အခုတလောမှာတော့ ကိုးကွယ်ရာ သံဃာကို အတုအယောင်လုပ် အသုံးချနေသူတွေကြောင့် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာ ညစ်နွမ်းရလေတယ် လို့ ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး စိတ်ဝမ်းမသာ ရှိကြရလေတယ်။ သင်္ကန်းတွေကို မျက်လှည့်ပြသလို လျှပ်တပြက် လူဝတ်လဲပြတဲ့ ဗီဒီယိုတွေ၊ ခုတ်ထစ်သတ်ဖြတ်ပြနေတာတွေ လူမြင်သူမြင် ဖြစ်ကုန်တယ်။ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ အကြမ်းဖက်တဲ့ မျက်နှာဆိုပြီး ဘုန်းကြီးပုံတွေ တင်လာကြတယ်။ သူများနိုင်ငံက လူတွေ မြင်ရင် ကိုယ်တို့ ဗုဒ္ဓဘာသာကို အထင်သေးအမြင်သေး ဖြစ်ကုန်မှာပေါ့ ဆိုပြီး ယမ်းပုံမီးကျ ဒေါသူပုန်ထနေသူတွေလည်း ရှိတယ်။ ကိုယ့်အဖို့ကတော့ ယုံကြည်မှု။ သဒ္ဓါတရား ဆိုတာ သူများက မြင်တဲ့ အမြင် လို့ မခံယူပါဘူး။ သူများတွေ အထင်ကြီးသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ သူတို့လည်း သူတို့ဘာသာပဲ သူတို့ ကိုးကွယ်ကြမှာ။ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် ပြန်အထင်သေးပြီး သဒ္ဓါတရားတွေ ကုန်ခမ်းသွားမှာပဲ စိုးရတာ။ ကိုယ်တို့ဗုဒ္ဓဘာသာဆိုတာက ယုံကြည်သူတွေကပဲ ပံ့ပိုးထောက်ပံ့တာ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဆီကမှ အခွန်ဆက်ကြေး ပူဇော်ပသနေတာ မဟုတ်ဘူး။ ကိုယ့်ဘုန်းကြီးကိုယ် အတုလား အစစ်လား သံသယပွားပြီး ကြည်ညိုသဒ္ဓါမပွားနိုင်တော့ရင် ရေဝေးတဲ့ကြာလို့ ဖြစ်ကုန်လိမ့်မယ်။
သံဃာအတုအယောင် မရှိဘူး လို့ မဆိုလိုဘူးနော်။ ရှိတာမှ အများကြီးကို ရှိတယ်။ ဒါပေမယ့် အဲဒါတွေကို ဘယ်လိုသဘောထားကြမလဲဆိုတာကို ဟိုးအရင်တစ်ခါ “သင်္ကန်းဂုဏ်ရည်” ရေးတုန်းက တစ်ခါ ပြောပြီးပြီ။ သည်တစ်ခါတော့ မနုသီဟဇာတ်လမ်းကို ထပ်ဆက်ပေးမယ်။ ရှစ်သောင်းလေးထောင် အလှူပွဲကြီးမှာ မာရ်နတ်မင်းကို နှိမ်နှင်းလိုက်နိုင်တဲ့ ရဟန္တာမထေရ်မြတ်ကြီးဟာ မှတ်လောက်သားလောက်အောင်ဆိုပြီး မာရ်နတ်မင်းရဲ့လည်မှာ ခွေးသေကောင်ပုပ်ကြီး ဆွဲပေးလိုက်သတဲ့။ သူအဓိဋ္ဌာန်နဲ့ ဆွဲပေးလိုက်တာမို့ ဘယ်သူကမှ ပြန်ဖြုတ်မပေးရဲပဲ မာရ်နတ်ခမျာ အလှူမပြီးမချင်း ခွေးသေကောင်ပုပ်ကြီးတစ်ကောင်နဲ့ ဒုက္ခကြီးစွာရောက်ပြီး မာန်စွယ်ကျိုးသွားသတဲ့။ နောက်ဆုံးတော့ ရဟန္တာမထေရ်ကြီးထံမှာ ရှိခိုးဦးတင် တောင်းပန်ပြီး ပြန်ဖြုတ်ခိုင်းတဲ့အခါမှာ မထေရ်ကြီးလည်း မာရ်နတ်မင်းကို အနူးအညွတ်တောင်းပန်ပြီး အကူအညီတစ်ခုတောင်းသတဲ့။ သူက မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်မမှီလိုက်တာမို့ မှီလိုက်တဲ့ မာရ်နတ်မင်းကို ဘုရားအသွင် ဖန်ဆင်းပြပါ လို့ တောင်းပန်သတဲ့။ မာရ်နတ်မင်းက ကတိတစ်ခုပေးရင် ဖန်ဆင်းပြမယ် ဆိုတာကတော့ “သူ့ကို လုံးဝ မကန်တော့ရဘူး။” ဆိုတဲ့ ကတိပါ။ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်က ကန်တော့လိုက်ရင် ပုထုဇဉ်ဖြစ်တဲ့ မာရ်နတ်ကြီး ဂျွမ်းပစ်သွားမှာကိုး။ သေသေချာချာ ကတိပေးပြီးမှ သေသေချာချာ ဖန်ဆင်းအပြမှာ ဟိုကလည်း သေသေချာချာကြီးကို ကန်တော့လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ “သင့်အား ကန်တော့ခြင်း မဟုတ်၊ ဂေါတမဘုရားရှင်အား ရည်မှန်းဖူးမျှော် ကန်တော့ခြင်း ဖြစ်ပါသတည်း” ဟူလို။ ဆိုလိုချင်တာက ရဟန္တာပုဂ္ဂိုလ်ရင့်မကြီးတောင်မှ ဘုရားရှင်ကို ရည်မှန်းပြီး မာရ်နတ်ကို ဦးချနိုင်သေးရင် ကိုယ်တွေ ပုထုဇဉ်အချင်းချင်းမှာ ရဟန်းယောင်တွေကို ရဟန်းစစ်အမှတ်နဲ့ ကိုးကွယ်မိငြားလည်း သဒ္ဒါတရား မချို့တဲ့ရင် ကုသိုလ်မရစရာ အကြောင်းမရှိဘူးဗျ။ သံဃိကဒါန သံဃာကို ရည်မှန်းလှူဒါန်းတာကိုး။ အတုအစစ်ကိစ္စက အဲသည်ကာယကံရှင်နဲ့သာ သက်ဆိုင်ပေလိမ့်မယ်။
အတုလား အစစ်လား သံသယပွားပြီး ကြည်ညိုသဒ္ဓါမပွားနိုင်တော့ရင် ရေဝေးတဲ့ကြာလိုပါပဲ။ အခုတလောမှာတော့ ကိုးကွယ်ရာ သံဃာကို အတုအယောင်လုပ် အသုံးချနေသူတွေကြောင့် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာ ညစ်နွမ်းရလေတယ် လို့ ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး စိတ်ဝမ်းမသာ ရှိကြရလေတယ်။ သင်္ကန်းတွေကို မျက်လှည့်ပြသလို လျှပ်တပြက် လူဝတ်လဲပြတဲ့ ဗီဒီယိုတွေ၊ ခုတ်ထစ်သတ်ဖြတ်ပြနေတာတွေ လူမြင်သူမြင် ဖြစ်ကုန်တယ်။ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ အကြမ်းဖက်တဲ့ မျက်နှာဆိုပြီး ဘုန်းကြီးပုံတွေ တင်လာကြတယ်။ သူများနိုင်ငံက လူတွေ မြင်ရင် ကိုယ်တို့ ဗုဒ္ဓဘာသာကို အထင်သေးအမြင်သေး ဖြစ်ကုန်မှာပေါ့ ဆိုပြီး ယမ်းပုံမီးကျ ဒေါသူပုန်ထနေသူတွေလည်း ရှိတယ်။ ကိုယ့်အဖို့ကတော့ ယုံကြည်မှု။ သဒ္ဓါတရား ဆိုတာ သူများက မြင်တဲ့ အမြင် လို့ မခံယူပါဘူး။ သူများတွေ အထင်ကြီးသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ သူတို့လည်း သူတို့ဘာသာပဲ သူတို့ ကိုးကွယ်ကြမှာ။ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် ပြန်အထင်သေးပြီး သဒ္ဓါတရားတွေ ကုန်ခမ်းသွားမှာပဲ စိုးရတာ။ ကိုယ်တို့ဗုဒ္ဓဘာသာဆိုတာက ယုံကြည်သူတွေကပဲ ပံ့ပိုးထောက်ပံ့တာ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဆီကမှ အခွန်ဆက်ကြေး ပူဇော်ပသနေတာ မဟုတ်ဘူး။ ကိုယ့်ဘုန်းကြီးကိုယ် အတုလား အစစ်လား သံသယပွားပြီး ကြည်ညိုသဒ္ဓါမပွားနိုင်တော့ရင် ရေဝေးတဲ့ကြာလို့ ဖြစ်ကုန်လိမ့်မယ်။ သံဃာအတုအယောင် မရှိဘူး လို့ မဆိုလိုဘူးနော်။ ရှိတာမှ အများကြီးကို ရှိတယ်။ အဲဒါတွေကို ဘယ်လိုသဘောထားကြမလဲဆိုတာကို သည်တစ်ခါတော့ မနုသီဟဇာတ်လမ်းကို ထပ်ဆက်ပေးမယ်။ ရှစ်သောင်းလေးထောင် အလှူပွဲကြီးမှာ မာရ်နတ်မင်းကို နှိမ်နှင်းလိုက်နိုင်တဲ့ ရဟန္တာမထေရ်မြတ်ကြီးဟာ မှတ်လောက်သားလောက်အောင်ဆိုပြီး မာရ်နတ်မင်းရဲ့လည်မှာ ခွေးသေကောင်ပုပ်ကြီး ဆွဲပေးလိုက်သတဲ့။ သူအဓိဋ္ဌာန်နဲ့ ဆွဲပေးလိုက်တာမို့ ဘယ်သူကမှ ပြန်ဖြုတ်မပေးရဲပဲ မာရ်နတ်ခမျာ အလှူမပြီးမချင်း ခွေးသေကောင်ပုပ်ကြီးတစ်ကောင်နဲ့ ဒုက္ခကြီးစွာရောက်ပြီး မာန်စွယ်ကျိုးသွားသတဲ့။ နောက်ဆုံးတော့ ရဟန္တာမထေရ်ကြီးထံမှာ ရှိခိုးဦးတင် တောင်းပန်ပြီး ပြန်ဖြုတ်ခိုင်းတဲ့အခါမှာ မထေရ်ကြီးလည်း မာရ်နတ်မင်းကို အနူးအညွတ်တောင်းပန်ပြီး အကူအညီတစ်ခုတောင်းသတဲ့။ သူက မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်မမှီလိုက်တာမို့ မှီလိုက်တဲ့ မာရ်နတ်မင်းကို ဘုရားအသွင် ဖန်ဆင်းပြပါ လို့ တောင်းပန်သတဲ့။ မာရ်နတ်မင်းက ကတိတစ်ခုပေးရင် ဖန်ဆင်းပြမယ် ဆိုတာကတော့ “သူ့ကို လုံးဝ မကန်တော့ရဘူး။” ဆိုတဲ့ ကတိပါ။ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်က ကန်တော့လိုက်ရင် ပုထုဇဉ်ဖြစ်တဲ့ မာရ်နတ်ကြီး ဂျွမ်းပစ်သွားမှာကိုး။ သေသေချာချာ ကတိပေးပြီးမှ သေသေချာချာ ဖန်ဆင်းအပြမှာ ဟိုကလည်း သေသေချာချာကြီးကို ကန်တော့လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ “သင့်အား ကန်တော့ခြင်း မဟုတ်၊ ဂေါတမဘုရားရှင်အား ရည်မှန်းဖူးမျှော် ကန်တော့ခြင်း ဖြစ်ပါသတည်း” ဟူလို။ ဆိုလိုချင်တာက ရဟန္တာပုဂ္ဂိုလ်ရင့်မကြီးတောင်မှ ဘုရားရှင်ကို ရည်မှန်းပြီး မာရ်နတ်ကို ဦးချနိုင်သေးရင် ကိုယ်တွေ ပုထုဇဉ်အချင်းချင်းမှာ ရဟန်းယောင်တွေကို ရဟန်းစစ်အမှတ်နဲ့ ကိုးကွယ်မိငြားလည်း သဒ္ဒါတရား မချို့တဲ့ရင် ကုသိုလ်မရစရာ အကြောင်းမရှိဘူးဗျ။ သံဃိကဒါန သံဃာကို ရည်မှန်းလှူဒါန်းတာကိုး။ အတုအစစ်ကိစ္စက အဲသည်ကာယကံရှင်နဲ့သာ သက်ဆိုင်ပေလိမ့်မယ်။
No comments:
Post a Comment