Monday, August 26, 2013

“အရေးတော်ပုံ၂၅နှစ်ပြည့်ပြီ…လက်ရှိအခြေအနေဘယ်လိုလဲ…ဘာတွေဆက်လုပ်ကြမလဲ”



မောင်ချင့်ချိန်

ဗမာပြည်ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်စတင်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ၊ မတ်လ(၂)ရက်နေ့ကနေ ခုအချိန်အထိ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေ အကြိမ်ကြိမ်ဆင်နွှဲခဲ့ကြတယ် ။  သံဃာတော်တွေ ၊ ကျောင်းသားတွေ ၊ အလုပ်သမားလယ်သမားတွေ ၊ နိုင်ငံဝန်ထမ်းတွေ ၊ ရဲတွေ ၊ လေတပ်နဲ့ရေတပ်ကတချို့စစ်သားတွေနဲ့ အလွှာအသီးသီးက ပြည်သူတွေအားလုံးပါဝင်တဲ့ သမိုင်းဝင်အထွေထွေသပိတ်တိုက်ပွဲကြီးကိုတော့ ၁၉၈၈ခုနှစ်၊(၈)လပိုင်း၊(၈)ရက်နေ့မှာ အ သက်တွေ ၊ ဘဝတွေအများကြီးပေးဆပ်ပြီး ဆင်နွှဲခဲ့ကြတယ် ။

“ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး ၊ မှန်အောင်ပဲပစ်တယ်” လို့ လက်နက်မဲ့ပြည်သူတွေကို ခြိမ်းခြောက်ခဲ့တဲ့စစ်အာ ဏာရှင်တွေဟာ အလောင်းတွေပုံထပ်နေအောင်ပစ်ခတ်သတ်ဖြတ်ပြီး သူတို့ရဲ့အာဏာပုလ္လင်ကို တည်ငြိမ်အောင်ထိမ်းချုပ် ခဲ့တယ် ။ ရှစ်လေးလုံးအရေးတော်ပုံကိုအကြမ်းဖက်နှိမ်နှင်းပြီး ဒီကနေ့အထိ စစ်အာဏာရှင်စနစ်နဲ့ ဗိုလ်ကျစိုးမိုးဆက်လက် အုပ်ချုပ်နေဆဲပဲဖြစ်တယ် ။ ဒီနေ့ထိလို့ကျနော်သုံးတဲ့အတွက် အရပ်သားအစိုးရဖြစ်နေပြီလို့ယူဆတဲ့သူတွေက ငြင်းကောင်း ငြင်းပါလိမ့်မယ် ။ ကျနော်ကတော့ စစ်တပ်နဲ့စစ်တပ်အရာရှိတွေ နေရာတိုင်းမှာကြီးစိုးချယ်လှယ်နေသမျှ စစ်အာဏာရှင် ခေတ်လို့ပဲ မြင်တယ် ။

ရှစ်လေးလုံးအရေးတော်ပုံကနေ သင်ခန်းစာတွေယူကြဖို့ပြောတာမျိုး အရေးတော်ပုံနှစ်ပတ်လည်ရောက်တိုင်းကြားရတယ် ။ သင်ခန်းစာယူရမှာ အဓိက ၃ ချက်ပဲရှိတယ်ထင်ပါတယ်။(အသေးစိတ်အချက်တွေလည်း ရေးမဆုံးပြောမဆုံးရှိနိုင်တယ်။)

(၁) စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက်ဆိုရင် ကျောင်းသား ၊ ကလေး ၊ ရဟန်း ၊ ကိုယ်ဝန် ဆောင်မရွေးဘူး ။ ဘယ်သူ့ကိုမဆို သတ်ဖို့ ၊ ဖမ်းဖို့ ၊ အနိုင်ကျင့်နှိပ်စက်ဖို့ဝန်မလေးဘူး ။ လိမ်တယ် ။ အချိုသတ်တယ် ။ ဘာမဆိုလုပ်တယ် ။ သူတို့အနိုင်ရဖို့ ဘယ်လိုနည်းလမ်းကိုမဆိုသုံးတယ် ။ ဘယ်တော့မှ သူတို့အာဏာနဲ့ အကျိုးစီးပွားကို အထိမခံဘူး ။ အဲဒါ အဓိကအကျဆုံး သင်ခန်းစာယူရမဲ့အချက်ပဲ ။ စစ်အုပ်စုနဲ့ပတ်သက်ရင် အဲဒီအချက်ကိုအခြေခံစဉ်းစားမှ အခြေအနေမှန်ကို တွက်စစ်မိမှာဖြစ်တယ် ။ (တချို့က ဒီအချက်ကိုမေ့ထားကြပုံရတယ်) ။

(၂)စစ်အာဏာရှင်တွေဟာ စစ်တပ်(လက်နက်)နဲ့ လူထုကိုအနိုင်ကျင့်စိုးမိုးထားတာဖြစ်တယ် ။ ဒါကြောင့် လူထုတော်လှန် ရေးအောင်မြင်ဖို့ဆိုရင် စစ်ဗိုလ်ချုပ်တွေအသုံးချနေတဲ့ စစ်တပ်တခုလုံး ပြည်သူလူထုနဲ့ပူးပေါင်းလာအောင်စည်းရုံးနိုင်ရင် စည်းရုံး ၊ မစည်းရုံးနိုင်ရင် အဲဒီစစ်တပ်ကိုနိုင်အောင် ရရာလက်နက်စွဲကိုင် နည်းလမ်းစုံသုံးပြီးတိုက်မှဖြစ်မယ် ။ စစ်တပ်ဟာ အာဏာရှင်တွေရဲ့ အသုံးချခံဖြစ်နေသေးသမျှ လူထုတိုက်ပွဲပြီးဆုံးဦးမှာမဟုတ်သေးဘူး ။

(၃)ရှစ်လေးလုံးအရေးတော်ပုံကြီးမှာပါဝင်ခဲ့တဲ့ပြည်သူတရပ်လုံးရဲ့စိတ်ဓာတ် ။ ရိုးသားတယ် ။ အမျိုးသားပြန်လည်သင့် မြတ်ရေးတို့ ၊ ငြိမ်းချမ်းရေးတို့ဆိုတာတွေခေါင်းစဉ်မတပ်ဘူး ။ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး အရာရာလှစ်လျူရှုခံနေ ရတာတွေ ၊ လူဖြစ်ရကျိုးမနပ် လူတန်းမစေ့ဖြစ်နေရတဲ့ အထွေထွေအကြပ်အတည်းတွေ ၊ ဆင်းရဲတွင်းနက်လှတဲ့ကြားထဲ လူ့အခွင့်အရေးတွေဆုံးရှုံးပြီး အနိုင်ကျင့်ဖိနှိပ်အုပ်ချုပ်မှုမျိုးစုံကိုခံနေရတာတွေအတွက် နောက်မဆုတ်တမ်းအသေခံတိုက်ပွဲ ဝင်ခဲ့ကြတာဖြစ်တယ် ။ ဤနေရာကျော်လျှင်ပစ်မည်ဆိုတဲ့ ခြိမ်းခြောက်တဲ့ဆိုင်းဘုတ်တွေကိုမကြောက်ခဲ့သလို ဒေါက်တာ မောင်မောင်ရဲ့ အပျော့ဆွဲစည်းရုံးမှုတွေအောက်မှာလည်း ကြွေးကြော်သံတွေမပြောင်းလည်းခဲ့ကြဘူး ။

 အခုတော့ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ၂၅ နှစ်ကြာဆိုတဲ့သက်တမ်းရောက်ခဲ့ပြီ ။ ကျနော့အမြင်မှာတော့ အရေး တော်ပုံ မပြီးဆုံးသေးဘူး ။ ဖြတ်သန်းခဲ့ပြီးတဲ့ ၂၅နှစ်တာကာလကနေ သင်ခန်းစာယူဖြစ်တဲ့အချက်တွေနဲ့ လက်ရှိပြည်သူ တွေရဲ့ ဘဝအခြေအနေတွေအရ ကျနော်တို့ရဲ့အရေးတော်ပုံ ၊ ပြည်သူတွေရဲ့ လူ့အခွင့်အရေးတောင်းဆိုမှုတိုက်ပွဲကြီး မပြီး ဆုံးသေးပါဘူး ။

လက်ရှိအခြေအနေမှာ စစ်အုပ်စုရဲ့နည်းဗျူဟာအပြောင်းအလည်းကို ဗမာပြည်ရဲ့အခြေအနေသစ်အဖြစ် နိုင်ငံရေးနယ်ပယ် ထဲက လူအများစုပြောလာကြတယ် ။  အမှန်ကတော့ စစ်အုပ်စုအနေနဲ့ သူတို့ရဲ့အဓိကရည်မှန်းချက်တွေဖြစ်တဲ့ အာဏာ တည်မြဲရေး ၊ ရှိထားပြီးတဲ့ အကျိုးစီးပွားတွေခိုင်မာရေးဆိုတာတွေအတွက် စိတ်ကြိုက်ဖန်တီးထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လမ်းပြမြေပုံဆိုတာအတိုင်း သွားနေတာပဲဖြစ်တယ် ။

ကြံ့ဖွတ်ပါတီ ၊ ၂၀၁၀ရွေးကောက်ပွဲ ၊ ပျော့ပြောင်းတဲ့ စစ်ယူနီဖေါင်းချွတ်သမ္မတ ၊ ကာလုံ ၊ ပြည်တွင်းငြိမ်းချမ်းမှုဖေါ်ဆောင် ရေးအဖွဲ့ ၊ ဖမ်းဆီးရေးနဲ့အကြမ်းဖက်ရိုက်နှက်ပစ်ခတ်ရေးအဖွဲ့ ၊ လူမျိုးရေးဘာသာရေးပဋိပက္ခဆိုတာတွေဟာ သံဃာ တောင်မချန်သတ်ဖြတ်နှိမ်နှင်းပြီး အာဏာမြဲအောင်ကြိုးစားခဲ့တဲ့ သန်းရွှေ ၊ မောင်အေးနဲ့ စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းရဲ့ စနစ် တကျစီစဉ်ဆောင်ရွက်ချက်တွေသာဖြစ်တယ် ။

ပြည်သူလူထုအပေါ် ကြမ်းချင်တိုင်းကြမ်း ၊ အနိုင်ကျင့်ချင်တိုင်းကျင့် ၊ ပြည်သူ့ဘဏ္ဍာကိုနည်းမျိုးစုံသုံးအရယူပြီး စစ်ဗိုလ်ချုပ် အသိုင်းအဝိုင်းကြီးတခုလုံး ဆွေစဉ်မျိုးဆက်သုံးမကုန်အောင်ချမ်းသာပြီးတော့မှ ပြုပြင်ပြောင်းလည်းရမဲ့အချိန်ရောက်ပြီလို့ အသံကောင်းဟစ်နေတာပဲဖြစ်တယ် ။ ပြောင်းလည်းသယောင် သရုပ်ဆောင်ပြချက်တွေသာဖြစ်ပြီး စစ်အာဏာရှင်ရဲ့စရိုက် တကယ်ပျောက်မသွားခဲ့ဘူး ။ ဘယ်လိုပဲအရပ်သားအစိုးရပါလို့ အသံကောင်းဟစ်ဟစ် သူတို့ရဲ့အကျိုးစီးပွားကိုထိခိုက် လာတဲ့အချိန် လက်ပံတောင်းဒေသမှာ သံဃာတွေကိုဘယ်လိုနှိမ်နှင်းခဲ့လဲကြည့် ။ မအူပင်မှာ လယ်သမားတွေကို ဘယ်လို နှိမ်နှင်းခဲ့လဲကြည့် ။ ပြည်သူတွေဟာ အနိုင်ကျင့်ခံနေရတဲ့ဘဝမှာပဲ ရှိနေကြသေးတယ် ။ 

စစ်ဗိုလ်ချုပ်တွေ ယူနီဖေါင်းပြောင်းအုပ်ချုပ်ခဲ့တဲ့ သုံးနှစ်ကျော်ကာလကိုလေ့လာကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် အမတ် ဖြစ်တယ် ။ လွှတ်တော်ထဲရောက်တယ် ။ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌဖြစ်တယ် ။ အဲဒါအပြောင်းအလည်းလား ။ အမတ်ဖြစ်ပြီး လွှတ်တော်ထဲရောက်သွားတာပဲရှိတယ် ။ ပြည်သူတွေအတွက် ဘာတခုမှကိုမလုပ်ပေးနိုင်သေးဘူး ။ လွှတ် တော်ထဲက စစ်အုပ်စုဖန်တီးထားတဲ့ ၂၅%စစ်ဗိုလ်တွေနဲ့ ကြံ့ဖွတ်အမတ်တွေကို ကျော်လွန်နိုင်တာ ဘာမှမရှိသေးဘူး ။ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌလို့ နာမည်ခံရာထူးရတာကလွဲရင် အာဏာရှင်စနစ်မပျောက်ကွယ်သေးတဲ့တိုင်းပြည် မှာ ဘယ်နေရာမှာမှ တရားဥပဒေစိုးမိုးအောင် မလုပ်နိုင်သေးဘူး ။ လူထုခေါင်းဆောင် ၊ ဒီမိုကရေစီမိခင်ကြီးလို့ ပြည်သူ တွေအားကိုးမျှော်လင့်ခဲ့သူက လက်ပံတောင်းအရေးလို အာဏာရှင်တွေရဲ့အကြမ်းဖက်မှုမျိုးမှာ ပြည်သူ့ရှေ့ကမရပ်နိုင် တော့တာ ။ မတရားတဲ့အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြလို့ပြောခဲ့သူက စိတ်ရှည်ကြပါ ၊ သည်းခံကြပါဆိုတာမျိုး ဒေါက်တာမောင်မောင်လိုလေပျော့လေးနဲ့ဖြစ်သွားတာတွေကို အပြောင်းအလည်းလို့ပြောမယ်ဆိုရင်တော့ အဲဒါဟာ ပြည်သူ လူထုလိုချင်တဲ့အပြောင်းအလည်းတော့မဖြစ်နိုင်ဘူး ။

ဒီသုံးနှစ်တာကာလမှာ ကိုမင်းကိုနိုင် ၊ ၈၈မျိုးဆက်ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတော်တော်များများလွတ်လာ တယ် ။ ခြွင်းချက်မရှိ တရားသေလွတ်လာတာမဟုတ်ဘူး ။ ပုဒ်မ၄၀၁ ဆိုတာကြီးတန်းလန်းပါတယ် ။ ဥပဒေတခုခု ချိုးဖေါက်ရင် မူလအပြစ်ဒါဏ်တွေပြန်ကျခံရမယ်ဆိုတာမျိုး အနှောင်အဖွဲ့ကြီးရှိနေတယ် ။ လွှတ်မပေးခင်ကလည်း တန်ဆာ ခံတွေလိုအလုပ်ခံရတယ် ။ KNU နဲ့ ဆွေးနွေးမှ ကရင်နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးတယ် ။ KIA နဲ့ဆွေးနွေးမှ ကချင်နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးတယ် ။ ABSDF နဲ့ဆွေးနွေးမှ ကျောင်းသားတပ်မတော်နဲ့ဆက်နွယ်တဲ့ နိုင်ငံ ရေးအကျဉ်းသားတွေကိုလွှတ်ပေးတယ် ။ သုံးနှစ်လောက်ကာလမှာ ဆယ်ကြိမ်အလီလီခွဲလွှတ်တယ် ။ လွှတ်မပေးပဲထား သူတွေ အများကြီးရှိနေသေးသလို လယ်သမားအရေးတွေ ၊ ပုဒ်မ၁၈ အမှုတွေနဲ့ ထပ်ထပ်ဖမ်းနေတာတွေကိုကြည့်ရင် စစ်အုပ်စုရဲ့ မရိုးသားမှုကို အထင်းသားမြင်နေရတယ် ။

ဒီကာလတွေမှာ အရင်ကလုပ်ခွင့်မရခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေ ၊ အထိမ်းအမှတ်အခန်းအနားတွေလုပ်ခွင့်ရလာတယ် ။ မီဒီယာလွတ်လပ်ခွင့်လည်းနည်းနည်းရှိလာတယ် ။ သတင်းယူခွင့် ၊ သတင်းရေးခွင့် ၊ ဆောင်းပါးတွေဖေါ်ပြခွင့်တွေရလာ တယ် ။ Black List ဖျက်ပေးမှုကြောင့် ပြည်ပရောက်အတိုက်အခံတချို့ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် လုပ်ရလာ တယ် ။ ဒါပဲ ။ ဒါလေးပဲ ။ အရပ်သားအစိုးရအဖြစ် ပြောင်းနေပါပြီလို့ ပြကောင်းယုံဟပေးထားတဲ့ ပါးပါးလေးပဲ ။သူတို့ ခွင့်ပြုသလောက်ထက်ပိုတဲ့အခြေအနေဖြစ်လာရင် ကိုရဲမင်းဦးလို ၊ ကိုထင်ကျော်လို ၊ ကိုအောင်စိုးလို ၊ လယ်သမားအရေး ဦးဆောင်နေတဲ့သူတွေလို အဖမ်းခံရမယ် ။ လက်ပံတောင်းတောင်နဲ့ မအူပင်ကလယ်သမားတွေလို အရိုက်ခံရ ၊ နှိမ်နှင်း ခံရမယ် ။ ဘယ်မှာလဲ ပြည်သူတွေအတွက် လက်တွေ့ကျတဲ့လုပ်ပိုင်ခွင့် ။

နှစ်ပေါင်း၅၀ကျော်အမှောင်ကျ လွတ်လပ်မှုဆိတ်သုန်းခံတဲ့တိုင်းပြည်ကို ပိုးစုန်းကြူးလိုအလင်းစလေးမျိုး ဖန်တီးပေးလိုက် တော့ လင်းလှပြီထင်မှတ်မှားကြမှာပဲ ။ စစ်အုပ်စုအနေနဲ့ အဲဒီပိုးစုန်းကြူးလေးကိုဖန်တီးလိုက်တဲ့အတွက် အမြတ်တွေ တခုပြီးတခုရသွားခဲ့တယ် ။ သူတို့အတွက် အတိုက်အခံအဖွဲ့အစည်းဆိုတာ မရှိသလောက်ဖြစ်အောင်လုပ်သွားနိုင်ခဲ့တယ် ။ လူထုရှေ့ကနေ တစ်ဦးစ နှစ်ဦးစထွက်ရပ်တဲ့ မထင်မရှားခေါင်းဆောင်ငယ်တွေကိုတော့ အသာဆွဲစားလိုက်ယုံပဲ ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအတွက် နိုင်ငံတကာကိုသွားရင်းနှီးမြှုတ်နှံအခြေချဖို့ နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေပွင့်သွားခဲ့တယ် ။ လူသတ် သမားတွေ ၊ စစ်ရာဇဝတ်ကောင်တွေဖြစ်ခဲ့တဲ့ သူတို့ရဲ့အခြေအနေမှန်ဝေဝါးပျောက်ကွယ်ပြီး သွေးစွန်းနေတဲ့သူတို့ရဲ့လက် တွေကို ကမ္ဘာ့ခေါင်းဆောင်တွေ ၊ သူတို့နဲ့နှစ်ပေါင်းများစွာရန်ဘက်ဖြစ်ခဲ့တဲ့သူတွေက ဆွဲကိုင်လှုတ်ရမ်း ၊ အပြုံးနဲ့ နှုတ်ခွန်း ဆက်ကြရတဲ့အခြေအနေကို သူတို့ရသွားခဲ့ကြတယ် ။

စစ်အုပ်စုရဲ့ နိုင်ငံရေးအမြတ်ရဖို့ဖန်တီးမှုတွေထဲမှာ ဘာသာရေးပဋိပက္ခလည်းပါတယ် ။ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကို ရန်ပွဲတွေဖြစ်လာအောင်ဖန်တီးတယ် ။ မိတ္ထီလာအရေးအခင်းကိုလေ့လာရင် ၊ တခြားမြို့တွေက ဗလီ မီးရှို့မှုတွေကိုလေ့လာရင် အာဏာပိုင်တွေကိုယ်တိုင်စနစ်တကျဖန်တီးတယ်ဆိုတာတွေ့နိုင်တယ် ။ ဗမာပြည်မြို့တွေမှာ ဘယ်နေရာမှာဖြစ်ဖြစ် နိင်ငံရေးလှုံ့စော်မှုတခုခုလုပ်လိုက်တာနဲ့ ကြံ့ဖွတ်တွေ ၊ စွမ်းအားရှင်တွေ ၊ ရဲတွေ ၊ ထောက်လှန်း ရေးတွေနဲ့စစ်တပ် ချက်ချင်းလိုရောက်လာပြီး ဖမ်းဆီးတာ ၊ တားမြစ်တာတွေလုပ်တယ် ။ မိတ္ထီလာမှာ လူလေးဆယ် လောက်ကို ရိုက်သတ် ၊ မီးရှို့သတ်နေတဲ့အချိန် ။ တခြားမြို့တွေမှာ ဗလီမီးရှို့မှုတွေဖြစ်တဲ့အချိန် ။ ဘာလို့ တားဆီးမှုတွေ မလုပ်တာလဲ ။ ပြီးတော့ မိတ္ထီလာဆိုတာက တပ်မြို့ ။ ကြည်းတပ်တွေအများကြီးရော ၊ လေတပ်ရော ပတ်ပတ်လည်ဝိုင်းရံ ထားတဲ့မြို့ ။ အဲဒီလိုမြို့မှာနေတဲ့ (သူ့ဘာသူဘယ်ဘာသာကိုးကွယ်ကိုးကွယ်)နိုင်ငံသားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို မကာကွယ်မစောင့်ရှောက်နိုင်ဘူးဆိုတာ ဟုတ်ပါ့မလား ။ များပြားလှတဲ့ ရဲတွေ ၊ ထောက်လှန်းရေးတွေက ဘယ်သူတွေ အလိုကျ ရှောင်ပေးနေရတာလဲ ။ အဲဒီလိုဘာသာရေးပဋိပက္ခတွေဖန်တီးပြီး နိုင်ငံရေးအရဆန့်ကျင်ချင်မဲ့ ပြည်သူတွေကို အာရုံလွှဲပလိုက်တယ် ။ စစ်တပ်အုပ်ချုပ်ဖို့လိုတယ်ဆိုတဲ့အခြေအနေ ရယူတယ် ။ ၂၀၀၇ စက်တင်ဘာအရေးအခင်းကြောင့် ဗမာပြည်ကသံဃာတော်တွေဟာ သူရဲကောင်းတွေ ၊ အာဇာနည်တွေဖြစ်တယ်လို့ ကမ္ဘာ့ပြည်သူတွေမြင်နေတာကို အကြမ်း ဖက်သံဃာတွေဆိုတာမျိုးဖြစ်သွားတဲ့အထိ တွန်းပို့တယ် ။ စသဖြင့် အကျိုးအမြတ်တွေ ဖန်တီးသွားခဲ့တယ် ။

အဲဒီတော့ စစ်အုပ်စုလိုချင်သလိုဖန်တီးတည်ဆောက်နေတဲ့အခြေအနေအောက်မှာ အမျိုးမျိုးလူးလဲနေအောင် ပြည်သူတွေ ခံနေကြရတယ် ။  ဒေါ်စုနဲ့NLD တွေ ၊ ကိုမင်းကိုနိုင် နဲ့ ၈၈မျိုးဆက်တွေ ၊ တခါက စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်ခဲ့ တယ်ဆိုတဲ့သူတွေက နောက်ပြန်မလှည့်ရေးပြောပြီး မျှောလိုက်နေကြတယ် ။ ရှစ်လေးလုံးအရေးတော်ပုံဆိုတာ ဟိုး… နောက် ၂၅ နှစ်ကဖြစ်ခဲ့တာ ။ ခုထိမပြီးဆုံးသေးဘူး ။ နောက်ပြန်မလှည့်ချင်ရင် ရှစ်လေးလုံးအရေးတော်ပုံကို ကျောခိုင်း ရာကျတယ် ။ ရှစ်လေးလုံးလို လူထုအင်အားကိုဖေါ်ထုတ်တဲ့သမိုင်းဝင်တိုက်ပွဲမျိုး ထပ်မဖြစ်စေချင်တဲ့သဘောသက်ရောက် တယ် ။ အဲဒါ စစ်အုပ်စုဖြစ်စေချင်တဲ့ပုံစံပဲ ။ အရေးတော်ပုံမရှိရင် ပြည်သူတွေ ဖိနှိပ်ခံဘဝက ဘယ်လိုလွတ်မြောက်နိုင်ပါ့ မလဲ ။ ပြည်သူတွေအနိုင်ကျင့်ခံနေရမှု မပပျောက်သေးသမျှ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ။ တရား ဥပဒေစိုးမိုးမှုမရှိရင် တန်းတူညီမျှမှုဆိုတာ ဝေလာဝေးပဲ ။ တန်းတူညီမျှမှုမရှိရင် ဖက်ဒရယ်တို့ ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ ဆိုတာတွေ ဘယ်လိုစိတ်ကူးယဉ်လို့ရမှာလဲ ။

နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့လက်တွေ့အခြေအနေပဲလို့ နိုင်ငံရေးလုပ်သူတိုင်း နားလည်ကြတယ် ။ ပြည်သူတွေရဲ့ လက် တွေ့အခြေအနေက ဘယ်လိုလဲ ။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့ဆန္ဒတွေ ပြည့်ဝနေ ပြီလား ။ ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေမှုအဆင်ပြေရေး လုံးဝဖြစ်မလာသေးဘူး ။ သန်းနဲ့ချီတဲ့ပြည် သူတွေဟာ ကိုယ့်တိုင်းပြည်ကိုယ်စွန့်ခွာပြီး သူများနိုင်ငံသွား ဝမ်းစာရှာနေကြရတယ် ။ တိုင်းရင်းသားတွေအများကြီးဟာ သူများနိုင်ငံထဲမှာ ဒုက္ခသည်တွေအဖြစ် ခိုလှုံနေကြရဆဲဖြစ်တယ် ။ ဆေးရုံ ၊ ဆေး ၊ ဆရာဝန်မလုံလောက်မှု ။ စာသင် ကျောင်း ၊ သင်ထောက်ကူပစ္စည်းနဲ့ ကျောင်းဆရာမလုံလောက်မှု ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု စသည်ဖြင့် နိုင်ငံဆင်း ရဲမွဲတေမှုဒါဏ်ကို ပြည်သူတရပ်လုံးခံနေကြရဆဲပဲဖြစ်တယ် ။ အဓမ္မလုပ်အားပေးခိုင်းတာ ၊ အဓမ္မစစ်သားစုဆောင်းတာ ၊ အိမ်ခန်းဆိုင်ခန်းတွေ ဖျက်ခိုင်းတာ ၊ လယ်ယာမြေတွေမတရားသိမ်းပိုက်ခံရတာ စတဲ့အနိုင်ကျင့်မှုမျိုးစုံကိုလည်း ခံနေကြ ရဆဲပဲဖြစ်တယ် ။ အရေးတော်ပုံ ၂၅ နှစ်ကြာကာလတိုင်ခဲ့ပေမဲ့ ပြည်သူ့လိုအပ်ချက်တွေဘာမှဖြစ်မလာသေးတဲ့အတွက် လူထုအရေးတော်ပုံမပြီးဆုံးသေးပဲ ဆက်လက်တိုက်ပွဲဝင်ကြရဦးမဲ့အခြေအနေလို့ ဆိုရမှာပဲဖြစ်တယ် ။

အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သူတွေ စစ်ဗိုလ်ချုပ်တွေရဲ့လက်ကိုဆွဲကိုင်ပြီး အပြုံးတွေဝေနေတာ ဘယ်လိုဆက်တိုက်မယ် ပြောနေတာလည်းလို့ မေးချင်သူရှိမယ် ။ ပြောရရင် လူထုတော်လှန်ရေးတရပ်ဖြစ်ဖို့ရာ ဒေါ်အောင်စန်းစုကြည်ပါမှ ၊ မင်းကို နိုင်နဲ့ ၈၈မျိုးဆက်တွေဦးဆောင်မှ ၊ ABSDF ကျောင်းသားတပ်မတော်ရှိနေမှ ၊ မောင်ဖြူမောင်နီစသဖြင့်ပါမှ မဟုတ်ပါဘူး ။ ရှစ်လေးလုံးအရေးတော်ပုံဟာ လူထုဆန္ဒအလျောက်ပေါ်ပေါက်လာခဲ့တာသာဖြစ်ပြီး တိုက်ပွဲထဲကနေမှ လူထုကသင့်ရာ ခေါင်းဆောင်တွေရွေးချယ်ခဲ့တာပဲဖြစ်တယ် ။ ဒါကြောင့် လူထုအုံကြွမှုတွေ လူထုတိုက်ပွဲတွေဖြစ်ပေါ်လာဖို့ ပြည်သူလူထုပဲ လိုပါတယ် ။ လူထုက သူတို့ကံကြမ္မာကို သူတို့ရွေးချယ်မှာပဲဖြစ်တယ် ။

လတ်တလောမှာ မြေသိမ်းခံလယ်သမားတွေရဲ့ တောင်းဆိုမှုတိုက်ပွဲတွေ ပြည်နယ်နဲ့တိုင်းအသီးသီးမှာ မကြာခနဖြစ်နေတာ  ကိုတွေ့ရတယ် ။ အလုပ်သမားဆန္ဒပြပွဲတွေလည်း မကြာခနဖြစ်လာနေတယ် ။ တနေရာစီပြန့်ကျဲနေတဲ့ လယ်သမားတိုက် ပွဲတွေကနေ တစ်နိုင်ငံလုံးလယ်သမားအရေးတော်ပုံအဖြစ်စုစည်းနိုင်ဖို့ ။ အလုပ်သမားဆန္ဒပြပွဲတွေကနေ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသပိတ်အဖြစ် စုစည်းနိုင်ဖို့ ။ လယ်သမား ၊ အလုပ်သမား တိုက်ပွဲတွေကနေ အထွေထွေသပိတ်တိုက်ပွဲကြီး ဖြစ်လာတဲ့အထိ တိုက်တွန်းနှိုးစော်ကြရမယ် ။ မတရားလယ်ယာမြေအသိမ်ခံရမှုတွေ ၊ လုပ်ခအပြည့်အဝမရရှိတဲ့အနိုင် ကျင့်ခံရမှုတွေဟာ စစ်အာဏာရှင်တွေနဲ့ စစ်အုပ်စုဒေါက်တိုင်ခရိုနီတွေကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ ကိုယ့်ဆန္ဒအမှန် မဟုတ်ပဲ အာဏာပိုင်တွေနဲ့ကြံ့ဖွတ်တွေရဲ့ဖိအားပေးမှုတွေကြောင့် အမှန်ခြစ်ခဲ့ရတဲ့၂၀၀၈ဖွဲ့စည်းပုံဥပဒေဟာ စစ်အာဏာ သက်တမ်းရှည်အောင်ရေးဆွဲထားတာဖြစ်တဲ့အတွက် လတ်တလောမကျေနပ်မှုအကြောင်းအရာအတွက်သာမက ၂၀၀၈ ဖွဲ့စည်းပုံဥပဒေတိုက်ဖျက်ရေးအတွက်ပါ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း တိုက်တွန်းနှိုးစော်ကြဖို့လိုတယ် ။

ဒီတော့ မပြီးဆုံးသေးတဲ့အရေးတော်ပုံကြီးရဲ့ကြွေးကြော်သံတွေကို ဆက်ကြွေးကြော်ရင်းတိုက်ပွဲဝင်နေကြရဦးမှာဖြစ်တယ် ။

၂၀၀၈ ဖွဲ့စည်းပုံတိုက်ဖျက်ရေး - ဒို့အရေး

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး-ဒို့အရေး

ဒီမိုကရေစီနဲ့လူ့အခွင့်အရေးများရရှိရေး- ဒို့အရေး

အရေးတော်ပုံ - အောင်ရမည် ..အောင်ရမည်….။



မောင်ချင့်ချိန်

No comments:

Post a Comment