ကျွန်တော်
သူ့ကို စတွေ့ဖြစ်တာ ဘတ်စ်ကားတစ်စီးပေါ်မှာပါ။ အဲဒီတုန်းက မတ်လ ၁၉ ရက်၊ ၂၀၁၀ သောကြာနေ့။
နယူးဒေလီမြို့ ဘတ်စ်ကားတစ်စင်းပေါ်က လူဝတ်ကြောင်တွေကြားထဲမှာ သင်္ဃန်းရုံထားတဲ့ သံဃာတစ်ပါးကို
ဘယ်သူမဆို ချက်ခြင်း သတိထားမိမှာပါပဲ။ ကျွန်တော် သူ့ကို သေချာလေ့လာ ကြည့်မိလိုက်တယ်။
အညာသားတစ်ယောက်လို အသားညိုညို၊ အရပ်ခပ် ပြတ်ပြတ်နဲ့၊ ဝိုင်းစက်နေတဲ့မျက်လုံးတစ်စုံက
တစ်စုံတစ်ခုကိုလုပ်ရင် သည်းကြီးမည်းကြီး၊ မလျှော့တမ်းလုပ်တတ်သူ လို့ ဖော်ပြနေသလိုပဲ။
စိတ်ထဲမှာ ဇဝေဇဝါတော့ ဖြစ်မိသား။ ငါတို့ဒီနေ့သွားမယ့် ကိစ္စမှာ ဒီကိုယ်တော် ဘာကြောင့်ပါလာသလဲပေါ့။
အဲဒီတုန်းက ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့ ဘာမှ
မစပ်စုဖြစ်လိုက်ဘူး။ မြန်မာသံရုံးရှေ့မှာ ကျွန်တော်တို့ လူငယ်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြကြတော့
သူလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာကို သတိထားလိုက်မိတယ်။ သိပ်မကြာခင်မှာပဲ ဒေလီရဲတွေ
လာရောက်တားဆီးရင်းက ကျွန်တော်တို့ လူငယ်တွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း အခြေအနေတွေ
ရှုပ်ထွေးသွားပြီး နောက်ဆုံးတော့ ကျွန်တော်တို့အားလုံးကို အဲဒီ သံတမန်ရပ်ကွက်နဲ့ အနီးဆုံး
ချနားကယားပူရိ ရဲစခန်းမှာ ထိန်းသိမ်းထားလိုက်ကြတယ်။ ၇၀ နီးပါးရှိတဲ့ လူအုပ်ကြီးထဲကမှ
တက်ကြွသူတွေအဖြစ် သူတို့ သတ်မှတ်တဲ့ လူငယ် ၂၆ ယောက်ကို ထိန်းသိမ်းထားပြီး ကျန်တဲ့သူတွေကို
အဲဒီညနေပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်တယ်။ ဘယ်သူတွေများကျန်ခဲ့ကြတုန်းလို့ ဘေးဘီကိုကြည့်လိုက်တော့
ကျွန်တော်တို့ ၂၆ ယောက်ထဲမှာ သူလည်း ပါနေတာတွေ့လိုက်ရတယ်။
ကျွန်တော်တို့တွေကို
အချုပ်ခန်းထဲသွင်းတော့ ပြဿနာက ပေါ်လာတော့တာပဲ။ ကျွန်တော်တို့လူဝတ်တွေက ဒီအတိုင်းဝင်ရပေမယ့်
ရဲက သူ့ကို ပြဿနာရှာပြီလေ။ သင်္ဃန်း ချွတ်ရမယ်တဲ့။ အဲဒီတုန်းက တင်းမာသွားတဲ့ သူ့မျက်နှာဟာ
နောက်ပိုင်း ကျွန်တော်သူနဲ့ရင်းနှီးပြီး တစ်ကြိမ်မှ မတွေ့ဖူးတဲ့ အမူအရာပါပဲ။ သူက သင်္ဃန်းချွတ်ဖို့
ငြင်းပါတယ်။ ရဲက အတင်းဖိအားပေးလာတော့ ကျွန်တော်တို့လည်း မနေနိုင်တော့ပါဘူး။ အထဲကနေအားလုံးအော်ကြ၊
ပြောကြပြီး စကားပေါက်တဲ့သူတွေက ရှင်းပြကြတာနဲ့ သူ သင်္ဃန်းရုံလျက်ပဲ အချုပ်ခန်းထဲကို
အေးအေးဆေးဆေး ဝင်လာတယ်။ ပြီးတော့ ကျွန်တော်တို့အားလုံးကို သူကပဲ အားပေးစကားတွေပြောပြီး
တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်တော်တို့ကြားထဲမှာ ဝင်ထိုင်နေလိုက်တယ်။ အဲဒီအချိန်ထိ ကျွန်တော်သူ့
ဘွဲ့နံမည်ကို မသိသေးပါဘူး။
ကျဉ်းကျပ်လှတဲ့
အချုပ်ခန်းထဲမှာ အဲဒီညက ကျွန်တော်တို့ အယောက် ၂၀ ကျော်ဟာ အေးစက်နေတဲ့ သမံတလင်းမှာ ကော်ဇောပါးပါးပဲ
ရှိတာမို့ ဘယ်သူမှ မအိပ်နိုင်ပါဘူး။ အားလုံးလိုလိုကိုယ့်ဖိနပ်ကိုယ်ခုထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက်
မိတ်ဆက်ကြ၊ စကားတွေပြောကြတော့မှပဲ သူဟာ မြန်မာတစ်နိုင်ငံလုံး ဖိန့်ဖိန့်တုန်သွားရုံသာမက၊
ကမ္ဘာကပါ မြန်မာ့နိုင်ငံရေးကို အလေးထားစေခဲ့ရတဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့
ထိပ်ဆုံးကပါဝင် လှုပ်ရှားသူ အရှင်ထာဝရဆိုတာကို သိလိုက်ရတာပါ။ အဲဒီရွှေဝါရောင်အရေးအခင်းတုန်းက
ဦးဇင်းက အဖွဲ့ဝင်သံဃာ (၁၅) ပါးနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်များအဖွဲ့
ရဲ့ အထွေအထွေ အတွင်းရေးမှူးတာဝန်ကို အသက် (၂၃) နှစ်သားအရွယ်နဲ့ အံ့မခန်း တာဝန်ယူခဲ့သူပေါ့။
ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီအရေးအခင်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အားတက်သရော
ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်နေတော့ ရင်ခုန်သံချင်းတူတဲ့ လူငယ်နှစ်ဦးရဲ့ ရင်းနှီးမှုဟာ စိတ်ညစ်စရာကောင်းလောက်အောင် နုံခြာလှတဲ့ အချုပ်ခန်းလေးတစ်ခုအတွင်းမှာ မထင်မှတ်ပဲ
အစပြုခဲ့တယ်။
အဲဒီနောက်ပိုင်းတွေမှာ
နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ နိုင်ငံရေး၊ လှုပ်ရှားမှုတွေတိုင်းမှာ
တက်တက်ကြွကြွ လှုပ်ရှားနေတတ်တဲ့ အရှင်ထာဝရဟာ သူစိတ်အားထက်သန်လှတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို
တစိုက်မတ်မတ်လုပ်ရင်း ၂၀၁၀ခုနှစ်အတွင်းကစပြီး
ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ နော်ဝေ-အင်္ဂလန်နိုင်ငံ စသဖြင့် ပြည်ပ ၂၆ နိုင်ငံ
ခရီးစဉ်များအထိပါ ထွက်ခွါသွားလာနေခဲ့ပါပြီ။ နယူးဒေလီမြို့မှာလည်း မြန်မာနိုင်ငံသားများအတွက်
အကျိုးပြုလုပ်ငန်းတွေအဖြစ် စာကြည့်တိုက်ဖွင့်လှစ်ပေးတာမျိုး၊ လူငယ်များနိုင်ငံရေးအသိစိတ်ဓါတ်
နိုးကြားရှင်သန်စေမယ့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေပြုလုပ်ပေးခြင်းမျိုး၊
ရွှေဝါရောင်တော်လှန်ရေးမှ သင်ခန်းစာများ ကို လူငယ်များအား ပြန်လည်ဝေငှပေးခြင်း စတဲ့
လုပ်ငန်းတွေကို အားတက်သရော ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။
ဘဝတကွေ့မှာ
မထင်မှတ်ဘဲတွေ့ဆုံမိခဲ့ဖူးသမျှ လူငယ်တွေထဲမှာ အရှင်ထာဝရကို အင်မတန်ထူးခြားတဲ့ လူငယ်အဖြစ်
ကျွန်တော် အမှတ်မထားဘဲ မနေနိုင်ပါဘူး။ သူဟာ ဖြစ်ချင်တာတစ်ခုကို စလုပ်ပြီဆိုတာနဲ့ အဲဒီပန်းတိုင်မရောက်မချင်း
သည်းကြီးမည်းကြီး အားစိုက်လုပ်ကိုင်တတ်ပေမယ့်၊ ဗုဒ္ဓဘာသာ ရဟန်းတပါးပီပီ သည်းခံနိုင်စွမ်းလည်း
ကြီးလှသူအဖြစ် သတိထားမိပါတယ်။ နယူးဒေလီက မြန်မာဒုက္ခသည်တွေ နေထိုင်တဲ့ ဆင်းရဲသားရပ်ကွက်တွေထဲမှာ
ချွေးတလုံးလုံးနဲ့ ဟိုဒီသွားလာနေတတ်တဲ့ ဦးဇင်းဟာ အိန္ဒိယဒေသခံတွေရဲ့ မသိနားမလည်စွာ
ဆက်ဆံခံရတာမျိုးတွေကို သည်းညည်းခံပြီး၊ အပြုံးပျက်ခဲ့သူ မဟုတ်ပါဘူး။
၂၀၁၁
ခုနှစ် နှစ်ဆန်းပိုင်းမှာ အရှင်ထာဝရဟာ အိန္ဒိယကနေ ထွက်ခွါသွားပြီး နော်ဝေနိုင်ငံမှာ
သွားရောက်အခြေချ နေထိုင်ပြီး နိုင်ငံရေးလုပ်ငန်းတွေကို တိုးတက်ကြိုးစားလုပ်ကိုင်နေခဲ့ပါတော့တယ်။
ကျွန်တော်ကိုယ်တိုင်လည်း သိပ်မကြာခင်ပဲ ကျွန်တော့လုပ်ငန်း ကိစ္စတွေနဲ့ အိန္ဒိယကနေ ထွက်ခွါသွားပြီး
အရှင်ထာဝရနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ ၂၀၁၃ ဇူလိုင် မှာပဲ ဦးဇင်းနဲ့ အဆက်အသွယ်ပြန်ရတော့
သူဟာ မြန်မာပြည်တွင်းမှာ ကွန်ပျူတာပညာဒါနကျောင်းတစ်ခု ဖွင့်ပေးနိုင်တဲ့အထိ လူမှုရေးလုပ်ငန်းတွေကိုပါ
တွဲဘက် လုပ်ကိုင်နေနိုင်တာကို အံ့သြဝမ်းသာစွာ သိလိုက်ရပါတော့တယ်။ တစ်ချိန်က မြန်မာပြည်မှာ
သံဃာတော်တွေ၊ ပြည်သူတွေရဲ့ ရှေ့ဆုံးကနေ ရဲရဲတောက်ခေါင်းဆောင်ပြီး၊ စစ်တပ်ရဲ့ လူမဆန်စွာ
ပစ်ခတ်ဖြိုခွဲခဲ့မှုတွေကြားက သွေးတွေ၊ချွေးတွေနဲ့ မျိုးချစ်စိတ်ဓါတ်ပြင်းထန်လှတဲ့ လူငယ်တစ်ယောက်ဟာ
သူရှာဖွေနေခဲ့တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစနစ်အတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်နေဆဲပဲဆိုတာ
သိလိုက်ရလို့ ကျွန်တော်တို့ မြန်မာနိုင်ငံသား လူငယ်တွေအားလုံးကိုယ်စား ဂုဏ်ယူရလျက်ပါ။
ဟုတ်ပါတယ် ကျွန်တော်သိတဲ့ အရှင်ထာဝရ ဟာ လူငယ်တွေအတွက် စံပြုရမယ့် မြန်မာ့မျိုးချစ်
လူငယ်စစ်စစ်တစ်ဦးပါ။
ဖိုးသား
(ကလေး)
ခေတ္တ - ကချင်ပြည်နယ်
No comments:
Post a Comment