Thursday, March 24, 2011

လူတယောက်ဟာ မြစ်တခုထဲကို နှစ်ကြိမ်ခုန်ဆင်းလို့ မရဘူး”

အရှင်ထာဝရ နှင့် ပြန်ကြားရေးတာဝန်ခံ အရှင်နေမိန္ဒ
သမိုင်းဝင် ဓာတ်ပုံ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း အရှင်ဦးထာဝရ ရှေ့ဆုံး(ဝဲ)

ရွှေဝါရောင် ဦးဆောင် သံဃာတော်များ အရှင်ထာဝရ၊ ဦးဃောသိတ၊ ဦးနေမိန္ဒ

၂၀၀၇ စက်တင်ဘာ ၂၂ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ရောက် အရှင်ထာဝရနှင့် အဖွဲ့

                 အမျိုးသားရေးဦးဝင်းနိုင် နှင့် အရှင်ထာဝရ

လူတယောက်ဟာ မြစ်တခုထဲကို နှစ်ကြိမ်ခုန်ဆင်းလို့ မရဘူး” တဲ့။ တရုတ်ပညာရှိကြီးတပါး ပြောခဲ့တာပါ။ သူပြောတာ သိပ်မှန်ပါတယ်။ အချိန်ကာလဟာ မြစ်တစင်းလို မရပ်မနား စီးဆင်းနေချိန်မှာပဲ လူသားဘ၀တွေကလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပါတော့တယ်။

ဘယ်လိုပြောင်းလဲနေသလဲဆိုတော့ မနေ့က အရှင်ထာဝရနဲ့ ဒီနေ့ အရှင်ထာဝရ မတူတော့သလိုပဲပေါ့။ တရက်ကြာတာနဲ့ သေဖို့ တရက် နီးကပ်သွားပြီ။ ဒီလောကမှာနေဖို့ သက်တမ်းတရက် လျော့သွားပြီဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ ပြောင်းလဲမှုပဲလေ။


ဒီလို နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ အနိစ္စလောကကြီးမှာ တရားသံဝေဂ ရမိတာတခုက လူတွေဟာ ငါ ငါ ငါ ဆိုတဲ့ အတ္တစွဲတွေနဲ့ ငါ တကောကောနေကြတာ၊ သူတို့ရဲ့ စိတ်ဓာတ်တွေက အလွန်အဖိုးတန်တဲ့ သီလတွေကို ဖျက်ဆီးပစ်နေတာကို မြင်တွေ့မိတော့ လူတွေရဲ့ အတ္တမာနတွေက လူတွေကို ဒေါသ၊ လောဘ၊ မောဟတွေ ပိုတိုးပွားစေပြီး စိတ်သောက ရောက်စေတာပါပဲ။ ဦးဇင်းတို့ စိတ်ဓာတ်တွေက ကိုယ်ရဲ့ သီလကို ဖျက်ဆီးပစ်နေတာကိုကြည့်ပြီး လူသားတွေရဲ့ လောဘတရားကို ငြိမ်းသတ်ဖို့ရာအတွက် လူတိုင်းလူတိုင်း ကိုယ်ကျင့်တရားတွေကို ထိန်းသိမ်းဖို့ရာ အရေးကြီးပါတယ်။

နိုင်ငံအလိုက်၊ ဒေသအလိုက် လူနေမူများစွာထဲက ကိုယ်ကျင့်တရားက အရေးကြီးပေမယ့် ဒီနေ့ကမ္ဘာကြီးထဲက လူသားတွေက မထိန်းသိမ်းကြတာ ရှေ့ကပညာရှိ သူတော်စင် မိဘ၊ ဆရာသမားတွေကို စော်ကားရာ ရောက်နေပါတယ်။

ဘ၀ဆိုတာ ပုံသေကားချပ် တွက်လို့မရတဲ့ ကိစ္စတခုပါ။ အဲဒါကိုပဲ လူသားတွေက အတ္တမာနတွေ လောဘ၊ ဒေါသ၊ မောဟ တရားတွေနဲ့ ငါဆိုတဲ့ ကိစ္စဟာ မိမိနှလုံးသားကို ကိုယ်တိုင် မီးတိုက်နေတာ မသိကြတဲ့ ဘ၀ကို သနားမိပါတယ်။

အရာဝထ္ထုတခုက ဘယ်လိုပြောင်းလဲနေတယ်ဆိုတာကို အားလုံးသော သတ္တ၀ါတွေ မသိကြပေမယ့် သဘာဝအန္တရာယ်ကို ကြိုတင်သိနိုင်တဲ့ တိစ္ဆာန်တွေတော့ ရှိကြပါတယ်။

ဒိန်းမတ်နိုင်ငံကို ရောက်ပြီးတဲ့ အချိန်မှာ ဦးဇင်းဘ၀အတွက် နောင်တဆိုတာ ရှိလာခဲ့ပါတယ်။ ဘယ်နိုင်ငံမဆို အဓိကတော့ ဘာသာစကားပါပဲ။ လူတိုင်းက ကိုယ်ရဲ့ မိခင်ဘာသာစကားကို ပြောကြတာကိုး။ ဒီမှာလည်း သူ့မိခင်ဘာသာစကားကို ပြောကြတယ်။ မြန်မာဆိုတာ သိတဲ့အတိုင်းပဲ ငပိလေသံနဲ့ မတောက်တခေါက် အင်္ဂလိပ်စကားကိုပဲပြောပြီး၊ ရပ်တည်နေရတာ စိတ်အရမ်းပင်ပန်းရပါတယ်။ ဦးဇင်းတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ပြည်ပရောက် မြန်မာနိုင်ငံသားတိုင်း တွေကြုံရတဲ့ ကိစ္စပါပဲ။ မြန်မာပြည်မှာတော့ ဘုန်းကြီး အင်္ဂလိပ်စာသင်ရင် လူထွက်မယ့်ဘုန်းကြီး၊ လောကီဘုန်းကြီးလို့ ပြောကြဆိုကြတာ စုံနေတာပါပဲ။ ဒီနေ့ ခေတ်ကလာမှာ ဘုန်းကြီးတိုင်း မြန်မာပြည်ရဲ့ လူငယ်တိုင်း ကိုယ့်မိခင်ဘာသာစကားတင် မဟုတ်ဘဲ အင်္ဂလိပ်စာကိုပါ တတ်အောင် သင်ရမယ်။ မြန်မာပြည်ရဲ့ ဘုန်းတော်ကြီး ပညာရေးတွေမှာ အင်္ဂလိပ်စာကို ဘာသာတခုအနေနဲ့ ပြဋ္ဌာန်းပြီး၊ ဘုန်းကြီးတွေကို သင်ကြားနိုင်မယ်ဆိုရင် လာမယ့် မျိုးဆက်တခုမှာ မြန်မာပြည်ရဲ့ သာသနာဟာ ကမ္ဘာနဲ့ ရင်းနှီးမှု ရှိလာမယ်လို့ ယုံကြည်ပါတယ်။

ဒီနေ့ ခေတ်ကာလမှာ မြန်မာပြည်မှာ သံဃာတော်တွေ ပြည်ပနိုင်ငံတွေကို သာသနာပြုခရီး ထွက်နေကြသလို၊ စာပေသင်ကြားရေး အတွက်လည်း အိမ်နီးချင်းနိုင်ငံတွေမှာ ပညာသင်ကြားနေကြတာကို ကြားသိရ၊ တွေမြင်ရတော့ သာသနာအတွက် ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ဦးဇင်းတုန်းက အခုလို အခွင့်ရေးမျိုး မရရှိခဲ့ပါဘူး။ အခုဆိုရင် အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ စတဲ့ နိုင်ငံတွေမှာ ပညာသင် ရဟန်းတော်တွေ အများကြီး တွေ့နေရပါပြီ။

တဖက်ကလည်း သာသနာအတွက် ကောင်းသလို၊ ပြည်ပရောက် သံဃာတွေအကြား အသံမျိုးစုံ ကြားနေရတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ နိုင်ငံရေးဘုန်းကြီး နအဖ ဘုန်းကြီးဆိုပြီး၊ ၀ိဝါဒကွဲလွဲမှုတွေ ရှိနေပြန်ပါတယ်။ မြတ်စွာဘုရားကတော့ ညီညွတ်ရင် ချမ်းသာစမြဲပါပဲတဲ့။ သံဃာအချင်းချင်း ညီညွတ်နေတာကို သွေးခွဲတဲ့ ဒကာ၊ ဒါယိကာမတွေ ရှိနေပြန်တော့ သံဃာတွေအကြားမှာလည်း ဒကာ၊ ဒါယိကာမ စကားကို နားထောင်တဲ့ သံဃာတွေဟာ ကိုယ်ရဲ့ အကျိုးစီးပွားအတွက်ကို ကြည့်ပြီး ကိုယ်နဲ့ အဆင်မပြေရင် ငါ့ကျောင်းမှာ မနေရဘူးဆိုတဲ့ ကိစ္စတွေက ရှိပြန်ပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံမှာ ဘုန်းကြီးတွေကို အတင်အဓမ္မ ဖမ်းဆီးပြီး၊ လူဝတ်လဲ ထောင်ချတာတွေကို ကြားလိုက်ရတော့ ဦးဇင်း မြန်မာသံဃာတော်တွေ၊ ဆရာတော်ကြီးတွေက ဘာပြောကြမလဲ နားထောင်နေပေမယ့် အခုချိန်အထိ ဘာမှမပြောကြတော့ မြန်မာသံဃာတော်တွေအတွက် ရင်လေးမိပါတယ်။ ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံပါလို့ ပြောနေပေမယ့် အခုလို သာသနာအတွင်းက သံဃာတော်တွေကို လူဝတ်လဲ ထောင်ချတာဟာ ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဘာသာကို မေးခွန်းထုတ်စရာ ရှိလာပါပြီ။

အလျင်းသင့်လို့ ဒီနေရာမှာ ဦးဇင်း ပြောချင်တာက ပြည်ပရောက်သူတွေ အများစုက တော်လှန်ရေးပါလို့ အော်နေပေမယ့် အများစုကတော့ ကိုယ့်ဘ၀ ရပ်တည်းရေးကိုပဲ ဦးစားပေး လုပ်ဆောင်နေကြတာပါ။ နိုင်ငံရေးလုပ်တယ်ဆိုပြီး၊ နောက်ကွယ်ရာကနေ့ သူများတွေကို တိုက်ခိုက်နေတာကတော့ သိပ်မကောင်းပါဘူး။ တချို့ဘုန်းကြီးတွေကလည်း ကိုယ်တော့ မလုပ်နိုင်ဘူး၊ သူများလုပ်တာကို လိုက်ပြီး ဖျက်ဆီးနေတာပါပဲ။ အမှန်တရားဆိုတာကို ဘယ်သူကမှ ဖုံးထားလို့ မရပါဘူး။ ကိုယ်နဲ့ အဆင်မပြေရင် ဂျောင်းဆိုတဲ့အတိုင်း လုပ်နေတာကတော့ သိပ်မကောင်းပါဘူး။ သံဃာဆိုတာ ဒကာ၊ ဒါယိကာမတွေကို တရားပြရမယ့်သူတွေပါ။ အခုတော့ သံဃာတွေက ဒကာ၊ ဒါယိကာမတွေစကား နားထောင်ပြီး၊ ဒကာ၊ ဒါယိကာမတွေအကြိုက် လုပ်ပးနေတာကတော့ ဘုရားသာသနာနဲ့ မသက်ဆိုင်ပါဘူးလို့ ထင်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးနောက် သံဃာတွေအချင်းချင်းအကြားမှာ သာသနာဖျက် ဒကာ၊ ဒါယိကာမတွေကြောင့် သံဃာအချင်းချင်း သွေးခွဲကြတယ်ဆိုတာ ဘုရားသာသနာနဲ့ မအပ်စပ်တဲ့ အသံတွေပါပဲ။ သံဃာတွေညီညွတ်ရင် ချမ်းသာစမြဲပါပဲတဲ့။ အခုတော့ စစ်အုပ်စုနည်းတူ သံဃာတွေကို နောက်ကွယ်ရာကနေ ကြိုးကိုင်ခိုင်းနေသူတွေကြောင့် သံဃာတော်တွေအကြား ကွဲပြားမှုတွေက ကြီးထွားလာပါနေပါပြီ။ ဒါကြောင့် နောက်ကွယ်ရာကနေ သာသနာကို ဖျက်ဆီးနေတဲ့ ဒကာ၊ ဒါယိကာမတွေကို သတိပေးချင်တာက သံဃာဘေဒက ကံမထိုက်ဖို့ရာအတွက် သံဃာကိစ္စတွေမှာ မပါဝင်ကြပါနဲ့လို့ သတိပေးချင်ပါတယ်။

မြန်မာသံဃာတော်တွေအပေါ် အခု ၀ိနည်းဥပဒေနဲ့မညီ လုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံ အစိုးရရဲ့ လုပ်ရပ်ကို ၀ိုင်းဝန်းကန့်ကွက်ရှုတ်ချပေးပါ။

ထိုင်းအစိုးရရဲ့ သံဃာတော်တွေအပေါ် အခုလို ပြုမှုဆောင်ရွက်ချက်တွေကို ထိုင်းနိုင်ငံရှိ သံဃာအဖွဲ့အစည်းတွေက အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

နိုင်ငံတကာရောက် သံဃာအဖွဲ့အစည်းတွေကလည်း ထိုင်းအစိုးရရဲ့ အခုလို ပြုမူဆောင်ချက်တွေကို ရပ်တန့်ပေးဖို့ တောင်းဆိုပေးကြပါလို့ နိုင်ငံတကာရောက် အဖွဲ့အစည်းတွေကို တိုက်တွန်းအပ်ပါတယ်။

No comments:

Post a Comment