ပြီးခဲ့တဲ့(၂၀၀၇) ရွှေဝါရောင် သံဃာ့အရေးခင်း ကြီးကို မြန်မာပြည်သူတွေကော ကမ္ဘာ့  ပြည်သူတွေပါ ထာဝရ အမှတ်ရနေကြ ပါလိမ့်မယ်။အကြောင်းကတော့ ဒီလိုဘာသာရေး ခေါင်းဆောင်တွေ စုပေါင်းလမ်းပေါ်ထွက် တောင်းဆို၊ဆန္ဒပြ၊ဆုတောင်း မှုမျိုး ကို ပြီးခဲ့တဲ့(၂၀၀၇) ရွှေဝါရောင်တော်လှန်ရေး မှလွဲ၍ ဘယ်တုန်းကမှတွေ့ မြင်ခဲ့ဖူးခြင်း မရှိခဲ့ပါ။
မြန်မာနိုင်ငံရဲ့ ရဟန်းသံဃာတော်များ လမ်းမပေါ် ထွက်ခဲ့ကြပါတယ်။ ဘာကြောင့် ထွက်လာခဲ့ကြရပါသလဲ။ အဖြေကတော့ နည်းမျိုးစုံနဲ့ ဖိနှိပ်အနိုင်ကျင့်နေတဲ့ အာဏာရှင်များ လက်အောက်က ရုန်းထွက်ကြဖို့ပါပဲ။ စစ်အာဏာရှင်များ အဓမ္မဝါဒီနဲ့ တိုင်းပြည်အပေါ် ကြီးစိုးနေမှုကို မြတ်စွာဘုရားရှင်ရဲ့ တပည့်သား သံဃာတော်များက ဓမ္မဆိုတဲ့တရားနဲ့ တွန်းလှန်ခဲ့တဲ့ ရွှေဝါရောင် ဒီလှိုင်းများပါပဲ။ ဒီရွှေဝါရောင်တော်လှန်ရေးလို့ခေါ်တဲ့ သံဃာတော်များဦးဆောင်တဲ့ လူထုလှုပ်ရှားမှုအပေါ် နည်းနည်းလောက် ပြန်ဆန်း စစ်ကြည့်ချင်ပါတယ်။ ဆန်းစစ်ကြည့်မှလည်း ဦးဇင်းတို့ ကောက်ချက်တစ်ခုကို ချနိုင်မှာပါ။ ဒီကောက်ချက်ဟာ ဦးဇင်းတို့ ရှေ့ဆက်ချီတက်ရမယ့် တော်လှန်ရေးခရီးအတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။အဖြေက တော်တော်လေးပြောမှ ပြည့်စုံမှာပါ။ ဒါကြောင့် လတ်တလောအခြေအနေတွေကိုပဲ အဓိကထား သုံးသပ်ကြည့်ပါရစေ။ အရင်ဆုံး စစ်အုပ်ချုပ်ရေးစနစ်ကို သုံးသပ်ကြည့်မယ်ဆိုရင် အာဏာရှင်အစိုးရဟာ သပ်လျှိုသွေးခွဲတဲ့စနစ်ကို တွင်တွင်ကျယ်ကျယ်ကြီး အသုံးပြုနေတာ တွေ့ရပါတယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ပြည်သူတွေနဲ့ သွေးခွဲအုပ်ချုပ်ခဲ့သလိုပဲ နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်များနဲ့ အောက်ခြေသံဃာတော်များကိုလည်း နည်းအမျိုးမျိုးနဲ့ သွေးခွဲ အုပ်ချုပ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုရင် ပြည်သူတွေအပေါ်မှာ သံဃာထုရဲ့ သြဇာကြီးမားတာကို သိသလို ဒီသံဃာထု နိုင်ငံရေးလောကထဲမှာ ပါဝင်လာမှာကိုလည်း ကြောက်ပါတယ်။ ဒါကြောင့် ပြည်သူတွေနဲ့အလှမ်းဝေးတဲ့ မ-ဟ-န ဆရာတော်များကို အမျိုးမျိုး ချဉ်းကပ်စည်းရုံးပြီး အောက်ခြေ သံဃာတော်များအပေါ် ဝိနည်းဖြင့်လည်းကောင်း၊ တည်ဆဲဥပဒေများဖြင့် လည်းကောင်း နည်းမျိုးစုံသုံးပြီး ဖိနှိပ်ခြင်းဖြင့် သံဃာထုကို သွေးခွဲခဲ့ပါတယ်။ ဒါဟာ သံဃာကို သင်းခွဲခြင်းဆိုတဲ့ သံဃဘေဒကကံကို ကျူးလွန်လိုက်တာပါပဲ။ ဒေဝဒတ်လက်သစ်များလို့ ဆိုရမှာပါ။ ဒီအချက်ဟာရွှေဝါရောင်တော်လှန်ရေးကြီးကိုသန္ဓေတည်စေခဲ့တဲ့အချက်ပါ။
၂ဝဝ၇ သြဂုတ် ၁၉ မှာ လောင်စာဆီဈေးနှုန်းတွေ မြင့်ပြီး ကားခတွေ ရုတ်တရက် ဈေးတက်ခဲ့လို့ ၈၈ မျိုးဆက်ကျောင်းသားတွေ ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ လမ်းလျှောက်ဆန္ဒပြခဲ့တာကို မတရား ဖိနှိပ် ဖမ်းဆီးခဲ့ပါတယ်။ ၂ဝဝ၇ စက်တင်ဘာ ၅ ပခုက္ကူမှာ ဖြစ်ပွားခဲ့တဲ့ သံဃာ့အရေးကိစ္စမှာ သံဃာတော်တွေကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တဲ့ ကိစ္စပါ။ ရတနာသုံးပါးထဲမှာ တပါးအပါအဝင်ဖြစ်တဲ့ သံဃာတော်တွေကိုတောင် စော်ကားရဲတယ်ဆိုတော့ ကမ်းကုန်နေပါပြီ။ ဒီလို စစ်အာဏာရှင်တွေ တိုင်းပြည်အပေါ် မတရားဖိနှိပ်ပြီး အဓမ္မတရားတွေနဲ့ ကြီးစိုး နှိပ်စက်နေတာကို သံဃာတော်အရှင်မြတ်များက ဓမ္မနဲ့ရင်ဆိုင်ဖို့ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တဲ့ အသမ္မုခတာ ကံရှစ်ပါးတွင် တပါးအပါအဝင်ဖြစ်တဲ့ ပတ္တနိက္ကုဇ္ဇနကံဆိုတဲ့ သပိတ်မှောက်ကံဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂ဝဝ၇ စက်တင်ဘာ ၁၈ မှာ စစ်အာဏာရှင်အစိုးရကို သပိတ်မှောက် ကံဆောင်ကြရာမှ ရွှေဝါရောင်တော်လှန်ရေးကြီး စတင်ပေါ်ပေါက်ခဲ့ရပါတယ်။
သံဃာတော်အရှင်မြတ်များ စတင်ခဲ့တဲ့ ဒီအရေးတော်ပုံကြီးဟာ သံဃာတော် များအရေးကိစ္စမျှသာ မဟုတ်တော့ဘဲ ပြည်သူအားလုံးရဲ့ အရေးကိစ္စ ဖြစ်လာခဲ့ပါတယ်။ ကျောင်းသား၊ ပြည်သူများပါ ပူးပေါင်းပါဝင်လာခဲ့ပြီး အရှိန်အဟုန် မြင့်သည်ထက် မြင့်လာခဲ့ပါတယ်။ ဒါဟာ ရှစ်လေး လုံးအရေးတော်ပုံကြီး ပေါ်ပေါက်ပြီးနောက်ပိုင်း ၁၉ နှစ်ကျော်အကြာမှာ ပေါ်ပေါက်လာခဲ့တဲ့အရှိန်အဟုန်အကြီးဆုံးလူထုတိုက်ပွဲတပွဲပါပဲ။
အရှိန်အဟုန်ပြင်းပြင်းနဲ့ လှုပ်ရှားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အကျအဆုံးများစွာနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။ သံဃာထုနဲ့အတူ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ မပါဝင်ခဲ့တဲ့အပြင် လျစ်လျူရှုခြင်းပါ ခံခဲ့ရပါတယ်။ ဒါဟာ သံဃာထုအတွက် အနစ်နာဆုံးအချက်ပါ။ အကယ်၍ မ-ဟ-န ဆရာတော်များ ပါဝင်ခဲ့ကြမယ်ဆိုရင် အာဏာရှင်အစိုး အနေနဲ့ ကိုင်တွယ်ရ တော်တော် ခက်သွားပါလိမ့်မယ်။ သို့ဆိုလျှင် ဒီအရေးတော်ပုံကြီးဟာ မအောင်မြင်ခဲ့ရင်တောင် အခုလို ရက်ရက်စက်စက်နှိမ်နင်းခံရလိမ့်မယ်မဟုတ်ဘူးလို့ထင်မိပါတယ်။
ပြည်သူအများစုဟာ ဘေးကနေ လက်ခုပ်တီးပေးရုံလောက်နဲ့ တာဝန်ကျေပြီလို့ ထင်နေကြတယ်။ ဒါဟာ အမျိုးသားရေးတာဝန်မဲ့မှု တရပ်ပဲ ဆိုတာကို မသိကြလို့လည်း ဖြစ်နိုင်ပါတယ်။သို့ မဟုတ် နိုင်ငံရေးခေါင်းဆောင်အချို့  ကြိုတင်အဖမ်းခံတားရခြင်းနှင့် ကျန်ရှိနေသေးတဲ့ ခေါင်းဆောင်အချို့ ရဲ့  ပြင်ဆင်မှုအားနည်းခြင်း ကြောင့်လဲပဲ ဖြစ်နိုင်ပါတယ်။့ အာဏာရှင်အစိုးရ အနေနဲ့လည်း ဘာကြောင့် ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လိုက်ရသလဲ။ ဒါဟာ အဓိကအချက်ပါ။ လှုပ်ရှားမှုကြီးဟာ တရက်ထက်တရက် အရှိန်အဟုန် ပိုပြင်းထန်လာခဲ့တယ်။ ဒါကို သူတို့ကြောက်တာပါ၊ ဘာကြောင့်လဲဆိုရင် ၂ဝဝ၈ မေလမှာ ဆန္ဒခံယူပွဲ လုပ်မယ်၊ ဒီဆန္ဒခံယူပွဲဟာ သူတို့ရဲ့ အနာဂတ်ပါ။ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေသာ အတည်ဖြစ်သွားပြီဆိုရင် စစ်တပ်က နိုင်ငံတော်အာဏာရဲ့ လေးပုံတစ်ပုံကို အလိုလို ပိုင်ဆိုင်သွားမှာပါ။ ဒီလိုအခြေအနေမှာ ရွှေဝါရောင်တော်လှန်ရေး ကြောင့် ဆန္ဒခံယူပွဲကို ထိခိုက်မှာအကြောက်ကြီးကြောက်ပြီးရက်ရက်စက်စက်ဖြိုခွဲခဲ့တာပါပဲ။ဒီလိုနဲ့ဦးဇင်းတို့ရဲ့ရွှေဝါရောင်ဒီလှိုင်းတွေရပ်တန့်သွားခဲ့ရတာပါ။
ဒီတော်လှန်ရေးကြီးကနေ ရွှေဝါရောင်မျိုးဆက်သစ် သံဃာတော်တွေ၊ကျောင်းသား လူငယ်တွေ၊ အမြောက်အများ မွေးထုတ်ပေးခဲ့သလို၊ အနည်ထိုင်လုလုဖြစ်နေတဲ့ လူထုရဲ့နိုင်ငံရေးစိတ်ဓာတ်ကို လှုပ်နှိုးပေးနိုင်ခဲ့ပါတယ်။ နောက် ၂ဝဝ၄ မှာ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကြီးကို ကျင်းပရန်ကြိုးစားပြီး ဘာသာရေးကို ခုတုံးလုပ်တတ်တဲ့ စစ်အာဏာရှင်ကြီးများရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့အရေးကိစ္စကိုလည်း ကမ္ဘာက လျစ်လျှူရှုလို့ မရလောက်အောင်လည်း သိစေခဲ့ပါတယ်။ အဓိကကျဆုံးအချက် ကတော့ သံဃာတော် အရှင်သူမြတ်များဟာ ပြည်သူရဲ့ဆွမ်းကိုစားပြီး နေသာသလို မနေခဲ့ပါဘူး။ ပြည်သူတွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ပြည်သူတွေနဲ့အတူ တသားတည်း ရင်ဆိုင်ဖြေရှင်းတတ်တဲ့ ရင်ဆိုင်ဖြေရှင်းရဲတဲ့ ပြည်သူ့ရှေ့ဆောင်တွေ ဖြစ်ကြတယ်ဆိုတာကိုပြသလိုက်တာပါပဲ။
နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ထိုက်သင့်တဲ့အောင်မြင်မှုတော့ ရခဲ့ပါတယ်။ သာသနာ့အလံတော်ကို အမြင့်မားဆုံးလွှင့်ထူပြီး ဒီမိုကရေစီ တော်လှန်ရေးမှာ ကမ္ဗည်းမော်ကွန်း တင်နိုင်ခဲ့ပါတယ်။ ပြည်သူ၊ ပြည်သား ဒကာ ကာမတွေအတွက် သံဃာတော် အရှင်မြတ်တွေဟာ် အားကိုးထိုက်တဲ့ ကိုးကွယ်ရာအစစ်တွေ ဖြစ်ကြတယ် ဆိုတာကို သွေးနဲ့ သက်သေပြခဲ့ပါတယ်။ ကမ္ဘာ့အလယ်မှာလည်း မြန်မာရဟန်းတော်များဟာ သမိုင်းအစဉ်အလာ မညံ့ဘူးဆိုတာသိအောင်ရွှေဝါရောင်သမိုင်းအသစ်ကိုရေးထိုးလိုက်နိုင်ခဲ့ပါပြီ။
ဒါပေမယ့် စစ်ပွဲရှုထောင့်ကကြည့်မယ်ဆိုရင် အထိနာခဲ့တယ်လို့ဆိုရမှာပါ။ ပေးဆပ်မှုတွေ တအားများလွန်းလို့ပါ။ဒီလှုပ်ရှားမှုအတွင်းမှာ သံဃာတော်နဲ့ ကျောင်းသား ပြည်သူများစွာ အသက်ပေးခဲ့ရသလို၊ ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။ အချို့မှာ ယခုတိုင် ပုန်းရှောင်နေရပြီး၊ အချို့က တိုင်းတပါးသို့ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။ ပြည်တွင်း အတိုက်အခံအင်အားစုများ တော်တော်ကို အင်အား ချည့်နဲ့သွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေကို ရောက်ခဲ့ရတာဟာ စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စစ်ပြန် ဆိုတဲ့ စစ်ရဲ့ အစီအရင်တွေနဲ့ မပြည့်စုံလို့ပါ။ အကြမ်းဖက် ကိုင်တွယ်မယ်ဆိုတာ သိပြီးသား ဖြစ်ပါလျက် အဲဒီအခြေအနေကို အဆုတ်အတက် မလုပ်နိုင်ခဲ့တာလည်း ပါပါတယ်။ သံဃာထုရဲ့  နိုင်ငံရေးနည်းပရိယာယ် မကြွယ်ဝမှုကြေင့်လဲပဲ ဖြစ်နိုင်ပါတယ်။ အကြမ်း မဖက်နိုင်အောင် ပြည်ပအဖွဲ့အစည်းများနဲ့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံခြားတိုင်းပြည်များ ထိရောက်တဲ့ ဖိအား မပေးနိုင်ခဲ့တာ၊ နောက်ဆက်တွဲ အဖမ်းအဆီးကိစ္စကို ရှောင်လွှဲနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ ဝပ်ကျင်းကို ကြိုတင် မဖန်တီးနိုင်ခဲ့တာတွေဟာ အားနည်းချက်တွေလို့ဆိုရမှာပါ။
ဒီကောက်ချက်ကိုချတာဟာ ဘယ်သူကိုမှ ရည်ရွယ်တာမဟုတ်ပါဘူး။ အခြေအနေတခုကို မတူတဲ့ရှုထောင့်ကရော၊ တူတဲ့ရှုထောင့်ကပါ အမှန်အတိုင်း သုံးသပ်ကြည့်တာပါ။ ဘာလို့လဲဆိုရင် ရှစ်လေးလုံးပြီးကတည်းက အင်အားကောင်းတဲ့ လူထုတိုက်ပွဲဆိုလို့ ဒီရွှေဝါရောင်လှုပ်ရှားမှုဟာ ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် ဦးဇင်းတို့ရဲ့ ဒီမိုကရေစီပန်းတိုင်ဟာ ဘယ်မှာလဲလို့ မေးစရာ ဖြစ်လာ ပါလိမ့်မယ်။ ဒါကြောင့် နောက်တကြိမ်မှာ ဦးဇင်းတို့လှုပ်ရှားမှုဟာ အရင်းနည်းနိုင်သမျှနည်းပြီး အမြတ်များများ လိုချင်ပါတယ်။ ဒီအားနည်းချက်တွေကို နိုင်ရာနိုင်ရာ ဝိုင်းဝန်းဖြည့်ဆီး ကြမယ်ဆိုရင်ပန်းတိုင်ဟာလက်တကမ်းကိုရောက်လာမှာပါ။
အခုဆိုရင် သံဃာတော်တွေကို ဖမ်းဆီးထောင်ချထားတယ်။ သီလရှင် ဆရာကြီး ဆရာလေးတွေကိုလည်း ဒီလိုပဲ မတရားသဖြင့် ဖမ်းဆီးထောင်ချထားတယ်။ မဂ္ဂင်ကျောင်းတိုက်နှင့် သာသနသိပ္ပံကျောင်းတို့ကို ချိတ်ပိတ်ပစ်လိုက်သလိုမျိုး ကျောင်းတိုက် တော်တော်များများကို စာဝါတက်သံ တိတ်ဆိတ်သွားအောင် ပိတ်ဆို့ထားတယ်။ ဘာသာသာသနာကို ထွန်းကားပျံ့နှံ့အောင် စည်ပင်ဖွံ့ဖြိုးအောင် သာသနာပြုနေကြတဲ့၊ မြန်မာနိုင်ငံကို သာသနာပြုနိုင်လောက်တဲ့ အရပ်ဒေသဖြစ်သွားအောင် မေတ္တာပို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတော်များကို ရဟန်းအတုအယောင်များအဖြစ် ပုတ်ခတ်စော်ကားခဲ့တယ်။
သာသနာဆိုတာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အဆုံးအမ သြ၀ါဒများပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရရင် သစ္စာတရား သဘာဝအမှန်တရားဖြစ်ပါတယ်။ သတ္တ၀ါအများကို လမ်းကြောင်းမှန်အပေါ် တင်ပေးပြီး ဘ၀ရဲ့ပြဿနာ အခက်အခဲ အကြပ်အတည်းနှင့် ကိုယ်စိတ်ပင်ပန်းမှုမျိုးစုံတို့က လွတ်မြောက်စေတတ်၊ သက်သာရာ ကိုပေးတတ်တဲ့ မီးရှုးတဆောင်လည်းဖြစ်ပါတယ်။ ၄င်းမီးရူးတဆောင်ကြီးကို တွေ့ရှိသူဟာ ဗုဒ္ဓပင်ဖြစ်ပါတယ်။ အဲဒီ သစ္စဓမ္မတွေကို တွေ့ရှိ သိရှိပြီးဖြစ်လို့လည်း ဗုဒ္ဓ အမည်ရရှိတာ ဖြစ်ပါတယ်။ သစ္စဓမ္မကိုရှာဖွေတွေ့ရှိသူ မြတ်ဗုဒ္ဓရဲ့ ပြောဆို ဆုံးမ ချက်တွေ အယူအဆတွေ ၀ါဒတွေကို ဘာသာရယ်လို့ နာမည်ပေးပြီး ဗုဒ္ဓဘာသာလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီသစ္စဓမ္မတွေကို နားလည်သဘောပေါက်ပြီး ရတနာသုံးပါးကို အားထားကိုးကွယ်ရာအဖြစ် လက်ခံကျင့်သုံးနေကြသူတွေဟာဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်။
ဗုဒ္ဓဘာသာရယ်လို့ နာမည်တခုနဲ့ ရပ်တည်ပြီးနေလာခဲ့တာဟာ နှစ်ပေါင်း နှစ်ထောင်ငါးရာပင် ကျော်လွန်လို့ လာခဲ့ပါပြီ။ မြတ်ဗုဒ္ဓ မရှိတော့တဲ့နောက်ပိုင်း ရဟန်သံဃာ အစဉ်အဆက်က ကိုယ်တိုင်လည်း လေ့လာသင်ယူ ကျင့်သုံး ၊ တပည့်ဒကာ ဒကာမတွေကိုလည်း လမ်းညွှန်ချက်တွေပေးပြီး လေ့လာကျင့်သုံးစေ ၊ အတုံ့အပြန်အားဖြင့် ဒကာ ဒကာမတွေက ရဟန်သံဃာတွေကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ စသည်ဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အနေနဲ့ သာသနာတော်ကြီးကို ထိန်းသိမ်းခဲ့ကြလို့ ယနေ့ထိ သာသနာတော်ကြီးဟာ တည်တန့်နေနိုင်တာလည်းဖြစ်ပါတယ်။ ဆရာ ဒကာဆက်ဆံရေးမှာ တဖက်ဖက်က အားနည်းချက်တွေ ချွတ်ယွင်းချက်တွေနဲ့ရင်ဆိုင်နေရပါက ဗုဒ္ဓသာသနာဟာ ရေရှည်တည်တံ့နိုင်မည်မဟုတ်ပါ။ ဒါကြောင့်နှစ်ဘက်လုံးမှာရှိသင့်တဲ့စွမ်းအင်အရည်အသွေးတွေပြည့်ဝဖို့လိုအပ်ပါတယ်။
နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်အထိ ဗုဒ္ဓသာသနာတော်ကြီးဟာ ရပ်တည်နိုင်ခဲ့တယ် ဆိုရပေမဲ့ ချီတက်ခဲ့ရတဲ့ လမ်းကြောင်းဟာ အခါခပ်သိမ်း သာယာ ဖြောင့်ဖြူးခဲ့တာတော့ မဟုတ်ပါဘူး။ အကြပ်အတည်း အခက်အခဲမျိုးစုံတွေနဲ့ ရင်ဆိုင် ကြုံတွေ့ခံစားခဲ့ ရတာမျိုးတွေလည်းရှိခဲ့ပါတယ်။ တကယ်တော့ ဗုဒ္ဓ၀ါဒဟာ အိန္ဒိယမြေပေါ်မှာ ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။ ယနေ့တော့ သာသနာ့အလင်းရောင်ဟာ အဲဒီမြေပေါ်မှာ မှေးမှိန်သွားခဲ့ရပါပြီ။ အသောကမင်းကြီးနှင့် သူရဲ့မြေးတော်တွေ အစဉ်အဆက်ထိအိန္ဒိယမြေပေါ်မှာသင်္ကန်းအရောင်တွေ တောက်ပနိုင်ခဲ့ပေမဲ့ ဗြဟ္မဏနွယ်ဝင် သုင်္ဂမင်းများလက်ထက်မှာတော့ ဗုဒ္ဓသာသနာ့အရာင်အလင်းတွေဟာ ၄င်းမြေပေါ်က ပြောက်ကွယ်စပြုလာပါတော့တယ်။ သုင်္ဂခေတ် ဗြဟ္မဏပုဏ္ဏားတို့ရဲ့ လက်ထက်မှာ ဘုန်းကြီးခေါင်းတစ်လုံး ဖြတ်ယူဆက်သနိုင်ပါက ဆုတော်ငွေ-၁၀၀၀ ပေးမည်ဟု ကြေငြာလေရာ ဗုဒ္ဓဘာသာရဟန်းမှန်သမျှ တိုင်းပြည်ရဲ့အစွန်အဖျားတွေကို ထွက်ပြေး တိမ်းရှောင်ကြရပါတော့တယ်။ နောက်ပိုင်းတက်လာတဲ့ မင်းအစဉ်အဆက်ဟာ သာသနာ့ အဆောက်အဦးတွေ ကျောင်းကန်ဘုရားတွေကို လုယက်ဖျက်ဆီး ရဟန်းသံဃာတော်တွေကို သတ်ဖြတ်စသည်ဖြင့် နှိမ်နင်းရာက သာသနာအလင်းရောင်ဟာ အိန္ဒိယမြေပေါ်ကနေ ပြောက်ကွယ်သွားသည်အထိ ဖြစ်ခဲ့ရပါတော့တယ်။ အဲဒီလိုဆိုရင် သာသနာတခု အရှည်တည်တန့်ရေးအတွက် အုပ်ချုပ်သူများရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါတယ်ဆိုတာကိုသိသာနိုင်ပါတယ်။
ဆက်လက်ဖော်ပြပေးပါမည်။
စက်တင်ဘာထာဝရ
No comments:
Post a Comment