူး၊ ၁၄၊ ၁၅ အရွယ်ခလေးငယ်တွေကအစသူလျှိလို့စွပ်စွဲထားခံကထဲကတခုခုမှားနေပြီးဆိုတာသိဘို့ကောင်းတယ်။
ဗိုလ်မှူးအောင်လင်းထွတ်က ဘိတ်ကျွန်းစုအစုလိုက်အပြုံလိုက်သတ်မှုကိုဖွင့်ချခဲ့တယ်၊ အစိတ်သားတောင်မချန်နဲ့ဆိုတဲ့သန်းရွှေအမိန့်ကိုဖေါ်ထုတ်ပေးခဲ့တယ်၊ ငါတို့ ABSDF အဖွဲ့ကြီးဟာသိက္ခာသမာ ဓိရှိတဲ့အဖွဲ့ ၊ ခြေမ မကောင်းခြေမ၊ လက်မ မကောင်းလက်မ ပြတ်ပြတ်သားသားလုပ်ပြီးတရားမျှတတဲ့ လုပ်ရပ် ကိုလုပ်ပြ နိုင်မှ သမိုင်းကျွေးကိုဆေးနိုင်မှာဖြစ်တယ်။ အဲဒီတုန်းကခေါင်းဆောင်တွေဒီကိစ္စကိုဘယ်လိုကိုင်တွယ် ခဲ့ကြသလဲ၊ ဘယ်လိုဖြေရှင်းခဲ့ကြသလဲ။ စုံစမ်းရေးကော်မီရှင်တခုဖွဲ့ပြီးစစ်ဆေးဘို့အချိန်ရောက်ပြီ၊ မတရားခံ ရသူ တွေကလဲ အမှောင်ထဲမှာမနေဘဲရှေ့ထွက်ပြီးအဖြစ်အပျက်တွေကိုအသေးစိတ်ရေးသားတင်ပြကြ ဘို့လိုတယ်၊ ဒါမှ ဘယ်သူတွေကတရားခံစာရင်းမှာပါပြီးဘယ်သူတွေကတရားလိုတွေဖြစ်တယ်ဆိုတာ ကွဲကွဲပြားပြားသိနိုင်အ ရေးယူနိုင်မှာဖြစ်တယ်။ ရော်နယ်အောင်နိုင်ဟာ လည်းအမှုမစစ်ရသေးတဲ့အတွက်သူကိုတရားခံလိုမစွပ်စွဲနိုင်ပါဘူး၊ဒါကြောင့်တရားမျှတစွာနှစ်ဖက်ကြားနာမှုကိုနားထောင်ပြီးမှသာဆုံးဖြတ်နိုင်မှာဖြစ်တဲ့အတွက်စိတ်ရှည် သည်းခံနိုင်ကြဘို့တော့လိုတယ်။
ထွန်းအောင်ကျော်

No comments:

Post a Comment